ယောလ ၁:၁-၂၀
၁ ပေသွေလရဲ့သား ယောလ* ဆင့်ဆိုတဲ့ ယေဟောဝါရဲ့စကား–
၂ “အကြီးအကဲတို့၊ နားထောင်ကြ။
ပြည်သူပြည်သားအပေါင်းတို့၊ အာရုံစိုက်ကြ။
ခင်ဗျားတို့လက်ထက် ဒါမှမဟုတ် ဘိုးဘေးတွေလက်ထက်မှာ ဒီလိုဖြစ်ပျက်ဖူးသလား။+
၃ ဒီအကြောင်းကို ခင်ဗျားတို့ရဲ့သားတွေကို ပြောပြပါ။
သူတို့က ကိုယ့်သားတွေကို၊အဲဒီသားတွေကလည်း နောက်မျိုးဆက်ကို ပြောပြပါစေ။
၄ ဝါးမျိုကျိုင်းကောင်စားပြီး ကျန်တာကို အုံဖွဲ့ကျိုင်းတွေ စားပစ်တယ်။+
အုံဖွဲ့ကျိုင်းတွေစားပြီး ကျန်တာကို ကျိုင်းကောင်ပေါက်တွေ စားပစ်တယ်။
ကျိုင်းကောင်ပေါက်တွေစားပြီး ကျန်တာကို အဖျက်ကျိုင်းတွေ စားပစ်တယ်။+
၅ ယစ်ထုတ်ကြီးတို့၊+ နိုးထပြီး ငိုကြွေးကြ။
စပျစ်ဝိုင်သောက်သူအပေါင်းတို့၊ချိုမြတဲ့စပျစ်ဝိုင် ပြတ်လပ်သွားပြီဖြစ်လို့ မြည်တမ်းကြ။+
၆ ခွန်အားကြီးပြီး မရေတွက်နိုင်အောင်များတဲ့ လူမျိုးတစ်မျိုးဟာ ငါ့ပြည်ကို တက်လာပြီ။+
သူ့မှာ ခြင်္သေ့သွား၊+ ခြင်္သေ့မေးရိုး ရှိတယ်။
၇ ငါ့စပျစ်ပင်ကို သူ ဖျက်ဆီးပစ်တယ်။ ငါ့သဖန်းပင်ကို သစ်ငုတ်တို ဖြစ်စေတယ်။
သစ်ခေါက်တွေကို ခွာပြီး လွှင့်ပစ်တဲ့အတွက်
အကိုင်းအခက်တွေမှာ သစ်ခေါက်တွေ မရှိတော့ဘူး။
၈ ပျိုရွယ်ချိန်မှာ စေ့စပ်ထားတဲ့ ခင်ပွန်းလောင်း ဆုံးရှုံးသွားလို့
အထည်ကြမ်း* ဝတ်ထားတဲ့ အပျိုစင်လို ငိုကြွေးမြည်တမ်းပါ။
၉ ယေဟောဝါရဲ့ အိမ်တော်မှာ ကောက်နှံအလှူ၊+ သွန်းလောင်းရာအလှူတွေ+ ပြတ်လပ်သွားလို့
ယေဟောဝါအတွက် အမှုဆောင်တဲ့ ပုရောဟိတ်တွေ ညည်းတွားငိုကြွေးနေတယ်။
၁၀ လယ်မြေတွေ ဖျက်ဆီးခံရလို့ မြေကြီးဟာ ညည်းတွားငိုကြွေးနေတယ်။+
ကောက်နှံတွေ ပျက်စီးသွားပြီ။ စပျစ်ဝိုင်သစ်တွေ၊ ဆီတွေလည်း ပြတ်လပ်ကုန်ပြီ။+
၁၁ ဂျုံနဲ့ မုယောစပါးတွေ၊ ရိတ်သိမ်းမယ့်သီးနှံတွေ ပျက်စီးသွားလို့
လယ်သမားတွေ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ပြီ။
