ရောမ ၁၀:၁-၂၁
၁၀ ညီအစ်ကိုတို့၊ ကျွန်တော်က အစ္စရေးလူမျိုးကို ကယ်တင်ခြင်းရစေချင်တဲ့ စေတနာနဲ့ ဘုရားသခင်ဆီ တိုးလျှိုးအသနားခံပေးပါတယ်။+
၂ သူတို့ဟာ ဘုရားသခင်အတွက် စိတ်ထက်သန်သူတွေဆိုတာ+ ကျွန်တော် တပ်အပ်ပြောနိုင်ပါတယ်။ ဒါပေမဲ့ တိကျမှန်ကန်တဲ့ အသိပညာအတိုင်း မဟုတ်ဘူး။
၃ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို+ မသိဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြောင့်မတ်ဖို့ ရှာကြံနေတဲ့အတွက်+ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို သူတို့မလိုက်နာကြဘူး။+
၄ ပညတ်တရားဟာ ခရစ်တော်ကြောင့် အဆုံးတိုင်သွားပြီ။+ ဒါကြောင့် ယုံကြည်ခြင်းရှိသူအားလုံး ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရပြီ။+
၅ ပညတ်တရား စောင့်ထိန်းခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတာနဲ့ပတ်သက်ပြီး မောရှေက “ပညတ်တွေကို လိုက်နာသူဟာ ပညတ်တွေအားဖြင့် အသက်ရှင်ရလိမ့်မယ်”+ လို့ရေးခဲ့တယ်။
၆ ဒါပေမဲ့ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတာနဲ့ ပတ်သက်ပြီး “ခရစ်တော်ကို ပြန်ခေါ်လာဖို့ ‘ဘယ်သူက ကောင်းကင်ကို တက်မှာလဲ။’+
၇ ဒါမှမဟုတ် ခရစ်တော်ကို သေရာကနေ ထမြောက်လာစေဖို့ ‘ဘယ်သူက တွင်းနက်ကြီးထဲ ဆင်းမှာလဲ’+ ဆိုပြီး စိတ်ထဲမတွေးပါနဲ့”+ လို့လည်း ရေးထားတယ်။
၈ ကျမ်းစာက ဘာပြောသလဲ။ “တရားစကားဟာ ခင်ဗျားတို့ရဲ့ နှုတ်ထဲမှာ၊ နှလုံးသားထဲမှာ၊ အနီးအနားမှာပဲ ရှိတယ်”+ လို့ပြောတယ်။ “တရားစကား” ဟာ ကျွန်တော်တို့ ဟောပြောနေတဲ့ ယုံကြည်ခြင်းနဲ့ဆိုင်တဲ့ သတင်းစကားပဲ။
၉ ဒါကြောင့် ယေရှုဟာ သခင်ဖြစ်တဲ့အကြောင်း လူသိရှင်ကြား ကြေညာမယ်ဆိုရင်၊+ ယေရှုကို သေရာကနေ ဘုရားသခင် အသက်ပြန်ရှင်စေပြီဆိုတာ စိတ်ထဲမှာ ယုံကြည်မယ်ဆိုရင် ခင်ဗျားတို့ ကယ်တင်ခံရလိမ့်မယ်။
၁၀ ဘာလို့လဲဆိုတော့ လူတစ်ယောက်က စိတ်ထဲမှာ ယုံကြည်မှသာ ဖြောင့်မတ်သူလို့ သတ်မှတ်ခံရမှာ။ ယုံကြည်ကြောင်း လူသိရှင်ကြား ကြေညာမှသာ+ ကယ်တင်ခြင်းရမှာပါ။
