ရောမ ၁:၁-၃၂

  • နှုတ်ခွန်းဆက်စကား(၁-၇)

  • ရောမကို ပေါလု သွားရောက်လို (၈-၁၅)

  • ဖြောင့်မတ်သူဟာ ယုံကြည်ခြင်းကြောင့် အသက်ရှင် (၁၆၊ ၁၇)

  • ဘုရားတရားမဲ့သူများ ဆင်ခြေပေးလို့မရ (၁၈-၃၂)

    • ဖန်ဆင်းထားရာတွေကိုကြည့်ပြီး ဘုရားသခင်ရဲ့ အရည်အသွေးများကို သိမြင်နိုင် (၂၀)

 ဘုရားသခင်ရဲ့ သတင်းကောင်းကို ကြေညာဖို့ သီးသန့်ဖယ်ထားခံရသူ၊  တမန်တော်အဖြစ် ရွေးချယ်ခံရသူ၊+ ယေရှုခရစ်ရဲ့ ကျွန်ဖြစ်သူ ကျွန်တော်ပေါလု  စာရေးလိုက်ပါတယ်။ ၂  အဲဒီသတင်းကောင်းနဲ့ ပတ်သက်ပြီး ဘုရားသခင်က  ပရောဖက်တွေကတစ်ဆင့် သမ္မာကျမ်းစာမှာ ဟိုးအရင်ကတည်းက   ကတိ ပေးထားတယ်။ ၃  အဲဒီသတင်းကောင်းဟာ ဒါဝိဒ်မျိုးနွယ်ကနေ+ လူသားအဖြစ် မွေးဖွားလာတဲ့ သားတော်နဲ့ဆိုင်တယ်။ ၄  သားတော်ဟာ ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်ပဲ။ သူ သေရာကနေ ရှင်ပြန်ထမြောက်လာချိန်မှာ+ ဘုရားသခင်ရဲ့ သားဖြစ်ကြောင်း+ သန့်ရှင်းသော စွမ်းအားတော်ရဲ့ တန်ခိုးအားဖြင့် ထင်ရှားလာတယ်။ ၅  သူကတစ်ဆင့် မဟာကရုဏာတော်နဲ့ တမန်တော်တာဝန်ကို ကျွန်တော်တို့ ရရှိကြတယ်။+ လူမျိုးအပေါင်း ယုံကြည်ပြီး+ နာခံခြင်းအားဖြင့်  သူ့ရဲ့နာမည်ကို ဂုဏ်တင်လာကြဖို့ပဲ။ ၆  ခင်ဗျားတို့လည်း အဲဒီလူမျိုးအပေါင်းထဲမှာ ပါဝင်တဲ့အတွက် ယေရှုခရစ်ရဲ့ နောက်လိုက်တွေ ဖြစ်လာဖို့ ဘုရားသခင် ရွေးချယ်တဲ့သူတွေ ဖြစ်တယ်။ ၇  ရောမမြို့မှာရှိတဲ့ ဘုရားသခင် ချစ်မြတ်နိုးသူ၊ သန့်ရှင်းသူအဖြစ် ရွေးချယ်ခံရသူ အားလုံးဆီ ကျွန်တော် စာရေးလိုက်ပါတယ်– အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်ဆီက မဟာကရုဏာတော်နဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။ ၈  ဦးဆုံး၊ ခင်ဗျားတို့နဲ့ပတ်သက်ပြီး ယေရှုခရစ်ကတစ်ဆင့် ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်ချီးမွမ်းပါတယ်။ ဘာလို့လဲဆိုတော့ တစ်လောကလုံးမှာရှိတဲ့ လူတွေက ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းအကြောင်း  ပြောဆိုနေကြလို့ပဲ။ ၉  ကျွန်တော်ဟာ သားတော်နဲ့ဆိုင်တဲ့ သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုပါတယ်။ ကျွန်တော် ဆုတောင်းတဲ့အခါတိုင်း ခင်ဗျားတို့အတွက် အမြဲတောင်းပေးမှန်း ဘုရားသခင်ဟာ သက်သေပဲ။+ ၁၀  ဘုရားသခင်အလိုရှိရင် မကြာမီ ခင်ဗျားတို့ဆီ တစ်နည်းနည်းနဲ့ လာခွင့်ရဖို့ ဆုတောင်းနေတယ်။ ၁၁  ခင်ဗျားတို့ကို သိပ်တွေ့ချင်တယ်။ ဘုရားသခင်ဆီက