စပျစ်ခြံလုပ်သားတွေ ငိုကြွေးမြည်တမ်းကုန်ပြီ။
၁၂ စပျစ်ပင် ခြောက်သွေ့သွားပြီ။
သဖန်းပင် ညှိုးနွမ်းသွားပြီ။
သလဲပင်၊ စွန်ပလွံပင်၊ ပန်းသီးပင်နဲ့
တောသစ်ပင်အားလုံး ခြောက်သွေ့ကုန်ပြီ။+
လူတွေရဲ့ ရွှင်လန်းခြင်းဟာ အရှက်ကွဲခြင်း ဖြစ်သွားပြီ။
၁၃ ပုရောဟိတ်တို့၊ အထည်ကြမ်းဝတ်ပြီး ညည်းတွားငိုကြွေးကြ။
ပူဇော်ရာပလ္လင်မှာ အမှုဆောင်သူတို့၊+ မြည်တမ်းကြ။
ဘုရားသခင်အတွက် အမှုဆောင်သူတို့၊ ဝင်လာကြ။ တစ်ညလုံး အထည်ကြမ်း ဝတ်ထားကြ။
ဘုရားသခင့်အိမ်တော်မှာ ကောက်နှံအလှူတွေ၊+ သွန်းလောင်းရာအလှူတွေ+ ပြတ်လပ်သွားပြီ။
၁၄ အစာရှောင်ချိန်ကို ကြေညာလိုက်ပါ။ အထူးစည်းဝေးပွဲတက်ဖို့ ခေါ်လိုက်ပါ။+
အကြီးအကဲတွေ၊ ပြည်သူပြည်သားတွေကို ယေဟောဝါဘုရားရဲ့ အိမ်တော်မှာ စုဝေးခိုင်းပါ။+
ယေဟောဝါဆီမှာ အော်ဟစ်အကူအညီ တောင်းကြပါ။
၁၅ အဲဒီနေ့ကြောင့် အဖြစ်ဆိုးကြုံရလိမ့်မယ်။
ယေဟောဝါရဲ့နေ့ နီးနေပြီ။+
အဲဒီနေ့ဟာ အနန္တတန်ခိုးရှင်ရဲ့ ဖျက်ဆီးခြင်းဘေးလို ရောက်လာလိမ့်မယ်။
၁၆ ငါတို့မျက်စိရှေ့မှာတင် အစာရေစာ ပြတ်လပ်သွားပြီ မဟုတ်လား။
ဘုရားသခင့် အိမ်တော်မှာ ဝမ်းမြောက်ခြင်းနဲ့ ရွှင်လန်းခြင်း မရှိတော့ဘူး မဟုတ်လား။
၁၇ မျိုးစေ့တွေက* ဂေါ်ပြားအောက်မှာ ရှုံ့တွကုန်ပြီ။
သိုလှောင်ရုံတွေ ပျက်စီးကုန်ပြီ။
ကောက်နှံတွေ မအောင်တဲ့အတွက် စပါးကျီတွေ ပြိုပျက်ကုန်ပြီ။
၁၈ ခြံမွေးတိရစ္ဆာန်တွေတောင် ညည်းတွားနေရပြီ။
စားကျက်မရှိတော့လို့ နွားအုပ်တွေ လျှောက်သွားနေရတယ်။
သိုးအုပ်တွေလည်း ပြစ်ဒဏ်ခံနေရတယ်။
၁၉ အို ယေဟောဝါ၊ ကိုယ်တော့်ကို ကျွန်တော် အော်ခေါ်ပါ့မယ်။+
တောကန္တာရထဲက စားကျက်တွေ မီးလောင်သွားလို့ပါ။
တောသစ်ပင်တွေကိုလည်း မီးလျှံတွေ ဝါးမျိုလိုက်လို့ပါ။
၂၀ စမ်းချောင်းတွေ ခန်းခြောက်ပြီး
တောကန္တာရထဲက စားကျက်တွေ မီးလောင်သွားလို့
သားရဲတွေတောင် ကိုယ်တော့်ကို တမ်းတနေရပြီ။”