လုကာ ၂၃:၁-၅၆

  • ပိလတ်နဲ့ ဟေရုဒ်ရှေ့မှောက် ယေရှု (၁-၂၅)

  • ယေရှုနဲ့ ရာဇဝတ်သားနှစ်ယောက်ကို သစ်တိုင်တင် (၂၆-၄၃)

    • “ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာ ရှိလိမ့်မယ်” (၄၃)

  • ယေရှု သေဆုံး (၄၄-၄၉)

  • ယေရှုကို သင်္ဂြိုဟ် (၅၀-၅၆)

၂၃  ဒါနဲ့ စုရုံးနေတဲ့ လူတွေအားလုံး ထပြီး ယေရှုကို ပိလတ်မင်းဆီ ခေါ်သွားကြတယ်။+ ၂  ပြီးတော့ သူတို့က “ဒီလူဟာ ကျွန်တော်တို့ရဲ့ လူမျိုးကို လမ်းလွဲအောင်လုပ်တယ်။ ဆီဇာကို* အခွန်မဆောင်နဲ့လို့ တားတယ်။+ သူ့ကိုယ်သူ ခရစ်တော်လို့ခေါ်တဲ့ ဘုရင်ဆိုပြီး ပြောနေတယ်”+ လို့စွပ်စွဲကြတယ်။+ ၃  ပိလတ်မင်းက “မင်းဟာ ဂျူးတွေရဲ့ဘုရင် ဟုတ်သလား” လို့မေးတော့ ယေရှုက “မင်းကြီးပြောတာ အမှန်ပဲ” လို့ဖြေတယ်။+ ၄  အဲဒီအခါ ပိလတ်မင်းက “ဒီလူ့ဆီမှာ ဘာပြစ်မှုမှ ငါမတွေ့ဘူး” လို့ ပုရောဟိတ်ကြီးတွေနဲ့ လူတွေကိုပြောတော့၊+ ၅  သူတို့က “သူဟာ ဂါလိလဲပြည်ကအစ ဒီနေရာအထိ ယုဒပြည်တစ်လျှောက်လုံးမှာ လူတွေကို သွန်သင်ပြီး ပြဿနာတွေ ဖန်တီးနေပါတယ်” လို့ ထပ်တလဲလဲ ပြောကြတယ်။ ၆  ဒါကိုကြားတော့ ပိလတ်မင်းက ဒီလူ ဂါလိလဲနယ်သား ဟုတ်မဟုတ် မေးမြန်းကြည့်တဲ့အခါ၊ ၇  ဟေရုဒ်မင်းပိုင်တဲ့နယ်က ဖြစ်မှန်းသိတော့+ သူ့ဆီ ပို့လိုက်တယ်။ အဲဒီအချိန်မှာ ဟေရုဒ်မင်းက ဂျေရုဆလင်မြို့ကို ရောက်နေတယ်။ ၈  ဟေရုဒ်မင်းက ယေရှုကိုမြင်တဲ့အခါ သိပ်ပျော်သွားတယ်။ ယေရှုအကြောင်း အများကြီး ကြားထားတဲ့အတွက် သူ့ကိုတွေ့ချင်နေတာ ကြာပြီ။+ အံ့ဖွယ်အမှုတစ်ခုခု လုပ်ပြမယ်လို့လည်း မျှော်လင့်နေတာ။ ၉  ဒါနဲ့ ဟေရုဒ်မင်းက မေးခွန်းတွေ အများကြီးမေးပေမဲ့ ယေရှု တစ်ခုမှ ပြန်မဖြေဘူး။+ ၁၀  ပုရောဟိတ်ကြီးတွေနဲ့ ကျမ်းတတ်တွေလည်း အကြိမ်ကြိမ်ထပြီး ဒေါသတကြီး စွပ်စွဲပြောဆိုကြတယ်။ ၁၁  ဟေရုဒ်မင်းနဲ့ သူ့စစ်သည်တွေက ယေရှုကို အရှက်ခွဲတယ်။+ တင့်တယ်တဲ့အဝတ်ကို ဝတ်ခိုင်းပြီး လှောင်ပြောင်တယ်။+ ပြီးနောက် ပိလတ်မင်းဆီ ပြန်ပို့လိုက်တယ်။ ၁၂  အရင်တုန်းက ရန်ဘက်တွေဖြစ်တဲ့ ဟေရုဒ်မင်းနဲ့ ပိလတ်မင်းက အဲဒီနေ့မှာ ပြန်သင့်မြတ်သွားကြတယ်။ ၁၃  