ယောဟန် ၁၉:၁-၄၂
၁၉ ပိလတ်မင်းက ယေရှုကို ခေါ်သွားပြီး ကျာပွတ်နဲ့ ရိုက်နှက်ဖို့ အမိန့်ပေးတယ်။+
၂ ဒါနဲ့ စစ်သည်တွေက ဆူးခက်သရဖူ လုပ်ပြီး ယေရှုကို ဆောင်းပေးတယ်။ ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ပေးတယ်။+
၃ အဲဒီနောက် ယေရှုရှေ့ကို လာပြီး “ဂျူးတို့ရဲ့ဘုရင်၊ မင်္ဂလာပါ” လို့ လှောင်ပြောင်ပြီး ပါးရိုက်ကြတယ်။+
၄ ပိလတ်မင်းက အပြင်ထွက်ပြီး “သူ့မှာ ဘာအပြစ်မှ ငါမတွေ့ဘူးဆိုတာ မင်းတို့သိအောင်လို့ ငါထုတ်ပြမယ်” လို့ ဂျူးတွေကို ပြောတယ်။+
၅ ဆူးခက်သရဖူ ဆောင်းထားတဲ့ ယေရှုက ခရမ်းရောင်ဝတ်ရုံနဲ့ အပြင်ကိုထွက်လာတော့ ပိလတ်မင်းက “ကြည့်ကြပါ။ ဟောဒီလူပဲ” ဆိုပြီးပြောတယ်။
၆ ပုရောဟိတ်ကြီးတွေနဲ့ အစောင့်ရဲမက်တွေက ယေရှုကိုမြင်တာနဲ့ “သူ့ကို သစ်တိုင်ပေါ် တင်ပါ။ သစ်တိုင်ပေါ် တင်ပါ” လို့အော်ကြတယ်။+ ပိလတ်မင်းက “သူ့ကို မင်းတို့ပဲ ခေါ်သွားပြီး ကွပ်မျက်လိုက်ကြ။ ငါကတော့ ဘာအပြစ်မှ မတွေ့ဘူး” လို့ပြန်ပြောတယ်။+
၇ ဂျူးတွေက “ကျွန်တော်တို့မှာ ဥပဒေတစ်ခုရှိတယ်။ သူက ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ရဲ့သားလို့ ပြောတဲ့အတွက်+ အဲဒီဥပဒေအရ သေထိုက်တယ်”+ လို့ ပြောကြတယ်။
၈ ပိလတ်မင်းက အဲဒီစကားကိုကြားတော့ ပိုကြောက်လာတယ်။
၉ ဒါနဲ့ ဘုရင်ခံနန်းဆောင်ထဲ ပြန်ဝင်ပြီး “မင်း ဘယ်ကလဲ” လို့မေးတဲ့အခါ ယေရှု တစ်ခွန်းမှ ပြန်မဖြေဘူး။+
၁၀ ပိလတ်မင်းက “ငါ့ကို ပြန်မဖြေဘူးလား။ မင်းကို လွှတ်ပေးပိုင်ခွင့်၊ သစ်တိုင်ပေါ်တင်ပိုင်ခွင့် ငါ့မှာရှိမှန်း မင်းမသိဘူးလား” လို့မေးတယ်။
၁၁ ယေရှုက “ဘုရားသခင်ကသာ အခွင့်မပေးရင် ကျွန်တော့်ကို မင်းကြီး ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။ ဒါကြောင့် ကျွန်တော့်ကို မင်းကြီးလက်ထဲ အပ်တဲ့သူဟာ ပိုအပြစ်ကြီးပါတယ်” လို့ဖြေတယ်။
၁၂ ဒါနဲ့ ပိလတ်မင်းလည်း ယေရှုကိုလွှတ်ပေးဖို့ နည်းလမ်းရှာတော့တယ်။ ဒါပေမဲ့ ဂျူးတွေက “ဒီလူကိုလွှတ်ပေးရင် မင်းကြီးဟာ ဆီဇာရဲ့* အဆွေတော် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဘုရင်ပါလို့ ပြောသူဟာ ဆီဇာကို ဆန့်ကျင်သူပဲ” ဆိုပြီး အော်ပြောကြတယ်။+
