ယောဟန် ၁၇:၁-၂၆

  • တမန်တော်တွေနဲ့အတူ ယေရှုရဲ့ နောက်ဆုံးဆုတောင်းချက် (၁-၂၆)

    • ထာဝရအသက်ရနိုင်ဖို့ ဘုရားသခင်ကို သိကျွမ်းရမယ် ()

    • ခရစ်ယာန်တွေ ဒီလောကနဲ့ မပတ်သက် (၁၄-၁၆)

    • “အဖရဲ့ တရားစကားဟာ အမှန်တရား” (၁၇)

    • “အဖရဲ့နာမည်ကို သိအောင် သူတို့ကို ကျွန်တော်ပြောပြပါပြီ” (၂၆)

၁၇  အဲဒီလို  ပြောပြီးတဲ့နောက် ယေရှုက ကောင်းကင်ကို မော့ကြည့်ပြီး အခုလို ဆုတောင်းတယ်– “အို အဖ၊ အချိန်ရောက်လာပါပြီ။ သားက အဖကို ဘုန်းထင်ရှားစေဖို့ သားရဲ့ဘုန်းကိုလည်း  ထင်ရှားစေပါ။+ ၂  လူသားအားလုံးကို အုပ်ချုပ်ရမယ့် အခွင့်အာဏာကို သားဆီ အဖ အပ်နှင်းထားပါပြီ။+ သားကို ဒီလိုအပ်နှင်းတာက အဖပေးအပ်ထားသူတွေကို+ ထာဝရအသက်+ ပေးနိုင်ဖို့ပါ။ ၃  ထာဝရအသက်  ရနိုင်ဖို့ဆိုရင်+  တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော+ အဖ စေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်။*+ ၄  ကမ္ဘာပေါ်မှာ အဖရဲ့ဘုန်းကို ကျွန်တော် ထင်ရှားစေခဲ့ပါပြီ။+ အဖခိုင်းထားတဲ့ အလုပ်ကို လုပ်ပြီးပါပြီ။+ ၅  အဖ၊ ဒီလောက မတည်ရှိခင် အဖရဲ့ဘေးနားမှာ ကျွန်တော်ခံစားခဲ့ရတဲ့ ဘုန်းအသရေမျိုးကို အခုလည်း အဖရဲ့ဘေးနားမှာ ပြန်ခံစားခွင့်ပေးပါ။+ ၆  “ဒီလောကထဲက အဖ ပေးအပ်ထားသူတွေကို အဖရဲ့နာမည် သိအောင် ကျွန်တော် ဖော်ပြပါပြီ။+ သူတို့ကို အဖပိုင်ဆိုင်လို့ ကျွန်တော့်ဆီ ပေးအပ်ခဲ့တာပါ။  အဖရဲ့တရားစကားကို သူတို့ လိုက်နာပါတယ်။ ၇  ကျွန်တော် ရရှိထားသမျှဟာ  အဖဆီကဖြစ်မှန်း အခု သူတို့သိသွားပါပြီ။ ၈  ဘာလို့လဲဆိုတော့ ကျွန်တော့်ကို အဖပြောသမျှ သူတို့ကို ပြန်ပြောပြခဲ့လို့ပါ။+ သူတို့က အဲဒီစကားတွေကို လက်ခံတယ်။ အဖရဲ့ကိုယ်စားလှယ်အဖြစ် ကျွန်တော်ရောက်လာမှန်းကောင်းကောင်းသိတယ်။+ အဖစေလွှတ်လိုက်တဲ့သူ  ဖြစ်မှန်းလည်း ယုံတယ်။+ ၉  သူတို့အတွက် ကျွန်တော် ဆုတောင်းပေးပါတယ်။ ဒီလောကအတွက်မဟုတ်ဘဲ အဖပေးအပ်ထားသူတွေအတွက် ဆုတောင်းနေတာပါ။ သူတို့ဟာ အဖရဲ့လူတွေဖြစ်လို့ပါ။ ၁၀  ကျွန်တော်ပိုင်ဆိုင်သမျှ အဖပိုင်တယ်။ အဖပိုင်ဆိုင်သမျှ ကျွန်တော်ပိုင်တယ်။+ သူတို့ကြောင့် ကျွန်တော် ဘုန်းထင်ရှားပါပြီ။ ၁၁  “ကျွန်တော်က အဖဆီ ပြန်လာတော့မှာမို့လို့ ဒီလောကမှာ ရှိတော့မှာ မဟုတ်ဘူး။ သူတို့ကတော့ ဒီလောကမှာ ကျန်ရစ်ခဲ့မှာပါ။+ သန့်ရှင်းမြင့်မြတ်တဲ့ အဖ၊ ကျွန်တော့်ကို ခံယူခွင့်ပေးထားတဲ့ နာမတော်ကို ထောက်ပြီး သူတို့ကို ကာကွယ်စောင့်ရှောက်ပေးပါ။+ ဒါဆိုရင် အဖနဲ့ကျွန်တော် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သလို သူတို့လည်း တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေမှာပါ။+ ၁၂  ကျွန်တော်ဟာ  ခံယူခွင့်ရထားတဲ့ အဖရဲ့နာမည်ကို ထောက်ပြီး သူတို့နဲ့အတူရှိနေတုန်းမှာ သူတို့ကို စောင့်ရှောက်ခဲ့တယ်၊+ ကာကွယ်ခဲ့တယ်။ ပျက်စီးခြင်းရဲ့သားကလွဲလို့+  တစ်ယောက်မှ  မဆုံးရှုံးပါဘူး။+ ဒါဟာ ကျမ်းစကားပြည့်စုံတာပါပဲ။+ ၁၃  အခု အဖဆီ ကျွန်တော်လာတော့မယ်။ ကျွန်တော်ခံစားရတဲ့ ပျော်ရွှင်မှုမျိုး သူတို့လည်း အပြည့်အဝ ခံစားနိုင်အောင် ဒီလောကမှာ ကျွန်တော်ရှိနေတုန်း