လုကာ ၁၁:၁-၅၄
၁၁ ယေရှုက တစ်နေရာမှာ ဆုတောင်းနေတယ်။ ပြီးသွားတဲ့အခါ တပည့်တစ်ယောက်က “သခင်၊ ကျွန်တော်တို့ကို ဆုတောင်းနည်း သင်ပေးပါ။ ယောဟန်လည်း သူ့တပည့်တွေကို သင်ပေးခဲ့တယ်” လို့ပြောတယ်။
၂ ယေရှုက “ခင်ဗျားတို့ ဆုတောင်းတဲ့အခါ ‘အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။+ နိုင်ငံတော် လာပါစေ။+
၃ ကျွန်တော်တို့ နေ့စဉ်လိုအပ်တဲ့ အစားအစာကို ပေးသနားပါ။+
၄ သူတစ်ပါးရဲ့ အပြစ်ကြွေးတွေကို ကျွန်တော်တို့ ခွင့်လွှတ်သလို+ ကျွန်တော်တို့ရဲ့ အပြစ်တွေကိုလည်း ခွင့်လွှတ်ပေးပါ။+ သွေးဆောင်မှုနောက် ပါမသွားအောင် ကူညီပေးပါ’+ လို့ဆုတောင်းကြပါ” ဆိုပြီးပြောတယ်။
၅ အဲဒီနောက် ယေရှုက “ခင်ဗျားတို့မှာ မိတ်ဆွေတစ်ယောက်ရှိတယ် ဆိုပါစို့။ မိတ်ဆွေရဲ့အိမ်ကို ညသန်းခေါင်ကြီး သွားပြီး ‘မုန့်သုံးလုံးလောက် ချေးပါဦး။
၆ ငါ့သူငယ်ချင်းတစ်ယောက် ခရီးသွားရင်း အခုလေးတင် ရောက်လာတာ။ သူ့ကိုကျွေးစရာ ဘာမှမရှိလို့ပါ’ ဆိုပြီးပြောတဲ့အခါ၊
၇ မိတ်ဆွေက ‘မနှောင့်ယှက်ပါနဲ့ကွာ။ တံခါးပိတ်ပြီးလို့ ငါ့သားသမီးတွေတောင် အိပ်ကုန်ပြီ။ ထပြီး မပေးနိုင်ဘူး’ လို့ အိမ်ထဲကနေ လှမ်းပြောတယ်။
၈ ကျွန်တော်ပြောမယ်။ သူက မိတ်ဆွေဖြစ်နေတာတောင် အိပ်ရာကထပြီး မပေးချင်ဘူး။ ဒါပေမဲ့ တောင်းတဲ့သူက ဇွဲမလျှော့ဘဲ တောင်းနေတော့+ လိုသမျှ ထပေးလိုက်ရတာပဲ။
၉ ဒါကြောင့် ကျွန်တော်ပြောမယ်။ တောင်းမြဲတောင်းပါ၊+ ရလိမ့်မယ်။ ရှာမြဲရှာပါ၊ တွေ့လိမ့်မယ်။ ခေါက်မြဲခေါက်ပါ၊ တံခါးပွင့်လာလိမ့်မယ်။+
၁၀ တောင်းတဲ့သူတိုင်း ရလိမ့်မယ်။+ ရှာတဲ့သူတိုင်း တွေ့လိမ့်မယ်။ ခေါက်တဲ့သူတိုင်းအတွက် တံခါးပွင့်လာလိမ့်မယ်။
၁၁ သားက ငါးကိုတောင်းရင် မြွေပေးမယ့်အဖေ ရှိသလား။+
၁၂ ကြက်ဥတောင်းရင် ကင်းမြီးကောက်ပေးမှာလား။
၁၃ ခင်ဗျားတို့ အပြစ်သားတွေတောင် ကိုယ့်သားသမီးကို ကောင်းတာတွေပေးတတ်ရင် ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားက တောင်းတဲ့သူတွေကို သန့်ရှင်းသော စွမ်းအားတော်* ပိုလို့တောင်ပေးမှာ မဟုတ်လား”+ လို့ပြောတယ်။
၁၄ တစ်နေ့မှာ ယေရှုက ဆွံ့အစေတဲ့ နတ်ဆိုးကို နှင်ထုတ်လိုက်တဲ့အခါ+ ဆွံ့အတဲ့သူ စကားပြောနိုင်လာတယ်။ လူတွေလည်း တအံ့တသြ ဖြစ်ကုန်ကြတယ်။+
၁၅ ဒါပေမဲ့ တချို့က “ဒီလူဟာ နတ်ဆိုးမင်း ဗေလဇေဗုလ* အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်နေတာ”+ လို့ပြောကြတယ်။
၁၆ တချို့ကျတော့ ယေရှုကို အကဲစမ်းတဲ့အနေနဲ့ ဘုရားဆီက အံ့ဖွယ်အမှုတစ်ခုလောက် ပြပါလို့ တောင်းဆိုကြတယ်။+
၁၇ သူတို့ ဘာတွေးနေမှန်းသိလို့+ ယေရှုက “နိုင်ငံတစ်ခုမှာ ပြည်သူတွေ စိတ်ဝမ်းကွဲနေရင် အဲဒီနိုင်ငံ ပျက်စီးမှာပဲ။ မိသားစုတစ်စုမှာ အိမ်သားတွေ စိတ်ဝမ်းကွဲနေရင် အဲဒီမိသားစု ပြိုကွဲမှာပဲ။
၁၈ အဲဒီလိုပဲ စာတန်ရဲ့နိုင်ငံလည်း စိတ်ဝမ်းကွဲနေရင် ဘယ်လိုလုပ် တည်မြဲမှာလဲ။ ကျွန်တော်က ဗေလဇေဗုလ အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တယ်လို့ ခင်ဗျားတို့ပြောတယ်။
၁၉ ဗေလဇေဗုလ အကူအညီနဲ့ နတ်ဆိုးတွေကို ကျွန်တော် နှင်ထုတ်တယ်ဆိုရင် ခင်ဗျားတို့ရဲ့ တပည့်တွေကရော ဘယ်သူ့အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တာလဲ။ ဒီတော့ ခင်ဗျားတို့မှားနေမှန်း ခင်ဗျားတို့ရဲ့တပည့်တွေ ထောက်ပြနေတာပဲ။
၂၀ ဘုရားသခင်ရဲ့တန်ခိုးနဲ့*+နတ်ဆိုးတွေကို ကျွန်တော်နှင်ထုတ်တာဆိုရင်တော့ ခင်ဗျားတို့ ဘုရားသခင့် နိုင်ငံတော်နဲ့ လွဲသွားပြီ။+
၂၁ ခွန်အားကြီးသူက လက်နက်အပြည့်အစုံနဲ့ သူ့အိမ်ကိုစောင့်နေရင် သူ့ပစ္စည်းတွေ လုံလုံခြုံခြုံရှိတယ်။
၂၂ ဒါပေမဲ့ သူ့ထက်ခွန်အားကြီးသူက သူ့ကို တိုက်ခိုက်အနိုင်ယူပြီး သူအားကိုးတဲ့ လက်နက်တွေကို သိမ်းယူတတ်တယ်။ ရသမျှပစ္စည်းတွေကို ခွဲဝေယူတတ်တယ်။
၂၃ ကျွန်တော့်ဘက်မှာ မရပ်တည်သူဟာ ကျွန်တော့်ရန်သူပဲ။ ကျွန်တော်နဲ့အတူ မစုသိမ်းသူဟာလည်း ကွဲလွင့်စေသူပဲ။+
၂၄ “နတ်ဆိုးတစ်ကောင်ဟာ လူထဲကထွက်ပြီး ခြောက်သွေ့တဲ့အရပ်တွေမှာ နားစရာနေရာ ရှာတယ်။ ရှာမတွေ့တဲ့အခါ ‘ငါထွက်ခဲ့တဲ့ အိမ်ကိုပဲ ပြန်တော့မယ်’+ လို့ပြောတယ်။
