ယောဟန် ၁၆:၁-၃၃
၁၆ “ဒါတွေပြောနေတာဟာ ခင်ဗျားတို့ ကျွန်တော့်ကို မစွန့်ခွာသွားအောင်လို့ပါ။
၂ လူတွေက ခင်ဗျားတို့ကို တရားဇရပ်ကနေ မောင်းထုတ်လိမ့်မယ်။+ ခင်ဗျားတို့ကို သတ်ဖြတ်တာဟာ+ ဘုရားအတွက် အမှုဆောင်နေတာလို့ ထင်မှတ်တဲ့အချိန် ရောက်လာလိမ့်မယ်။
၃ သူတို့က အဖဘုရားကိုရော ကျွန်တော့်ကိုပါ မသိတဲ့အတွက် အဲဒီလိုလုပ်ကြတာ။+
၄ ကျွန်တော် ဒါတွေပြောနေတာအကြောင်းရှိတယ်။ ပြောတဲ့အတိုင်း ဖြစ်လာတဲ့အခါ ကျွန်တော် ဒါတွေပြောခဲ့မှန်း ခင်ဗျားတို့ ပြန်သတိရအောင်လို့ပါ။+
“အစကတည်းက ဒါတွေမပြောပြခဲ့တာ ခင်ဗျားတို့နဲ့အတူ ကျွန်တော် ရှိနေသေးလို့ပဲ။
၅ အခုတော့ စေလွှတ်တဲ့အရှင်ဆီ ကျွန်တော် သွားတော့မယ်။+ ဒါပေမဲ့ ‘ဘယ်ကို သွားမှာလဲ’ လို့ ခင်ဗျားတို့ တစ်ယောက်မှ မမေးကြဘူး။
၆ ဒါတွေကို ကျွန်တော်ပြောပြတော့ ခင်ဗျားတို့ သိပ်ဝမ်းနည်းသွားတယ်။+
၇ ကျွန်တော် အမှန်အတိုင်းပြောမယ်။ ကျွန်တော်သွားတာ ခင်ဗျားတို့ အကျိုးအတွက်ပါ။ ကျွန်တော် မသွားရင် ကူညီသူက*+ ခင်ဗျားတို့ဆီ ရောက်လာမှာ မဟုတ်ဘူး။ ကျွန်တော်သွားမှ သူ့ကို ခင်ဗျားတို့ဆီ လွှတ်လို့ရမှာ။
၈ သူရောက်လာတဲ့အခါ ပြစ်မှားခြင်းအကြောင်း၊ ဖြောင့်မတ်ခြင်းအကြောင်း၊ တရားစီရင်ခြင်းအကြောင်း ဒီလောကကို ရှင်းရှင်းလင်းလင်း ဖော်ပြလိမ့်မယ်။
၉ အရင်ဆုံး၊ ပြစ်မှားခြင်းအကြောင်းကို+ သူဖော်ပြလိမ့်မယ်။ ကျွန်တော့်ကို သူတို့ ယုံကြည်သက်ဝင်မှု မရှိကြလို့ပဲ။+
၁၀ အဲဒီနောက် ဖြောင့်မတ်ခြင်းအကြောင်းကို သူဖော်ပြလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အဖဘုရားဆီ သွားတော့မှာ။ အဲဒီအခါကျရင် ခင်ဗျားတို့ ကျွန်တော့်ကို မြင်ရတော့မှာ မဟုတ်ဘူး။
၁၁ အဲဒီနောက် တရားစီရင်ခြင်းအကြောင်းကို သူဖော်ပြလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီလောကရဲ့မင်းကို ဘုရားသခင် တရားစီရင်လိုက်ပြီ။+
၁၂ “ကျွန်တော့်မှာ ပြောစရာ အများကြီး ရှိတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အခု မခံယူနိုင်သေးဘူး။
၁၃ ကူညီသူ တစ်နည်းအားဖြင့် အမှန်တရားကို ဖော်ပြတဲ့ စွမ်းအားတော်+ ရောက်လာတဲ့အခါမှာတော့ အမှန်တရားကို အပြည့်အဝ နားလည်အောင် ခင်ဗျားတို့ကို သွန်သင်လမ်းပြလိမ့်မယ်။ သူက ကိုယ့်သဘောအတိုင်း ပြောမှာမဟုတ်ဘဲ ကြားသမျှကို ပြောလိမ့်မယ်။ နောင်ဖြစ်လာမယ့်အရာတွေအကြောင်း ခင်ဗျားတို့ကို ဖော်ပြလိမ့်မယ်။+