ဆုကျေးဇူးကို ဝေမျှပေးပြီး ခင်ဗျားတို့ကို မြဲမြံခိုင်ခံ့စေချင်လို့ပါ။ ၁၂  တစ်နည်းအားဖြင့် ခင်ဗျားတို့ရော ကျွန်တော်ပါ ကိုယ့်ရဲ့ယုံကြည်ခြင်းအားဖြင့် အပြန်အလှန် အားပေးခွင့်ရချင်လို့ပါ။+ ၁၃  ညီအစ်ကိုတို့၊ လူမျိုးခြားတွေဆီမှာ ကျွန်တော် ဟောပြောတဲ့အခါ ရလဒ်ကောင်းတွေ ရခဲ့သလို ခင်ဗျားတို့ဆီမှာလည်း  ရလဒ်ကောင်းတွေ ရချင်လို့ ခင်ဗျားတို့ဆီလာဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်ဆိုတာ သိစေချင်တယ်။  အခုချိန်ထိတော့  ကျွန်တော်လာလို့ မရသေးဘူး။ ၁၄  ဂရိလူမျိုး၊  တိုင်းတစ်ပါးသား၊ ဉာဏ်ပညာရှိသူ၊ အသိဉာဏ်မဲ့သူ အားလုံးကို ကျွန်တော် အကြွေးတင်နေတယ်။ ၁၅  ဒါကြောင့် ရောမမြို့မှာရှိတဲ့  ခင်ဗျားတို့ကိုလည်း  သတင်းကောင်း သိပ်ပြောပြချင်တယ်။+ ၁၆  သတင်းကောင်းအတွက် ကျွန်တော်  မရှက်ပါဘူး။+  သတင်းကောင်းဟာ ယုံကြည်ခြင်းရှိသူတိုင်းကို+ ကယ်တင်ခြင်းရစေတဲ့ ဘုရားသခင်ရဲ့ တန်ခိုးတော်ပဲ။ ဦးဆုံး ဂျူးလူမျိုး၊+ ပြီးတဲ့နောက် ဂရိလူမျိုးပါ+ သတင်းကောင်း ကြားခဲ့ရတယ်။ ၁၇  ယုံကြည်ခြင်းရှိသူတွေဟာ သတင်းကောင်းအားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ထင်ရှားလာတာကို မြင်တွေ့ ပြီး ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။+ “ဖြောင့်မတ်သူဟာ ယုံကြည်ခြင်းကြောင့် အသက်ရှင်လိမ့်မယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်းပါပဲ။ ၁၈  အမှန်တရားကို မတရားနည်းနဲ့  ဖိနှိပ်တားဆီးသူတွေရဲ့+  ဘုရားတရားမဲ့မှု၊ မဖြောင့်မတ်မှုအားလုံးအပေါ် ကောင်းကင်ကနေ ဘုရားသခင်ရဲ့ အမျက်တော်+ သက်ရောက်လိမ့်မယ်။ ၁၉  ဘုရားသခင်က မိမိအကြောင်းကို ရှင်းလင်းစွာ ဖော်ပြခဲ့တဲ့အတွက် ဘုရားသခင့်အကြောင်း သိသင့်သမျှ သူတို့သိထားတယ်။+ ၂၀  ဘုရားသခင်ကို မမြင်ရပေမဲ့ ဖန်ဆင်းထားရာတွေကို ကြည့်ပြီး+ ဘုရားသခင်ရဲ့ ထာဝရတန်ခိုးတော်နဲ့+ အရည်အသွေးတွေအပြင် ကိုယ်တော်ဟာ ဘုရားသခင်ဖြစ်ကြောင်း+ လောကကို ဖန်ဆင်းချိန်ကတည်းက အထင်အရှား သိမြင်နိုင်တယ်။ ဒါကြောင့် သူတို့ ဆင်ခြေပေးလို့မရဘူး။ ၂၁  သူတို့က ဘုရားသခင်ကို သိပေမဲ့ ဘုရားအဖြစ် ဘုန်းတော်ကို မချီးမွမ်းဘူး၊ ကျေးဇူးလည်း မတင်ကြဘူး။ သူတို့ရဲ့ တွေးတောဆင်ခြင်မှုတွေဟာ အချည်းနှီးဖြစ်သွားပြီး အသိဉာဏ်မဲ့တဲ့ စိတ်နှလုံးကလည်း အမှောင်ဖုံးသွားတယ်။+ ၂၂  ဉာဏ်ပညာရှိသူတွေပါလို့ သူတို့ပြောနေပေမဲ့ မိုက်မဲသူတွေ ဖြစ်သွားတယ်။ ၂၃  မဖောက်ပြန်မပျက်စီးနိုင်တဲ့ ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းမယ့်အစား ဖောက်ပြန်ပျက်စီးတတ်တဲ့ လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါ၊ တွားသွားသတ္တဝါတွေရဲ့ ရုပ်တုတွေကို ဂုဏ်တင်ချီးမွမ်းကြတယ်။+ ၂၄  ဒါကြောင့် ဘုရားသခင်က စိတ်အလိုနောက်ကိုပဲ လိုက်ချင်နေတဲ့ သူတို့ကို စွန့်ပစ်ပြီး ညစ်ညူးတဲ့အရာတွေ၊ ကိုယ်ခန္ဓာ အရှက်ရစေတဲ့အရာတွေ ပြုကျင့်ဖို့ ခွင့်ပြုလိုက်တယ်။ ၂၅  သူတို့က ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို မဟုတ်ဘဲ အလိမ်အညာစကားတွေကို ယုံကြည်ဖို့ ရွေးချယ်ကြတယ်။ ထာဝစဉ်ချီးမွမ်းရမယ့် ဖန်ဆင်းရှင်ကို မဟုတ်ဘဲ ဖန်ဆင်းခံရတဲ့အရာတွေကို ကြည်ညိုပြီး ဝတ်ပြုကြတယ်။ အာမင်။* ၂၆  ဒါကြောင့် ဘုရားသခင်က သူတို့ကို စွန့်ပစ်ပြီး အရှက်ကင်းမဲ့တဲ့ ရမ္မက်အလိုအတိုင်း+ အကျင့်ပျက်ပြားဖို့ ခွင့်ပြုလိုက်တယ်။ မိန်းမတွေက သဘာဝကို လွန်ဆန်ပြီး သဘာဝနဲ့ ဆန့်ကျင်တဲ့အကျင့်တွေကို  ကျင့်ကြတယ်။+ ၂၇  ယောက်ျားတွေကလည်း သဘာဝအတိုင်း မိန်းမနဲ့ဆက်ဆံတာကို စွန့်လွှတ်ကြတယ်။ ရာဂမီးတောက်လောင်ပြီး ညစ်ညမ်းတဲ့အကျင့်တွေကို ယောက်ျားအချင်းချင်း  ပြုကျင့်ကြတယ်။+ ဒါကြောင့် အပြစ်အတွက် ထိုက်သင့်တဲ့အပြစ်ဒဏ်ကို သူတို့ အပြည့်အဝ ခံရတယ်။+ ၂၈  ဘုရားသခင်ကို သူတို့ အသိအမှတ် မပြုချင်တဲ့အတွက် ဘုရားသခင်ကလည်း သူတို့ကို စွန့်ပစ်ပြီး ယုတ်ညံ့တဲ့  အတွေးတွေအတိုင်း လုပ်ဆောင်ဖို့ ခွင့်ပြုလိုက်တယ်။ ဒါကြောင့် မသင့်လျော်တဲ့အရာတွေကို  သူတို့  ပြုကျင့်ကြတယ်။+ ၂၉  သူတို့ဆီမှာ မဖြောင့်မတ်ခြင်း၊+ ဆိုးညစ်ခြင်း၊ လောဘကြီးခြင်းအပြင်+ မကောင်းမှုအမျိုးမျိုးနဲ့လည်း ပြည့်နေတယ်။ မနာလိုစိတ်များသူ၊+ လူ့အသက်သတ်သူ၊+ ခိုက်ရန်ဖြစ်သူ၊  လှည့်စားသူ၊+  အငြိုးအတေးကြီးသူ၊+ အတင်းအဖျင်းပြောသူ၊ ၃၀  နောက်ကွယ်မှာ အပုပ်ချသူ၊+ ဘုရားသခင်ကို မုန်းတီးသူ၊ ရိုင်းစိုင်းသူ၊ မာနကြီးသူ၊ ဝါကြွားသူ၊ နစ်နာစေတဲ့အရာကို ကြံစည်သူ၊ မိဘစကား နားမထောင်သူ၊+ ၃၁  အသိတရားမရှိသူ၊+ ကတိမတည်သူ၊ ချစ်ခင်တွယ်တာစိတ်  မရှိသူ၊  အကြင်နာတရား ကင်းမဲ့သူတွေပဲ။ ၃၂  အဲဒီလိုပြုကျင့်နေသူတွေ သေဒဏ်ခံထိုက်တယ်ဆိုတဲ့+ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စီရင်ချက်ကို ကောင်းကောင်းသိထားလျက်နဲ့ သူတို့ဟာ ကိုယ်တိုင်ပြုကျင့်နေရုံမက အဲဒီလိုပြုကျင့်နေသူတွေကိုလည်း သဘောကျကြတယ်။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”