၂၅ သူပြန်ရောက်လာတဲ့အခါ အိမ်ဟာ လှည်းကျင်းပြီး ပြင်ဆင်ထားတာကို တွေ့တော့၊
၂၆ သူ့ထက်ဆိုးတဲ့ နတ်ဆိုးခုနစ်ကောင်ကို သွားခေါ်လာပြီး အဲဒီမှာ ဝင်နေကြတယ်။ နောက်ဆုံးတော့ အဲဒီလူရဲ့ အခြေအနေဟာ အရင်ကထက် ပိုဆိုးသွားတယ်” လို့ပြောတယ်။
၂၇ အဲဒီလိုပြောနေတုန်း လူအုပ်ထဲက အမျိုးသမီးတစ်ယောက်က “ဆရာ့ကို ဝမ်းနဲ့လွယ်ပြီး နို့တိုက်ခဲ့တဲ့ မိခင်ဟာ ပျော်ရွှင်ချမ်းမြေ့မှာပဲ”+ လို့ ပြောတော့၊
၂၈ ယေရှုက “ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လိုက်လျှောက်တဲ့သူဟာ ပိုပြီးပျော်ရွှင်ချမ်းမြေ့တယ်”+ လို့ပြန်ပြောတယ်။
၂၉ လူတွေ ကြိတ်ကြိတ်တိုး စုရုံးလာတဲ့အခါ ယေရှုက “ဆိုးညစ်တဲ့ ဒီလူမျိုးဆက်ဟာ အံ့ဖွယ်အမှုကို မြင်ချင်ကြတယ်။ ဒါပေမဲ့ ယောနအံ့ဖွယ်အမှုကလွဲလို့ ဘယ်အံ့ဖွယ်အမှုကိုမှ မြင်ရမှာ မဟုတ်ဘူး။+
၃၀ ယောန+ ကြုံခဲ့ရတာတွေဟာ နိနဝေမြို့သားတွေအတွက် အံ့ဖွယ်အမှုဖြစ်ခဲ့သလို လူသားကလည်း ဒီလူမျိုးဆက်အတွက် အံ့ဖွယ်အမှုဖြစ်လိမ့်မယ်။
၃၁ တရားစီရင်ချိန်မှာ တောင်ပြည်ရဲ့ဘုရင်မက+ ဒီလူမျိုးဆက်နဲ့အတူ အသက်ပြန်ရှင်လာပြီး ဒီလူမျိုးဆက်ဟာ အပြစ်ရှိသူတွေဖြစ်မှန်း ထောက်ပြလိမ့်မယ်။ သူဟာ ရှောလမုန်မင်းကြီးရဲ့ ပညာရှိစကားကို ကြားနာဖို့ ဟိုးအဝေးကြီးကနေ လာခဲ့လို့ပဲ။ အခု ဒီနေရာမှာ ရှောလမုန်ထက် ပိုကြီးမြတ်တဲ့သူ ရှိနေတယ်။+
၃၂ တရားစီရင်ချိန်မှာ နိနဝေမြို့သားတွေက ဒီလူမျိုးဆက်နဲ့အတူ အသက်ပြန်ရှင်လာပြီး ဒီလူမျိုးဆက်ဟာ အပြစ်ရှိသူတွေဖြစ်မှန်း ထောက်ပြကြလိမ့်မယ်။ သူတို့က ယောနဟောတဲ့ စကားကြောင့် နောင်တရခဲ့ကြလို့ပဲ။+ အခု ဒီနေရာမှာ ယောနထက် ပိုကြီးမြတ်တဲ့သူ ရှိနေတယ်။
၃၃ မီးခွက်ကိုထွန်းပြီး ချောင်ထဲမှာ ထားလေ့မရှိဘူး။ တောင်းနဲ့ အုပ်ထားလေ့မရှိဘူး။ အိမ်ထဲဝင်လာသူတွေ အလင်းရအောင် ဆီမီးတိုင်ပေါ်မှာ တင်ထားလေ့ရှိတယ်။+