၁၄ အဲဒီကူညီသူက ကျွန်တော့်ဆီက ကြားခဲ့သမျှ ခင်ဗျားတို့ကို ဖော်ပြလိမ့်မယ်။+ ဒီနည်းနဲ့ ကျွန်တော့်ကို ဘုန်းထင်ရှားစေလိမ့်မယ်။+
၁၅ အဖဘုရား ပိုင်သမျှ ကျွန်တော် ပိုင်တယ်။+ ဒါကြောင့် ကူညီသူကလည်း ကျွန်တော့်ဆီက ကြားခဲ့သမျှ ခင်ဗျားတို့ကို ဖော်ပြလိမ့်မယ်လို့ ကျွန်တော်ပြောနေတာပေါ့။
၁၆ မကြာခင် ခင်ဗျားတို့ ကျွန်တော့်ကို မြင်ရတော့မှာ မဟုတ်ဘူး။+ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကျွန်တော့်ကို ပြန်မြင်ရမယ်။”
၁၇ အဲဒီအခါ တပည့်တချို့က “‘မကြာခင် ကျွန်တော့်ကို မြင်ရတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကျွန်တော့်ကို ပြန်မြင်ရမယ်၊’ ‘အဖဘုရားဆီ ကျွန်တော်သွားတော့မယ်’ လို့ သူပြောနေတာ ဘာအဓိပ္ပာယ်လဲ” ဆိုပြီး အချင်းချင်းမေးကြတယ်။
၁၈ “‘သိပ်မကြာခင်မှာ’ ဆိုတာကရော ဘာအဓိပ္ပာယ်ပါလိမ့်။ သူဘာအကြောင်းပြောနေမှန်း ငါတို့မသိပါလား” လို့ပြောကြတယ်။
၁၉ ယေရှုက တပည့်တွေ မေးချင်နေတယ်ဆိုတာ သိတော့ “‘မကြာခင် ခင်ဗျားတို့ ကျွန်တော့်ကို မြင်ရတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပြန်မြင်ရလိမ့်မယ်’ လို့ ကျွန်တော် ဘာကြောင့် ပြောသလဲဆိုပြီး ခင်ဗျားတို့ အချင်းချင်း မေးနေကြတာလား။
၂၀ ကျွန်တော် မှန်တာကိုပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ခင်ဗျားတို့ ငိုကြွေးမြည်တမ်းရလိမ့်မယ်။ ဒီလောကကတော့ ဝမ်းမြောက်လိမ့်မယ်။ ခင်ဗျားတို့ နာကျင်ခံစားရပေမဲ့ အဲဒီနာကျင်မှုဟာ ရွှင်လန်းမှုအဖြစ် ပြောင်းလဲသွားလိမ့်မယ်။+
၂၁ အမျိုးသမီးတစ်ယောက်က မီးဖွားချိန်ရောက်တဲ့အခါ ဝေဒနာခံစားရတယ်။ မီးဖွားပြီးချိန်မှာတော့ ဒီလောကထဲ လူသားတစ်ယောက် ဖွားမြင်လာတဲ့အတွက် သူ ရွှင်လန်းအားရပြီး ခံစားခဲ့ရတဲ့ ဝေဒနာကို မေ့သွားတတ်တယ်။
၂၂ အဲဒီလိုပဲ၊ ခင်ဗျားတို့လည်း အခုချိန်မှာ နာကျင်ခံစားရပေမဲ့ ကျွန်တော်နဲ့ ပြန်တွေ့ရမှာဖြစ်လို့ ရွှင်လန်းရလိမ့်မယ်။+ အဲဒီရွှင်လန်းမှု ပျောက်ဆုံးသွားအောင် ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး။