၁၃ ဒီစကားကို ကြားတဲ့အခါ ပိလတ်မင်းက ယေရှုကို အပြင်ခေါ်ထုတ်ပြီး ကျောက်ခင်းစင်္ကြံလို့ခေါ်တဲ့ တရားပလ္လင်မှာ ထိုင်လိုက်တယ်။ အဲဒီနေရာကို ဟီဘရူးစကားနဲ့ ‘ဂဗ္ဗသ’ လို့ခေါ်တယ်။
၁၄ အချိန်ကတော့ ပသခါပြင်ဆင်ရာနေ့၊+ နေ့လယ် ၁၂ နာရီ* လောက်ရှိပြီ။ ပိလတ်မင်းက ဂျူးတွေကို “မင်းတို့ရဲ့ ဘုရင်ကို ကြည့်ကြ” လို့ပြောတယ်။
၁၅ ဂျူးတွေက “သူ့ကို ရှင်းပစ်ပါ။ ရှင်းပစ်ပါ။ သစ်တိုင်ပေါ်တင်ပါ” လို့အော်ပြောကြတယ်။ ပိလတ်မင်းကလည်း “မင်းတို့ရဲ့ဘုရင်ကို ကွပ်မျက်ရမလား” လို့မေးတဲ့အခါ ပုရောဟိတ်ကြီးတွေက “ကျွန်တော်တို့မှာ ဆီဇာကလွဲလို့ တခြားဘုရင် မရှိဘူး” လို့ဖြေကြတယ်။
၁၆ ပိလတ်မင်းလည်း ယေရှုကို သစ်တိုင်ပေါ်မှာ ကွပ်မျက်ဖို့ သူတို့ဆီ အပ်လိုက်တယ်။+
ဒါနဲ့ ယေရှုကို သူတို့ ခေါ်ထုတ်သွားကြတယ်။
၁၇ ယေရှုက မိမိကိုတင်ပြီးသတ်မယ့် သစ်တိုင်ကို* ထမ်းပြီး ဦးခေါင်းခွံအရပ်ကို ထွက်လာတယ်။+ အဲဒီနေရာကို ဟီဘရူးစကားနဲ့ ‘ဂေါလဂေါသ’ လို့ခေါ်တယ်။+
၁၈ အဲဒီကိုရောက်တော့ ယေရှုကို သစ်တိုင်ပေါ်တင်ပြီး သံနဲ့ရိုက်ကြတယ်။+ လူနှစ်ယောက်ကိုလည်း သစ်တိုင်ပေါ် သံနဲ့ရိုက်ပြီး ယေရှုရဲ့ ဘေးနှစ်ဖက်မှာ တစ်ယောက်စီ ထားလိုက်တယ်။+
၁၉ ပိလတ်မင်းက “ဂျူးတို့ရဲ့ဘုရင်၊ နာဇရက်မြို့သား ယေရှု” ဆိုတဲ့ ဘွဲ့နာမည်ကို ရေးပြီး သစ်တိုင်ပေါ်မှာ တပ်ထားတယ်။+
၂၀ ယေရှုကို သစ်တိုင်ပေါ်တင်တဲ့ နေရာဟာ ဂျေရုဆလင်မြို့နဲ့ နီးနေတော့ ဂျူးအတော်များများက ဟီဘရူးစကား၊ လက်တင်စကား၊ ဂရိစကားနဲ့ ရေးထားတဲ့ အဲဒီဘွဲ့နာမည်ကို ဖတ်လို့ရတယ်။
၂၁ ဒါပေမဲ့ ဂျူးပုရောဟိတ်ကြီးတွေက “‘ဂျူးတို့ရဲ့ဘုရင်’ လို့မရေးပါနဲ့။ ‘ကိုယ့်ကိုယ်ကိုယ် ဂျူးတို့ရဲ့ဘုရင်လို့ ပြောတဲ့သူ’ ဆိုပြီး ရေးပါ” လို့ပြောတော့၊
၂၂ ပိလတ်မင်းက “ငါရေးပြီးပြီ။ ဒါအတည်ပဲ” လို့ပြောတယ်။