၃၄ မျက်လုံးဟာ ခန္ဓာကိုယ်ရဲ့ မီးခွက်ပဲ။ တစ်ခုတည်းကိုပဲ အာရုံစိုက်ကြည့်ရင် တစ်ကိုယ်လုံး လင်းနေလိမ့်မယ်။ ဒါပေမဲ့ မနာလိုတဲ့စိတ်နဲ့ ကြည့်နေရင်* တစ်ကိုယ်လုံး မှောင်နေလိမ့်မယ်။+
၃၅ ဒါကြောင့် ခင်ဗျားတို့ရဲ့ အလင်းဟာ အမှောင်ဖြစ်မသွားအောင် နိုးကြားနေပါ။
၃၆ အစိတ်အပိုင်းတစ်ခုမှ မမှောင်ဘဲ လင်းနေတဲ့ ကိုယ်ခန္ဓာဟာ မီးခွက်လင်းနေသလိုမျိုး ထိန်ထိန်လင်းနေလိမ့်မယ်” လို့ပြောတယ်။
၃၇ အဲဒီလိုပြောပြီးတဲ့အခါ ဖာရိရှဲတစ်ယောက်က စားသောက်ဖို့ ဖိတ်ခေါ်တဲ့အတွက် ယေရှုလည်း သူ့အိမ်ထဲဝင်ပြီး စားပွဲမှာ ထိုင်တယ်။
၃၈ ယေရှု လက်မဆေးဘဲ* အစားစားတာကို အဲဒီဖာရိရှဲမြင်တဲ့အခါ အံ့သြသွားတယ်။+
၃၉ သခင်ယေရှုက “ဖာရိရှဲတို့၊ ခင်ဗျားတို့က အိုးခွက်အပြင်ဘက်ကို ဆေးကြောပါရဲ့။ အတွင်းမှာတော့ လောဘတွေ၊ ကောက်ကျစ်မှုတွေ ပြည့်နေတယ်။+
၄၀ ဆင်ခြင်ဉာဏ်မဲ့သူတို့၊ အပြင်ပိုင်းကို ဖန်ဆင်းတဲ့ဘုရားကအတွင်းပိုင်းကိုလည်း ဖန်ဆင်းထားတယ် မဟုတ်လား။
၄၁ စေတနာစိတ်နဲ့ ပေးကမ်းခြင်းအားဖြင့် နွမ်းပါးသူတွေကို ကောင်းမှုပြုကြပါ။ ဒါဆိုရင် အရာရာတိုင်းမှာ ခင်ဗျားတို့ စင်ကြယ်သွားလိမ့်မယ်။
၄၂ ဖာရိရှဲတို့၊ ခင်ဗျားတို့ အဖြစ်ဆိုးကြုံရလိမ့်မယ်။ ခင်ဗျားတို့က ပင်စိမ်း၊ စမြိတ်၊ ဆေးဖက်ဝင်အပင်အမျိုးမျိုးကို ဆယ်ဖို့တစ်ဖို့ ပေးလှူပေမဲ့+ ဘုရားသခင်လို တရားမျှတဖို့၊ မေတ္တာပြဖို့ကျတော့ လျစ်လျူရှုထားကြတယ်။ ဆယ်ဖို့တစ်ဖို့ ပေးလှူရမှာ မှန်ပေမဲ့ ဘုရားသခင်လို တရားမျှတဖို့၊ မေတ္တာပြဖို့ကိုလည်း မေ့မထားသင့်ဘူး။+
၄၃ ဖာရိရှဲတို့၊ ခင်ဗျားတို့ အဖြစ်ဆိုးကြုံရလိမ့်မယ်။ ခင်ဗျားတို့က တရားဇရပ်ဆိုရင် ရှေ့ဆုံးခုံမှာ ထိုင်ချင်တယ်။ စျေးမှာ ရိုရိုသေသေ နှုတ်ဆက်တာကို ခံချင်တယ်။+
၄၄ ခင်ဗျားတို့ အဖြစ်ဆိုးကြုံရလိမ့်မယ်။ ခင်ဗျားတို့ဟာ မမြင်သာတဲ့ သင်္ချိုင်းတွင်းတွေနဲ့ တူတယ်။+ လူတွေက သင်္ချိုင်းတွင်းမှန်း မသိဘဲ အဲဒီအပေါ်မှာ သွားလာကြတယ်” လို့ပြောတယ်။
၄၅ အဲဒီအခါ ပညတ်ကျမ်း နှံ့စပ်သူတစ်ယောက်က “ဆရာ အခုလိုပြောတာ ကျွန်တော်တို့ကိုပါ စော်ကားလိုက်တာပဲ” လို့ပြောတော့၊