၁၁ “သခင်ကို ယုံကြည်တဲ့သူဟာ စိတ်ပျက်ရမှာ မဟုတ်ဘူး”+ လို့ ကျမ်းစာမှာ ပြောထားတယ်။
၁၂ ဂျူးလူမျိုးနဲ့ ဂရိလူမျိုးဆိုပြီး ခွဲခြားတာ မရှိတော့ဘူး။+ အရာအားလုံးကို အုပ်စိုးတဲ့အရှင်ဟာ တစ်ပါးတည်းပဲ။ အဲဒီအရှင်က ဆုတောင်းသူတိုင်းကို ရက်ရက်ရောရော ကောင်းချီးပေးတယ်။
၁၃ ဘာလို့လဲဆိုတော့ “ယေဟောဝါရဲ့* နာမည်ကိုခေါ်ပြီး ဆုတောင်းသူတိုင်း ကယ်တင်ခံရမယ်”+ လို့ ကျမ်းစာမှာ ရေးထားလို့ပဲ။
၁၄ ဒါပေမဲ့ မယုံကြည်တဲ့အရှင်ဆီ သူတို့ ဘယ်လိုလုပ် ဆုတောင်းမှာလဲ။ မကြားဖူးတဲ့အရှင်ကို ဘယ်လိုလုပ် ယုံကြည်မှာလဲ။ ဟောမယ့်သူမရှိရင် ဘယ်လိုလုပ် ကြားမှာလဲ။
၁၅ လူကိုမစေလွှတ်ဘဲ ဘယ်လိုလုပ် ဟောပြောမှာလဲ။+ “ကောင်းကျိုးချမ်းသာနဲ့ဆိုင်တဲ့ သတင်းကောင်းကို ကြေညာတဲ့သူရဲ့ ခြေဟာ လှပတင့်တယ်လိုက်တာ”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။
၁၆ ဒါပေမဲ့ သတင်းကောင်းကို လူတိုင်း နာယူကြတာမဟုတ်ဘူး။ ဟေရှာယက “ယေဟောဝါ၊* ကျွန်တော်တို့ပြောတဲ့ သတင်းကို ဘယ်သူယုံလို့လဲ”+ ဆိုပြီး ပြောခဲ့တယ်။
၁၇ ဒါကြောင့် လူတစ်ယောက်က ကြားနာပြီးမှ ယုံကြည်လာတာ။+ ခရစ်တော်နဲ့ဆိုင်တဲ့ တရားစကားကို ဟောပြောတဲ့သူ ရှိမှပဲ သူကြားနာရတာ။
၁၈ ဒါပေမဲ့ ကျွန်တော် တစ်ခုမေးမယ်။ အစ္စရေးတွေ မကြားလိုက်ရလို့လား။ လုံးဝမဟုတ်ဘူး။ “အဲဒီအသံဟာ မြေတစ်ပြင်လုံးအထိ၊ အဲဒီသတင်းစကားဟာ မြေကြီးစွန်းအထိ ပျံ့နှံ့သွားတယ်”+ ဆိုတဲ့ ကျမ်းစကားရှိတာပဲ။
၁၉ ကျွန်တော် မေးဦးမယ်။ အစ္စရေးတွေ မသိလိုက်လို့များလား။+ လုံးဝမဟုတ်ပါဘူး။ ဦးဆုံး၊ မောရှေက “ဘာမဟုတ်တဲ့ လူမျိုးကိုသုံးပြီး မင်းတို့ရဲ့ မနာလိုစိတ်ကို ငါဆွပေးမယ်။ ဉာဏ်ပညာမရှိတဲ့ လူမျိုးကိုသုံးပြီး မင်းတို့ကို ဒေါသထွက်အောင် ငါဆွမယ်”+ ဆိုပြီး ဘုရားရဲ့နှုတ်ထွက်စကားကို ပြောခဲ့တယ်။
၂၀ အဲဒီနောက် ဟေရှာယကလည်း “ငါ့ကို မရှာတဲ့သူတွေ ငါ့ကိုတွေ့ကြတယ်။+ ငါ့ကို မမေးတဲ့သူတွေကို ငါအသိပေးမယ်”+ ဆိုပြီး ရဲရဲရင့်ရင့်ပြောခဲ့တယ်။
၂၁ အစ္စရေးတွေနဲ့ပတ်သက်ရင်တော့ “နာခံမှုမရှိသူတွေ၊ ခေါင်းမာသူတွေကို ငါတစ်နေ့လုံး လက်ကမ်းထားတယ်”+ လို့ သူပြောခဲ့တယ်။