ဒီစကားတွေကို ပြောရတာပါ။+ ၁၄  အဖရဲ့တရားစကားကို သူတို့ကို ကျွန်တော်ပြောပြပါပြီ။  ဒီလောကနဲ့ ကျွန်တော် မပတ်သက်ခဲ့သလို သူတို့လည်း မပတ်သက်တဲ့အတွက် လောကက သူတို့ကို မုန်းပါတယ်။+ ၁၅  “သူတို့ကို ဒီလောကကနေ ခေါ်ထုတ်ပေးဖို့ ကျွန်တော် ဆုတောင်းနေတာ မဟုတ်ပါဘူး။ ဆိုးညစ်သူရဲ့ရန်ကနေ  ကာကွယ်စောင့်ရှောက်ပေးဖို့ ဆုတောင်းနေတာပါ။+ ၁၆  ကျွန်တော်က ဒီလောကနဲ့ မပတ်သက်သလို+ သူတို့လည်း လောကနဲ့ မပတ်သက်ကြပါဘူး။+ ၁၇  အဖရဲ့ တရားစကားဟာ အမှန်တရားဖြစ်ပါတယ်။+ အဲဒီအမှန်တရားအားဖြင့် သူတို့ကို သန့်စင်စေပါ။*+ ၁၈  အဖက ကျွန်တော့်ကို ဒီလောကထဲစေလွှတ်သလို ကျွန်တော်လည်း သူတို့ကို ဒီလောကထဲ စေလွှတ်ပါတယ်။+ ၁၉  ကျွန်တော်က သူတို့အကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် သန့်စင်ထားတယ်။ ဒါမှ သူတို့လည်း အမှန်တရားအားဖြင့် သန့်စင်လာကြမှာပါ။ ၂၀  “သူတို့အတွက်ပဲ ကျွန်တော် ဆုတောင်းနေတာ မဟုတ်ပါဘူး။ သူတို့စကားကြောင့် ကျွန်တော့်ကို ယုံကြည်လာမယ့် သူတွေအတွက်ပါ ဆုတောင်းပါတယ်။ ၂၁  သူတို့အားလုံး တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာအောင်လို့ပါ။+ အဖက ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ကျွန်တော်က အဖနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သလိုမျိုးပေါ့။+ ဒါဆိုရင် သူတို့အားလုံး ကျွန်တော်တို့နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာလိမ့်မယ်။ ဒီလောကကလည်း ကျွန်တော့်ကို အဖစေလွှတ်လိုက်မှန်း ယုံပါလိမ့်မယ်။ ၂၂  ကျွန်တော်တို့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်သလို သူတို့ကို တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေဖို့ အဖပေးအပ်ထားတဲ့ ဘုန်းအသရေကို သူတို့ကို ပေးအပ်လိုက်ပါပြီ။+ ၂၃  ကျွန်တော်က သူတို့နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး အဖက ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်တဲ့အတွက် သူတို့လည်း အပြည့်အဝ စည်းလုံးလာကြမှာ။ အဲဒီအခါ ကျွန်တော့်ကို အဖစေလွှတ်လိုက်မှန်း၊ အဖက ကျွန်တော့်ကို ချစ်သလို သူတို့ကိုလည်း ချစ်မှန်း  ဒီလောက  သိလာမှာပါ။ ၂၄  အဖ၊ အဖပေးအပ်ထားသူတွေကို ကျွန်တော်ရှိတဲ့နေရာမှာ ရှိစေချင်လိုက်တာ။+ ဒါမှ လူ့လောကအစပြုချိန်* မတိုင်ခင်ကတည်းက ကျွန်တော့်ကိုချစ်လို့ အဖပေးထားတဲ့ ဘုန်းအသရေကို သူတို့မြင်နိုင်မှာပါ။+ ၂၅  ဖြောင့်မတ်မှန်ကန်တဲ့ အဖ၊ ဒီလောကဟာ အဖကိုမသိပေမဲ့+ ကျွန်တော်ကတော့ သိပါတယ်။+ ကျွန်တော့်ကို အဖစေလွှတ်လိုက်မှန်း သူတို့သိပါတယ်။ ၂၆  အဖရဲ့ နာမည်ကိုသိအောင် သူတို့ကို ကျွန်တော်ပြောပြပါပြီ။ နောင်လည်း ပြောပြဦးမှာပါ။+ ဒါမှ ကျွန်တော့်ကိုချစ်တဲ့ အဖရဲ့မေတ္တာမျိုးနဲ့ သူတစ်ပါးကို သူတို့ချစ်နိုင်လိမ့်မယ်။ သူတို့နဲ့ ကျွန်တော် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာလိမ့်မယ်။”+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ကောင်းကောင်းသိအောင် လေ့လာဆည်းပူးနေရမယ်။”
ဒါမှမဟုတ်၊ “သီးသန့်ဖယ်ထားပါ။”
အာဒံနဲ့ဧဝ သားသမီးရတဲ့အချိန်။