လုကာ ၂၁:၁-၃၈

  • ဆင်းရဲတဲ့ မုဆိုးမရဲ့ ငွေနှစ်ပြား (၁-၄)

  • အနာဂတ်အတွက် နိမိတ် (၅-၃၆)

    • စစ်ပွဲ၊ ပြင်းထန်တဲ့ မြေငလျင်၊ ကပ်ရောဂါ၊ အစာခေါင်းပါးခြင်း (၁၀၊ ၁၁)

    • ဂျေရုဆလင်ကို စစ်တပ်ဝိုင်းထား (၂၀)

    • လူမျိုးခြားတွေအတွက် သတ်မှတ်ထားချိန် (၂၄)

    • လူသား ကြွလာခြင်း (၂၇)

    • သဖန်းပင် ပုံဥပမာ (၂၉-၃၃)

    • နိုးကြားနေပါ (၃၄-၃၆)

  • ဗိမာန်တော်မှာ ယေရှုသွန်သင်ပေး (၃၇၊ ၃၈)

၂၁  ယေရှုက လူတွေကို ကြည့်နေတုန်းမှာပဲ သူဌေးတွေ အလှူငွေပုံးထဲ ငွေတွေထည့်နေတာကို မြင်တယ်။+ ၂  ဆင်းရဲတဲ့ မုဆိုးမတစ်ယောက် တန်ဖိုးသိပ်မရှိတဲ့ ဒင်္ဂါးငယ်နှစ်ပြား* ထည့်လိုက်တာကိုလည်း+ မြင်တယ်။ ၃  အဲဒီအခါ ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်။ ဆင်းရဲတဲ့ ဒီမုဆိုးမရဲ့ အလှူငွေဟာ တခြားလူအားလုံးရဲ့ အလှူငွေထက် ပိုများတယ်။+ ၄  ဘာလို့လဲဆိုတော့ တခြားသူတွေက ပိုလျှံတဲ့ငွေကို ထည့်ကြတာ။ ဒီမုဆိုးမကတော့ ဆင်းရဲပေမဲ့ သူ့ဝမ်းစာကို အကုန် ထည့်လိုက်တာ”+ လို့ပြောတယ်။ ၅  နောက်တော့ ဗိမာန်တော်ကို လှပတဲ့ကျောက်တုံးတွေ၊ အလှူပစ္စည်းတွေနဲ့ ဘယ်လို စီခြယ်ထားတဲ့အကြောင်း လူတချို့ ပြောဆိုနေကြတဲ့အခါ၊+ ၆  ယေရှုက “အခု ခင်ဗျားတို့ မြင်နေရသမျှ တစ်နေ့ ဖြိုချခံရလိမ့်မယ်။ ကျောက်တစ်တုံးပေါ် တစ်တုံးဆင့်ပြီး ကျန်နေမှာ မဟုတ်ဘူး”+ လို့ပြောတယ်။ ၇  သူတို့က “ဆရာ၊ ဒါတွေ ဘယ်တော့ဖြစ်မှာလဲ။ ဒါတွေဖြစ်တော့မယ်ဆိုရင် ဘယ်နိမိတ်တွေ မြင်ရမလဲ”+ ဆိုပြီး မေးကြတော့၊ ၈  ယေရှုက “ခင်ဗျားတို့ လမ်းမလွဲအောင် သတိထားကြပါ။+ လူအများက ကျွန်တော့်နာမည်ကိုသုံးပြီး ‘ကျုပ်ဟာ ခရစ်တော်ပဲ၊’ ‘သတ်မှတ်ချိန် ရောက်လာတော့မယ်’ ဆိုပြီး ပြောကြလိမ့်မယ်။ သူတို့နောက် ပါမသွားနဲ့။+ ၉  အဲဒီအပြင် စစ်မက်သတင်းတွေ၊ ဆူပူအုံကြွတဲ့သတင်းတွေ ကြားရတဲ့အခါ မကြောက်ပါနဲ့။ ဒါတွေ အရင်ဖြစ်ရလိမ့်မယ်။ ဒါပေမဲ့ အဆုံးကတော့ ချက်ချင်း ရောက်လာမှာ မဟုတ်ဘူး”+ လို့ပြောတယ်။ ၁၀  အဲဒီနောက် ယေရှု ဆက်ပြောတာက “လူတစ်မျိုးနဲ့ တစ်မျိုး၊+ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။+ ၁၁  ငလျင်တွေ အကြီးအကျယ် လှုပ်လိမ့်မယ်။ အစာခေါင်းပါးမှုတွေ၊ ကပ်ရောဂါဘေးတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။+ ကြောက်လန့်စရာ မြင်ကွင်းတွေ မြင်ရလိမ့်မယ်။ ကောင်းကင်မှာ လက္ခဏာတွေ ပေါ်လာတာကို ရှင်းရှင်းလင်းလင်း မြင်ရလိမ့်မယ်။ ၁၂  “အဲဒါတွေ မဖြစ်ခင်မှာ ခင်ဗျားတို့ကို ဖမ်းပြီး ညှဉ်းဆဲကြလိမ့်မယ်။+ တရားဇရပ်တွေဆီ ပို့ပြီး ထောင်ချလိမ့်မယ်။ ကျွန်တော့်နာမည်ကြောင့် ဘုရင်တွေ၊ ဘုရင်ခံတွေရှေ့ ပို့လိမ့်မယ်။+ ၁၃  အဲဒီအခါ သူတို့ကို သက်သေခံခွင့်ရလိမ့်မယ်။ ၁၄  ဒါကြောင့် သူတို့ကို ဘယ်လို ထုချေပြောဆိုရမလဲဆိုတာ ကြိုတင် မကျက်မှတ်ထားဖို့ ခင်ဗျားတို့ စိတ်ဆုံးဖြတ်ထားကြပါ။+ ၁၅  ခင်ဗျားတို့ ပြောရမယ့်စကား၊ လိုအပ်တဲ့ဉာဏ်ပညာကို ကျွန်တော်ပေးမယ်။ ခင်ဗျားတို့ကို ဆန့်ကျင်သူအားလုံး စုပေါင်းရင်တောင် ဟန့်တားနိုင်မှာ၊ ငြင်းခုံနိုင်မှာ မဟုတ်ဘူး။+ ၁၆  အဲဒီအပြင် မိဘ၊ ညီအစ်ကို၊ ဆွေမျိုး၊ မိတ်ဆွေတွေက တရားရုံးဆီ အပ်မှာဖြစ်လို့ ခင်ဗျားတို့ထဲကတချို့ အသတ်ခံရလိမ့်မယ်။+ ၁၇  ကျွန်တော့်နာမည်ကြောင့် ခင်ဗျားတို့ကို လူတွေ မုန်းကြလိမ့်မယ်။+ ၁၈  ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ဆံခြည်တစ်မျှင်တောင် ပျက်စီးမှာ မဟုတ်ဘူး။+ ၁၉  ခံနိုင်ရည်ရှိမယ်ဆိုရင် ခင်ဗျားတို့ အသက်ရလိမ့်မယ်။+ ၂၀  “ဂျေရုဆလင်မြို့ကို စစ်တပ်ဝိုင်းရံထားတာ ခင်ဗျားတို့ မြင်ရတဲ့အခါ+ ဒီမြို့ပျက်စီးတော့မယ်ဆိုတာ သိလိုက်ပါ။+ ၂၁  အဲဒီအချိန်ရောက်ရင် ယုဒနယ်မှာနေတဲ့သူတွေ တောင်ပေါ်ကို ပြေးကြ။+ မြို့ထဲကလူတွေ မြို့ပြင် ထွက်ကြ။ တောရွာက လူတွေလည်း မြို့ထဲ မဝင်နဲ့တော့။ ၂၂  အဲဒီအချိန်ဟာ ကျမ်းစာမှာ ရေးထားသမျှ ပြည့်စုံဖို့ လူတွေကို ဘုရားသခင် ဒဏ်စီရင်မယ့်အချိန် ဖြစ်လို့ပဲ။ ၂၃  အဲဒီအချိန်ကာလမှာ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ ပိုဒုက္ခရောက်လိမ့်မယ်။+ ဒီပြည်မှာ ဆင်းရဲဒုက္ခ အကြီးအကျယ် ကျရောက်ပြီး ဒီလူတွေ ပြစ်ဒဏ်ပေးခံရလိမ့်မယ်။ ၂၄  သူတို့ဟာ ဓားဘေးနဲ့ ဖျက်ဆီးခံရလိမ့်မယ်။ တခြားတိုင်းပြည်ကို သုံ့ပန်းအဖြစ် ဖမ်းခေါ်ခံရလိမ့်မယ်။+ လူမျိုးခြားတွေအတွက် သတ်မှတ်ထားချိန် စေ့သွားတဲ့အထိ ဂျေရုဆလင်မြို့ကို လူမျိုးခြားတွေ နင်းချေကြလိမ့်မယ်။+ ၂၅  “နေ၊ လ၊ ကြယ်တွေမှာ ထူးခြားတဲ့ လက္ခဏာတွေ ပေါ်လာလိမ့်မယ်။+ ကမ္ဘာမြေပေါ်က လူမျိုးအပေါင်းကလည်း စိတ်ဒုက္ခရောက်ပြီး ပင်လယ်လှိုင်းတံပိုး မြည်ဟည်းသံကြောင့် ကြံရာမရ ဖြစ်လိမ့်မယ်။ ၂၆  လူတွေဟာ ကမ္ဘာပေါ်မှာ ဖြစ်လာမယ့်အရာတွေကို မျှော်မြင်ပြီး ကြောက်လွန်းလို့ မေ့မြောသွားကြလိမ့်မယ်။ ကောင်းကင်တန်ခိုးတွေ တုန်လှုပ်လိမ့်မယ်။ ၂၇  အဲဒီနောက် လူသားက+ မိုးတိမ်ခြံရံပြီး မဟာဘုန်းတန်ခိုးနဲ့ လာတာကို သူတို့မြင်ရလိမ့်မယ်။+ ၂၈  ဒါတွေ စဖြစ်ပြီဆိုရင် ခင်ဗျားတို့ကို ကယ်တင်မယ့်အချိန် ရောက်ခါနီးပြီဖြစ်လို့ မတ်မတ်ရပ်ပြီး ခေါင်းမော့ထားကြပါ။” ၂၉  ယေရှုက အဲဒါနဲ့ပတ်သက်ပြီး ပုံဥပမာတစ်ခု ပြောပြတယ်– “သဖန်းပင်ကအစ အပင်အားလုံးကို သတိပြုကြည့်ပါ။+ ၃၀  ရွက်နုပေါက်လာတာကို မြင်ရရင် နွေရာသီ ရောက်တော့မယ်ဆိုတာ ခင်ဗျားတို့ သိတယ်။ ၃၁  အဲဒီလိုပဲ၊ ဒါတွေဖြစ်နေတာကို မြင်ရရင် ဘုရားသခင့်နိုင်ငံတော် နီးနေပြီဆိုတာ သိကြပါ။ ၃၂  ကျွန်တော် မှန်တာကိုပြောမယ်။ ဒါတွေအားလုံး မဖြစ်ခင် ဒီလူမျိုးဆက်* လုံးဝ ကွယ်ပျောက်မှာ မဟုတ်ဘူး။+ ၃၃  ကောင်းကင်နဲ့မြေကြီး ကွယ်ပျောက်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်စကားတွေ ဘယ်တော့မှ ကွယ်ပျောက်မှာ မဟုတ်ဘူး။+ ၃၄  “စားကြူးသောက်ကြူးတာတွေ၊+ ဘဝရဲ့ စိုးရိမ်ပူပန်စရာတွေကြောင့်+ စိတ်နှလုံး ဝန်ပိမနေဖို့ ခင်ဗျားတို့ သတိထားကြပါ။ အဲဒီနေ့ ရုတ်တရက် ရောက်လာတဲ့အခါ၊ ၃၅  ခင်ဗျားတို့ ထောင်ချောက်မိသွားလိမ့်မယ်။+ အဲဒီနေ့ကို မြေတစ်ပြင်လုံးမှာရှိတဲ့ လူအားလုံး ကြုံရမှာ။ ၃၆  ဒါကြောင့် နိုးကြားနေပါ။+ အမြဲ တိုးလျှိုးအသနားခံပါ။+ ဒါမှ ဒါတွေဖြစ်ပျက်လာတဲ့အခါ ခင်ဗျားတို့ လွတ်မြောက်ပြီး လူသားရှေ့မှာ ရပ်နေနိုင်လိမ့်မယ်။”+ ၃၇  ယေရှုက နေ့အချိန်ဆိုရင် ဗိမာန်တော်မှာ သွန်သင်တယ်။ ညအချိန်ဆိုရင် သံလွင်တောင်ကို ထွက်သွားပြီး နေလေ့ရှိတယ်။ ၃၈  လူတွေက ယေရှုရဲ့စကားကို ကြားနာဖို့ ဗိမာန်တော်ကို မနက်စောစော လာကြတယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “လက်တာနှစ်ပြား။” နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။