ယောရှု ၉:၁-၂၇
၉ ဂျော်ဒန်မြစ် အနောက်ဘက်က+ တောင်တန်းဒေသ၊ ရှဖိလာအရပ်၊ ပင်လယ်ကြီး* ကမ်းရိုးတန်းတစ်လျှောက်၊+ လက်ဘနွန်ပြည် အရှေ့ဘက်မှာနေတဲ့ ဟိတ္တိ၊ အာမောရိ၊ ခါနန်၊ ဖေရဇိ၊ ဟိဝိနဲ့ ယေဗုသိလူမျိုးတို့ရဲ့ ဘုရင်အားလုံးက+ အဲဒီသတင်းကို ကြားတဲ့အခါ၊
၂ ယောရှုနဲ့ အစ္စရေးတွေကို တိုက်ခိုက်ဖို့ မဟာမိတ်ဖွဲ့ကြတယ်။+
၃ ဂိဗောင်မြို့သားတွေက+ ယေရိခေါမြို့နဲ့+ အာအိမြို့ကို+ ယောရှု ဘယ်လိုချေမှုန်းခဲ့တယ်ဆိုတဲ့ သတင်းကို ကြားတော့၊
၄ အမြော်အမြင်ရှိရှိ လုပ်ဆောင်ကြတယ်။ အစာရေစာတွေကို ဟောင်းနွမ်းတဲ့အိတ်တွေ၊ ပေါက်ပြဲလို့ ဖာထားတဲ့ သားရေဘူးတွေထဲ ထည့်ပြီး မြည်းတွေပေါ် တင်လာတယ်။
၅ ဟောင်းနွမ်းတဲ့ ဖိနပ်တွေကို စီးလာပြီး စုတ်ပြဲနေတဲ့အဝတ်တွေ ဝတ်လာကြတယ်။ ရိက္ခာမုန့်တွေလည်း ခြောက်ကပ်ပြီး ကျိုးကြေနေတယ်။
၆ ဂိလဂါလအရပ်မှာ စခန်းချနေတဲ့ ယောရှုဆီ ရောက်လာပြီး+ “ခင်ဗျားတို့နဲ့ မဟာမိတ်ဖွဲ့ချင်လို့ အခုလို ရပ်ဝေးကနေ လာကြတာပါ” လို့ ယောရှုနဲ့ အစ္စရေးတွေကို ပြောတယ်။
၇ အစ္စရေးတွေက “ခင်ဗျားတို့ ဒီအနီးဝန်းကျင်မှာ နေတာလည်း ဖြစ်နိုင်တာပဲ။ ခင်ဗျားတို့နဲ့ မဟာမိတ်မဖွဲ့နိုင်ဘူး”+ ဆိုပြီး အဲဒီဟိဝိလူတွေကို+ ပြောပေမဲ့၊
၈ သူတို့က “ခင်ဗျားတို့ဆီမှာ ကျွန်ခံပါ့မယ်” လို့ ယောရှုကို ပြန်ပြောတယ်။
ယောရှုက “ခင်ဗျားတို့ ဘယ်သူတွေလဲ။ ဘယ်က လာကြတာလဲ” လို့မေးတော့၊
၉ သူတို့က “ခင်ဗျားတို့ရဲ့ဘုရားသခင် ယေဟောဝါရဲ့နာမည်ကိုကြားပြီး ရပ်ဝေးကနေ လာကြတာပါ။+ အဲဒီဘုရားရဲ့ ဂုဏ်သတင်းကို ကြားပါတယ်။ အဲဒီဘုရားက အီဂျစ်ပြည်ကို ဘယ်လို ဒဏ်ခတ်ခဲ့မှန်း၊+
၁၀ ဂျော်ဒန်မြစ်အရှေ့ဘက်က အာမောရိဘုရင်နှစ်ပါးဖြစ်တဲ့ ဟေရှဘုန်ဘုရင် ရှိဟုန်နဲ့+ အာရှတရုတ်မြို့က ဗာရှန်ဘုရင် ဩဂတ်ကို+ ဘယ်လိုဒဏ်ခတ်ခဲ့မှန်း ကျွန်တော်တို့ ကြားပါတယ်။
၁၁ ဒါကြောင့် ကျွန်တော်တို့ရဲ့ အကြီးအကဲတွေနဲ့ မြို့သူမြို့သားတွေက ‘လမ်းခရီးမှာ စားဖို့ ရိက္ခာတွေယူပြီး သူတို့ကို သွားတွေ့ကြ။ ပြီးတော့ “ကျွန်တော်တို့နဲ့ မဟာမိတ်ဖွဲ့ပါ။+ ကျွန်ခံပါ့မယ်”+ လို့ပြောကြ’ ဆိုပြီး မှာလိုက်ပါတယ်။
၁၂ ဒီကို ထွက်လာတဲ့နေ့တုန်းက ဒီရိက္ခာမုန့်တွေ ပူပူနွေးနွေးလေးပါ။ အခု ကြည့်ပါဦး၊ ခြောက်ကပ်ပြီး ကျိုးကြေကုန်ပြီ။+
၁၃ ဒီသားရေဘူးတွေကလည်း စပျစ်ဝိုင် ဖြည့်တုန်းက အသစ်ပါ။ အခုတော့ ပေါက်ပြဲကုန်ပြီ။+ အဝတ်တွေ၊ ဖိနပ်တွေလည်း ခရီးဝေးလွန်းလို့ ဟောင်းနွမ်းကုန်ပါပြီ” လို့ ဖြေတယ်။
၁၄ အဲဒီအခါ အစ္စရေးတွေက မုန့်တချို့ကိုယူပြီး စစ်ဆေးကြည့်တယ်။ ယေဟောဝါကိုတော့ မမေးမိကြဘူး။+