၂၃ အဲဒီနေ့ရောက်ရင် ခင်ဗျားတို့ ကျွန်တော့်ကို ဘာတစ်ခုမှ မေးတော့မှာ မဟုတ်ဘူး။ ကျွန်တော် မှန်တာကိုပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ အဖဘုရားက ခင်ဗျားတို့တောင်းသမျှ+ ကျွန်တော့်နာမည်ကို ထောက်ပြီး ပေးသနားလိမ့်မယ်။+
၂၄ အခုတော့ ကျွန်တော့်နာမည်ကို အမှီပြုပြီး ခင်ဗျားတို့ တစ်ခုမှ မတောင်းရသေးဘူး။ ခင်ဗျားတို့ အပြည့်အဝ ရွှင်လန်းနိုင်ဖို့ တောင်းကြပါ။ တောင်းရင် ရလိမ့်မယ်။
၂၅ “ဒီအကြောင်းတွေကို ပုံဥပမာတွေသုံးပြီး ကျွန်တော်ပြောတယ်။ ဒါပေမဲ့ ပုံဥပမာတွေမသုံးဘဲ အဖဘုရားအကြောင်း ဘွင်းဘွင်းရှင်းရှင်း ပြောမယ့်အချိန် ရောက်လာမယ်။
၂၆ အဲဒီအချိန်ရောက်ရင် ခင်ဗျားတို့က ကျွန်တော့်နာမည်ကို အမှီပြုပြီး အဖဘုရားဆီ အသနားခံကြလိမ့်မယ်။ ခင်ဗျားတို့အတွက် အဖဘုရားဆီ ကျွန်တော် အသနားခံပေးစရာ မလိုတော့ဘူးဆိုတဲ့ သဘောပါ။
၂၇ ခင်ဗျားတို့က ကျွန်တော့်ကို ချစ်ခင်တွယ်တာတယ်။+ ဘုရားသခင့်ကိုယ်စားလှယ်အဖြစ် ကျွန်တော် ရောက်လာတယ်ဆိုတာကို ယုံကြည်တယ်။+ ဒါကြောင့် အဖဘုရားကလည်း ခင်ဗျားတို့ကို ချစ်ခင်တွယ်တာတယ်။
၂၈ ကျွန်တော်က အဖဘုရားရဲ့ ကိုယ်စားလှယ်အဖြစ် ဒီလောကကို လာတယ်။ အခု ဒီလောကကနေ ထွက်ခွာပြီး အဖဘုရားဆီ သွားတော့မယ်”+ လို့ပြောတယ်။
၂၉ အဲဒီအခါ တပည့်တွေက “အခု သခင်က ပုံဥပမာတွေမသုံးဘဲ ဘွင်းဘွင်းရှင်းရှင်းကြီး ပြောနေပါလား။
၃၀ သခင်ဟာ အရာခပ်သိမ်းကို သိတယ်။ လူတစ်ယောက် ဘာမှမမေးရသေးခင် သူဘာမေးချင်မှန်း သိတယ်။ ဒါကြောင့် သခင်ဟာ ဘုရားသခင်ဆီက လာတဲ့သူပဲဆိုတာ ကျွန်တော်တို့ ယုံတယ်” လို့ပြောတယ်။
၃၁ ယေရှုက “အခု တကယ်ယုံသလား။
၃၂ ဒါပေမဲ့ ခင်ဗျားတို့ ကျွန်တော့်ကို တစ်ယောက်တည်း ပစ်ထားပြီး ကိုယ့်အိမ်ကိုယ် တကွဲတပြား ထွက်ပြေးမယ့်အချိန် ရောက်တော့မယ်။+ တကယ်တော့ အဲဒီအချိန်ဟာ အခုပဲ ရောက်နေပြီ။ ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ အဖဘုရားက ကျွန်တော်နဲ့အတူ ရှိတယ်။+
၃၃ ကျွန်တော့်ကြောင့် ခင်ဗျားတို့ ငြိမ်သက်ခြင်း ခံစားရအောင် ဒါတွေကို ပြောပြနေတာ။+ ဒီလောကမှာ ခင်ဗျားတို့ ဆင်းရဲဒုက္ခခံရလိမ့်မယ်။ ဒါပေမဲ့ သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ”+ လို့ပြောတယ်။
အောက်ခြေမှတ်ချက်များ
^ သန့်ရှင်းသော စွမ်းအားတော်ကို ပုဂ္ဂိုလ်တစ်ဦးအဖြစ် တင်စားထား။