၂၃ စစ်သည်တွေက ယေရှုကို သစ်တိုင်ပေါ်မှာ သံနဲ့ရိုက်ပြီးသွားတဲ့အခါ ဝတ်လုံတွေကို လေးပိုင်းပိုင်းပြီး တစ်ယောက်တစ်ပိုင်းစီ ယူတယ်။ အတွင်းအင်္ကျီကိုလည်း ယူလိုက်တယ်။ ဒါပေမဲ့ အတွင်းအင်္ကျီက ချုပ်ရိုးမပါဘဲ အထက်အောက် တစ်ဆက်တည်း ရက်ထားတဲ့အထည် ဖြစ်နေတယ်။
၂၄ ဒါကြောင့် သူတို့က “ဒီတစ်ထည်ကိုတော့ မပိုင်းတော့ဘဲ မဲချပြီး ယူလိုက်ရအောင်” လို့ အချင်းချင်းပြောတယ်။+ “ကျွန်တော့်ဝတ်လုံတွေကို အပိုင်းပိုင်း ခွဲယူပြီး အင်္ကျီကိုလည်း မဲချယူကြတယ်”+ ဆိုတဲ့ ကျမ်းစကားအတိုင်း ဖြစ်လာတယ်။ စစ်သည်တွေ အဲဒီလို တကယ်လုပ်ခဲ့တယ်။
၂၅ ယေရှုရဲ့ သစ်တိုင်နားမှာ မိခင်၊+ မိခင်ရဲ့ညီမ၊ ကလောဖရဲ့ဇနီး မာရိနဲ့ မာဂဒလမာရိတို့ ရပ်နေတယ်။+
၂၆ ယေရှုက မိခင်ရော သူချစ်တဲ့တပည့်ပါ+ အနားမှာ ရပ်နေတာကို မြင်တဲ့အခါ မိခင်ကို “အမေ၊ အခုချိန်ကစပြီး သူဟာ အမေ့သား ဖြစ်သွားပြီနော်” လို့မှာတယ်။
၂၇ တပည့်ကိုလည်း “အခုချိန်ကစပြီး သူဟာ ခင်ဗျားရဲ့အမေ ဖြစ်သွားပြီ” လို့မှာတယ်။ ဒါနဲ့ အဲဒီတပည့်လည်း မာရိကို သူ့အိမ်မှာပဲ ခေါ်ထားလိုက်တယ်။
၂၈ အဲဒီနောက် ယေရှုက အဖဘုရား ခိုင်းထားတဲ့ အလုပ်အားလုံးကို သူ အခုလုပ်ပြီးသွားမှန်း သိတဲ့အခါ “ရေဆာလိုက်တာ”+ လို့ပြောတယ်။ အဲဒီလိုပြောတာ ကျမ်းစကားပြည့်စုံဖို့ပါပဲ။
၂၉ အဲဒီမှာ အချဉ်ပေါက်နေတဲ့ဝိုင် အပြည့်ထည့်ထားတဲ့ အိုးတစ်လုံး ရှိနေတယ်။ သူတို့က ရေမြှုပ်ကို ဝိုင်ထဲနှစ်၊ ဟုဿုပ်* ကိုင်းရဲ့ထိပ်မှာ တပ်ပြီး ယေရှုရဲ့နှုတ်ခမ်းဆီ လှမ်းတေ့ပေးတယ်။+
၃၀ ဝိုင်မြည်းစမ်းပြီးတဲ့အခါ ယေရှုက “အဖခိုင်းသမျှ ကျွန်တော်လုပ်ပြီးပါပြီ”+ လို့ပြောတယ်။ အဲဒီနောက် ခေါင်းငိုက်စိုက်ကျပြီး အသက်ထွက်သွားတယ်။+
၃၁ အဲဒီနေ့က အဖိတ်နေ့၊+ နောက်တစ်နေ့ကလည်း အထူးဥပုသ်နေ့+ ဖြစ်နေတယ်။ ဒါကြောင့် ဂျူးတွေက အလောင်းတွေကို သစ်တိုင်ပေါ်မှာ ဥပုသ်နေ့အထိ မရှိစေချင်တဲ့အတွက်+ ခြေထောက်ချိုးပြီး သယ်သွားပါရစေလို့ ပိလတ်မင်းဆီ ခွင့်တောင်းကြတယ်။