၁၅ ယောရှုက သူတို့ကို အသက်ချမ်းသာပေးမယ်လို့ ကတိပေးပြီး မဟာမိတ်ဖွဲ့လိုက်တယ်။+ အစ္စရေးခေါင်းဆောင်တွေကလည်း အဲဒီအတိုင်းပဲ သစ္စာဆိုကြတယ်။+
၁၆ မဟာမိတ်ဖွဲ့ပြီးနောက် သုံးရက်ကြာတော့ အဲဒီလူတွေဟာ အနီးဝန်းကျင်မှာပဲ နေထိုင်မှန်း အစ္စရေးတွေ သိသွားတယ်။
၁၇ ဒါနဲ့ ခရီးထွက်လာပြီး သုံးရက်မြောက်နေ့မှာ အဲဒီလူတွေနေထိုင်တဲ့ ဂိဗောင်၊+ ခေဖိရာ၊ ဗေရုတ်၊ ကိရယတ် ယာရိမ်မြို့တွေဆီ+ ရောက်လာတယ်။
၁၈ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ခေါင်းဆောင်တွေ သစ္စာဆိုထားတဲ့အတွက်+ အစ္စရေးတွေက သူတို့ကို မတိုက်ကြဘူး။ ဒါပေမဲ့ ခေါင်းဆောင်တွေကို ပြစ်တင်ညည်းညူလာကြတယ်။
၁၉ ခေါင်းဆောင်တွေကလည်း “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး သစ္စာဆိုထားတဲ့အတွက် သူတို့ဒုက္ခရောက်အောင် လုပ်လို့ မဖြစ်ဘူး။
၂၀ သစ္စာဆိုထားပြီးပြီဆိုတော့ သူတို့ကို အသက်ချမ်းသာပေးမှ ဖြစ်မယ်။ အဲဒီလိုမလုပ်ရင် ကျွန်တော်တို့ကို ဘုရားသခင် အမျက်ထွက်မယ်။+
၂၁ သူတို့ကို အသက်ချမ်းသာပေးလိုက်ပေမဲ့ အစ္စရေးတွေအတွက် ထင်းခွေ ရေခပ်တဲ့အလုပ်တွေ လုပ်ခိုင်းမယ်” လို့ပြောတယ်။ ဒါဟာ ဂိဗောင်မြို့သားတွေကို ခေါင်းဆောင်တွေ ကတိပေးခဲ့တဲ့အတိုင်းပါပဲ။
၂၂ ယောရှုက ဂိဗောင်မြို့သားတွေကို ခေါ်ပြီး “ခင်ဗျားတို့က အနီးဝန်းကျင်မှာ နေလျက်နဲ့ ‘ရပ်ဝေးကနေ လာကြတာပါ’ ဆိုပြီး ကျွန်တော်တို့ကို ဘာလို့လှည့်စားတာလဲ။+
၂၃ အခုချိန်ကစပြီး ခင်ဗျားတို့ ကျိန်စာသင့်ပြီ။+ ဘုရားသခင်ရဲ့ အိမ်တော်အတွက် ထင်းခွေရေခပ်တဲ့အလုပ် လုပ်ပြီး အမြဲကျွန်ခံရမယ်” လို့ပြောတယ်။
၂၄ သူတို့က “ယေဟောဝါဘုရားက ခင်ဗျားတို့ကို ဒီတစ်ပြည်လုံး ပေးဖို့၊ ဒီပြည်သူပြည်သားအားလုံးကို ခင်ဗျားတို့ရှေ့ကနေ ဖျက်ဆီးပစ်ဖို့ ဘုရားရဲ့ကျွန် မောရှေကို မိန့်မှာခဲ့တဲ့အကြောင်း ကျွန်တော်တို့ ကြားသိရတဲ့အခါ+ အသက်ဆုံးမှာ ကြောက်လို့+ အခုလို လုပ်ရတာပါ။+
၂၅ အခု ကျွန်တော်တို့ဟာ ခင်ဗျားတို့လက်ထဲမှာ ရှိပါတယ်။ ကောင်းမယ်၊ သင့်တော်မယ်လို့ ထင်တဲ့အတိုင်းသာ လုပ်ပါ” လို့ပြောကြတယ်။
၂၆ ယောရှုက သူတို့ကို အစ္စရေးတွေလက်ထဲကနေ ကယ်လိုက်တဲ့အတွက် သူတို့ကို အစ္စရေးတွေ မသတ်တော့ဘူး။
၂၇ ဒါပေမဲ့ ယောရှုက အဲဒီနေ့ကစပြီး သူတို့ကို အစ္စရေးတွေအတွက်၊ ယေဟောဝါ ရွေးချယ်တဲ့နေရာမှာ+ တည်ထားတဲ့ ပူဇော်ရာပလ္လင်အတွက် ထင်းခွေရေခပ်တဲ့ အလုပ်တွေ လုပ်ခိုင်းတယ်။+ အခုချိန်ထိ သူတို့ အဲဒီအလုပ် လုပ်နေတုန်းပဲ။+
အောက်ခြေမှတ်ချက်များ
^ မြေထဲပင်လယ်။