၄၆ ယေရှုက “ပညတ်ကျမ်းနှံ့စပ်သူတို့၊ ခင်ဗျားတို့လည်း အဖြစ်ဆိုးကြုံရလိမ့်မယ်။ ခင်ဗျားတို့က လေးလံတဲ့ ဝန်တွေကို တခြားသူတွေရဲ့ပခုံးပေါ် တင်တတ်တယ်။ ကိုယ်တိုင်ကျတော့ လက်ဖျားနဲ့တောင်မထိဘူး။+
၄၇ “ခင်ဗျားတို့လည်း အဖြစ်ဆိုးကြုံရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ရဲ့ ဘိုးဘေးတွေက ပရောဖက်တွေကို သတ်ခဲ့တယ်။ ခင်ဗျားတို့ကျတော့ အဲဒီပရောဖက်တွေအတွက် သင်္ချိုင်းဂူ ဆောက်ပေးတယ်။+
၄၈ ဘိုးဘေးတွေရဲ့လုပ်ရပ်ကို သိလျက်နဲ့ သူတို့သတ်ခဲ့တဲ့ ပရောဖက်တွေအတွက် သင်္ချိုင်းဂူ ဆောက်ပေးတာကိုကြည့်ရင် ခင်ဗျားတို့ဟာ သူတို့နဲ့ အလိုတူအလိုပါပဲဆိုတာ သိနိုင်တယ်။+
၄၉ ဒါကြောင့် ဉာဏ်ပညာကြီးစွာနဲ့ ဘုရားသခင်က ‘ပရောဖက်တွေ၊ တမန်တော်တွေကို သူတို့ဆီ ငါစေလွှတ်မယ်။ သူတို့က တချို့ကို သတ်၊ တချို့ကို ညှဉ်းဆဲလိမ့်မယ်။
၅၀ ဒါကြောင့် ငါက ဒီလူမျိုးဆက်ကို လူ့လောကအစပြုချိန်* ကစပြီး ကျခဲ့တဲ့ ပရောဖက်အားလုံးရဲ့သွေး၊+
၅၁ အာဗေလကအစ+ ပူဇော်ရာပလ္လင်နဲ့ ဗိမာန်တော်ကြားမှာ အသတ်ခံခဲ့ရတဲ့ ဇာခရိအဆုံး+ သူတို့အားလုံးရဲ့ သွေးအတွက် ဒဏ်ခတ်မယ်’ လို့ပြောခဲ့တယ်။ ကျွန်တော်ပြောမယ်။ သူတို့ရဲ့သွေးအတွက် အဖိုးအခကို ဒီလူမျိုးဆက် ပေးဆပ်ရလိမ့်မယ်။
၅၂ “ပညတ်ကျမ်းနှံ့စပ်သူတို့၊ ခင်ဗျားတို့ အဖြစ်ဆိုးကြုံရလိမ့်မယ်။ ခင်ဗျားတို့က အသိပညာ တံခါးသော့ကို သိမ်းထားတယ်။ ကိုယ်တိုင်လည်း မဝင်ဘူး။ ဝင်မယ့်သူတွေကိုလည်း တားကြတယ်။”+
၅၃ အဲဒီကနေ ယေရှုထွက်သွားတဲ့အခါ ကျမ်းတတ်တွေ၊ ဖာရိရှဲတွေက ချောင်ပိတ်ပြီး မေးခွန်းတွေ တရစပ်မေးကြတယ်။
၅၄ ယေရှုရဲ့စကားမှာ အမှားရှာဖို့ အကွက်ဆင် မေးမြန်းကြတယ်။+
အောက်ခြေမှတ်ချက်များ
^ စာတန်ကို ရည်ညွှန်းတဲ့နာမည်။
^ မူရင်း၊ “လက်ညှိုးတော်နဲ့။”
^ ဒါမှမဟုတ်၊ “ဆိုးညစ်တဲ့အရာကို အာရုံစိုက် ကြည့်နေရင်။”
^ ထုံးတမ်းစဉ်လာနဲ့အညီ လက်မဆေးတာကို ဆိုလို။
^ အာဒံနဲ့ဧဝ သားသမီးရတဲ့အချိန်။