၃၂ အဲဒီနောက် စစ်သည်တွေ ရောက်လာပြီး ယေရှုဘေးမှာ သစ်တိုင်တင်ထားတဲ့ လူနှစ်ယောက်ရဲ့ ခြေထောက်ကို ချိုးတယ်။
၃၃ ယေရှု အလှည့်ရောက်တဲ့အခါ သေဆုံးနေပြီဆိုတာ သိသွားတဲ့အတွက် ခြေထောက် မချိုးတော့ဘူး။
၃၄ စစ်သည်တစ်ယောက်က ယေရှုရဲ့နံရိုးနားကို လှံနဲ့ထိုးလိုက်တဲ့အခါ+ သွေးနဲ့ရေတွေ ချက်ချင်း ထွက်လာတယ်။
၃၅ ဒါကိုမြင်လိုက်တဲ့ လူတစ်ယောက်က သက်သေထွက်ဆိုတယ်။ သူ့ထွက်ဆိုချက်ဟာ မှန်ကန်တယ်။ သူမှန်တာပြောနေမှန်းလည်း သူသိတယ်။ ခင်ဗျားတို့ကိုလည်း ယုံစေချင်လို့ သူ ဒီအကြောင်းတွေ ပြောပြနေတာ။+
၃၆ အခုလို ဖြစ်ပျက်လာတာဟာ “သူ့အရိုးတစ်ချောင်းမှ မကျိုးဘူး” ဆိုတဲ့ ကျမ်းစကား ပြည့်စုံတာပဲ။+
၃၇ နောက်ကျမ်းတစ်ချက်မှာလည်း “သူတို့က ကိုယ်ထိုးဖောက်တဲ့သူကို ကြည့်ကြလိမ့်မယ်” လို့ ဆိုထားတယ်။+
၃၈ အဲဒီနောက် အရိမသဲမြို့သား ယောသပ်က ယေရှုအလောင်းကို ယူခွင့်ပေးဖို့ ပိလတ်မင်းဆီ ခွင့်တောင်းတယ်။ သူဟာ ဂျူးတွေကိုကြောက်လို့ ယေရှုရဲ့တပည့်ဖြစ်မှန်း လူသိမခံရဲတဲ့သူပဲ။+ ပိလတ်မင်း ခွင့်ပြုတဲ့အတွက် အလောင်းကို သူ လာယူတယ်။+
၃၉ အရင်တုန်းက ယေရှုကို ညအချိန် လာတွေ့ဖူးတဲ့ နိကောဒင်ကလည်း+ မုရန်နဲ့* သစ်မွှေးဆီ ရောထားတဲ့ နံ့သာထုပ်ယူလာတယ်။ နံ့သာထုပ်က ပေါင်* တစ်ရာလောက် ရှိတယ်။+
၄၀ သူတို့က ယေရှုရဲ့အလောင်းကိုယူ၊ ဂျူးတွေရဲ့ စျာပနထုံးစံအတိုင်း အမွှေးနံ့သာတွေ ထည့်ပြီး ပိတ်ထည်နဲ့ ပတ်ရစ်လိုက်တယ်။+
၄၁ ယေရှုကို သစ်တိုင်ပေါ် ကွပ်မျက်တဲ့နေရာမှာ ဥယျာဉ်တစ်ခုရှိတယ်။ အဲဒီဥယျာဉ်ထဲမှာ ဘယ်သူ့ကိုမှ မသင်္ဂြိုဟ်ရသေးတဲ့ သင်္ချိုင်းဂူသစ်တစ်ခု ရှိတယ်။+
၄၂ ဂျူးတွေရဲ့ အဖိတ်နေ့ဖြစ်နေတဲ့အပြင်+ သင်္ချိုင်းဂူကလည်း အနီးအနားမှာပဲ ရှိနေတဲ့အတွက် ယေရှုရဲ့အလောင်းကို အဲဒီမှာ ထည့်ထားလိုက်တယ်။
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ရောမဧကရာဇ်ရဲ့။”
^ မူရင်း၊ “နေထွက်ပြီးနောက် ၆ ချက်တီး။”
^ ခက်ဆစ် “ဒုက္ခသစ်တိုင်” ကိုကြည့်။
^ ရောမအလေးချိန်။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။