အဲဒီနောက် ပိလတ်မင်းက ပုရောဟိတ်ကြီးတွေ၊ ခေါင်းဆောင်တွေနဲ့ လူတွေကို ခေါ်ပြီး၊ ၁၄  “ပြည်သူပြည်သားတွေကို ပုန်ကန်အောင် လှုံ့ဆော်သူဆိုပြီး ဒီလူကို ငါ့ဆီခေါ်လာခဲ့ကြတယ်။ မင်းတို့ရှေ့မှာ သူ့ကို ငါစစ်ဆေးမေးမြန်းပေမဲ့ မင်းတို့ စွဲချက်တင်လောက်တဲ့ အပြစ်တစ်ခုကိုမှ ငါမတွေ့ဘူး။+ ၁၅  ဟေရုဒ်မင်းလည်း အပြစ်ရှာမတွေ့လို့ ငါတို့ဆီ ပြန်ပို့လိုက်တာပဲ။ ဒီလူက သေထိုက်တဲ့ပြစ်မှု တစ်ခုမှ မကျူးလွန်ဘူး။ ၁၆  ဒါကြောင့် သူ့ကို ငါဒဏ်ပေးပြီးတော့+ ပြန်လွှတ်လိုက်မယ်” လို့ပြောတယ်။ ၁၇  * ၁၈  ဒါပေမဲ့ လူအားလုံးက “သူ့ကို ရှင်းပစ်လိုက်ပါ။ ဗာရဗ္ဗကိုပဲ လွှတ်ပေးပါ” ဆိုပြီး အော်ကြတယ်။+ ၁၉  (ဗာရဗ္ဗဆိုတဲ့လူက မြို့တွင်းပုန်ကန်ထကြွမှု၊ လူသတ်မှုကြောင့် ထောင်ကျနေတာ။) ၂၀  ပိလတ်မင်းက ယေရှုကို လွှတ်ပေးချင်တဲ့အတွက် လူတွေကို ထပ်ပြောတော့၊+ ၂၁  လူတွေက “သူ့ကို သစ်တိုင်ပေါ် တင်ပါ။ သစ်တိုင်ပေါ် တင်ပါ” လို့အော်ကြတယ်။+ ၂၂  ပိလတ်မင်းကလည်း “ဘာဖြစ်လို့လဲ။ သူ ဘာမကောင်းတာ လုပ်ခဲ့လို့လဲ။ သူ့ဆီမှာ သေထိုက်တဲ့ပြစ်မှု တစ်ခုမှ ငါမတွေ့ဘူး။ ဒါကြောင့် သူ့ကိုဒဏ်ပေးပြီးတော့ လွှတ်လိုက်မယ်” လို့ တတိယအကြိမ် ပြောတယ်။ ၂၃  လူတွေက ယေရှုကို သစ်တိုင်ပေါ် တင်ပါလို့ အသံကုန်အော်ပြီး မရမက တောင်းဆိုနေတဲ့အတွက် ပိလတ်မင်း လိုက်လျောပေးတယ်။+ ၂၄  ပိလတ်မင်းက သူတို့တောင်းဆိုတဲ့အတိုင်း စီရင်ချက်ချလိုက်တယ်။ ၂၅  ပုန်ကန်မှုနဲ့ လူသတ်မှုကြောင့် ထောင်ကျနေတဲ့လူကို သူတို့တောင်းဆိုတဲ့အတိုင်း လွှတ်ပေးတယ်။ ယေရှုကိုတော့ သူတို့ဆန္ဒရှိတဲ့အတိုင်း လုပ်ဖို့ အပ်လိုက်တယ်။ ၂၆  ယေရှုကို ခေါ်ထုတ်သွားချိန်မှာ တောရွာကနေ လာနေတဲ့ ကုရေနေမြို့သား ရှိမုန်ကိုတွေ့တော့ ဖမ်းခေါ်ကြတယ်။ အဲဒီနောက် ယေရှုကိုတင်ပြီးသတ်မယ့် သစ်တိုင်ကို ထမ်းခိုင်းပြီး နောက်ကနေ လိုက်လာခိုင်းတယ်။+ ၂၇  ရင်ဘတ်ထုပြီး ငိုကြွေးနေတဲ့ အမျိုးသမီးတွေအပါအဝင် လူအများကြီး နောက်ကနေ လိုက်လာကြတယ်။ ၂၈  ယေရှုက အဲဒီအမျိုးသမီးတွေကို လှည့်ကြည့်ပြီး “ဂျေရုဆလင်မြို့သူတို့၊ ကျွန်တော့်အတွက် မငိုကြနဲ့တော့။ ကိုယ်တိုင်နဲ့ သားသမီးတွေအတွက်ပဲ ငိုကြပါ။+ ၂၉  ဘာကြောင့်လဲဆိုတော့ ‘မြုံနေတဲ့မိန်းမတွေ၊ ကလေး မမွေးဖူးသူ၊ နို့မတိုက်ဖူးသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်’ လို့ပြောကြမယ့်အချိန် ရောက်လာတော့မယ်။+ ၃၀  အဲဒီအခါကျရင် လူတွေက တောင်တွေကို ‘ငါတို့အပေါ် ပြိုကျပါ၊’ တောင်ကုန်းတွေကို ‘ငါတို့ကို ဖုံးအုပ်ပါ’ လို့ပြောကြလိမ့်မယ်။+ ၃၁  အပင်စိမ်းစိုနေချိန်မှာ ဒီလိုဖြစ်နေတယ်ဆိုရင် ခြောက်သွေ့တဲ့အခါမှာ ဘယ်လိုဖြစ်သွားမလဲ” လို့ပြောတယ်။ ၃၂  ရာဇဝတ်သား နှစ်ယောက်ကိုလည်း ယေရှုနဲ့အတူ ကွပ်မျက်ဖို့ ခေါ်ထုတ်သွားကြတယ်။+ ၃၃  ဦးခေါင်းခွံဆိုတဲ့ အရပ်ကို ရောက်လာတဲ့အခါ+ ယေရှုကို သစ်တိုင်ပေါ်တင်ပြီး သံနဲ့ရိုက်တယ်။ ရာဇဝတ်သား နှစ်ယောက်ကိုလည်း ဘယ်ဘက်မှာ တစ်ယောက်၊ ညာဘက်မှာတစ်ယောက် သံနဲ့ရိုက်တယ်။+ ၃၄  ယေရှုက “အဖ၊ သူတို့ကို ခွင့်လွှတ်ပါ။ သူတို့ဘာလုပ်နေမှန်း သူတို့မသိကြဘူး” လို့ပြောတယ်။ ပြီးတော့ ယေရှုရဲ့ ဝတ်လုံကို မဲချပြီး ခွဲဝေယူကြတယ်။+ ၃၅  လူတွေက ရပ်ကြည့်နေကြတယ်။ ခေါင်းဆောင်တွေကလည်း နှာခေါင်းရှုံ့ပြီး “ဒီလူ၊ တခြားသူကိုတော့ ကယ်နိုင်ပါရဲ့။ ဘုရားသခင် ရွေးချယ်ထားသူ ခရစ်တော်မှန်ရင် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ပါစေပေါ့”+ ဆိုပြီးပြောကြတယ်။ ၃၆  စစ်သည်တွေတောင် ယေရှုအနားလာပြီး အချဉ်ပေါက်နေတဲ့ ဝိုင်ကို ကမ်းပေးရင်း၊+ ၃၇  “မင်းဟာ ဂျူးတွေရဲ့ ဘုရင်ဆို။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ပါလား” လို့ လှောင်ပြောင်တယ်။ ၃၈  “ဂျူးတို့ရဲ့ဘုရင်” ဆိုတဲ့ စာတန်းကိုရေးပြီး ခေါင်းအပေါ်နားမှာ တပ်ထားတယ်။+ ၃၉  သစ်တိုင်တင်ခံရတဲ့ ရာဇဝတ်သား နှစ်ယောက်အနက် တစ်ယောက်က “မင်းဟာ ခရစ်တော် မဟုတ်ဘူးလား။ ကိုယ့်ကိုယ်ကိုယ်ရော ငါတို့ကိုပါ ကယ်တင်လေ” ဆိုပြီး ခနဲ့တယ်။+ ၄၀  အဲဒီအခါ နောက်တစ်ယောက်က သူ့ကို ပြစ်တင်ဆုံးမပြီး “မင်း ဘုရားသခင်ကိုမကြောက်ဘူးလား။ မင်းလည်း သူ့လို ပြစ်ဒဏ်စီရင်ခံနေရတာပဲ။ ၄၁  ငါတို့က ကိုယ်လုပ်တဲ့အပြစ်ကြောင့် ပြစ်ဒဏ်ခံထိုက်လို့ ခံနေရတာ။ သူကတော့ ဘာပြစ်မှုမှ မကျူးလွန်ဘူး” လို့ပြောတယ်။ ၄၂  ပြီးတော့ “သခင်ယေရှု၊ ဘုရင်ဖြစ်တဲ့အခါ ကျွန်တော့်ကို သတိရပါ”+ လို့ပြောတဲ့အခါ၊ ၄၃  ယေရှုက “ဒီနေ့ ကျွန်တော် မှန်တာကိုပြောမယ်။ ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာ* ရှိလိမ့်မယ်”+ လို့ပြောတယ်။ ၄၄  အဲဒီအချိန်ဟာ မွန်းတည့် ၁၂ နာရီ* လောက်ဖြစ်တယ်။ အဲဒီအချိန်ကနေ မွန်းလွဲ ၃ နာရီ* အထိ တစ်ပြည်လုံး အမှောင်ကျသွားတယ်။+ ၄၅  နေအလင်းရောင် ကွယ်ပျောက်သွားလို့ပဲ။ ဗိမာန်တော် ကန့်လန့်ကာလည်း+ အလယ်ကနေ နှစ်ခြမ်းကွဲသွားတယ်။+ ၄၆  ယေရှုက “အဖ၊ ကျွန်တော့်ရဲ့ အသက်စွမ်းအားကို* အဖလက်ထဲ အပ်ပါတယ်”+ လို့ အကျယ်ကြီး အော်ပြီးတဲ့နောက် အသက်ထွက်သွားတယ်။+ ၄၇  အဲဒီဖြစ်ရပ်တွေကို မြင်တဲ့အခါ တပ်မှူးက “သေချာတယ်၊ ဒီလူဟာ ဖြောင့်မတ်တဲ့သူပဲ” ဆိုပြီး ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းတယ်။+ ၄၈  လာကြည့်နေတဲ့ လူတွေက အဲဒီဖြစ်ရပ်တွေကို မြင်တဲ့အခါ ရင်ဘတ်ထုပြီး အိမ်ပြန်သွားကြတယ်။ ၄၉  ယေရှုကို သိကျွမ်းသူတွေရော ဂါလိလဲပြည်ကနေ အတူလိုက်ပါလာတဲ့ အမျိုးသမီးတွေပါ ခပ်လှမ်းလှမ်းမှာ ရပ်ပြီး ကြည့်နေကြတယ်။+ ၅၀  ယောသပ်လို့ခေါ်တဲ့ ကောင်စီအဖွဲ့ဝင်တစ်ယောက် ရှိတယ်။ သူဟာ လူကောင်း၊ ဖြောင့်မတ်တဲ့သူပဲ။+ ၅၁  (ကျန်တဲ့အဖွဲ့ဝင်တွေရဲ့ အကြံအစည်နဲ့ လုပ်ရပ်တွေကို သူ သဘောမတူဘူး။) သူဟာ ယုဒပြည်က အရိမသဲမြို့သားဖြစ်ပြီး ဘုရားသခင့် နိုင်ငံတော်ကို စောင့်မျှော်နေသူဖြစ်တယ်။ ၅၂  သူက ပိလတ်မင်းဆီသွားပြီး ယေရှုရဲ့အလောင်းကို တောင်းတယ်။ ၅၃  ပြီးတော့ အလောင်းကို သစ်တိုင်ပေါ်က ချ၊+ ပိတ်ချောနဲ့ပတ်ရစ်ပြီး ကျောက်ဆောင်မှာ ထွင်းထားတဲ့၊ ဘယ်သူ့ကိုမှ မသင်္ဂြိုဟ်ရသေးတဲ့ သင်္ချိုင်းဂူထဲ ထည့်တယ်။+ ၅၄  အဲဒီနေ့ဟာ အဖိတ်နေ့*+ ဖြစ်ပြီး ဥပုသ်နေ့လည်း+ စတော့မယ်။ ၅၅  ဂါလိလဲနယ်ကနေ ယေရှုနဲ့လိုက်ခဲ့တဲ့ အမျိုးသမီးတွေလည်း သင်္ချိုင်းဂူကို အတူလိုက်သွားပြီး အလောင်းကို ဘယ်လိုထားသလဲဆိုတာ ကြည့်ကြတယ်။+ ၅၆  အဲဒီနောက် သူတို့က အမွှေးနံ့သာနဲ့ ဆီမွှေးကို ပြင်ဆင်ဖို့ အိမ်ပြန်သွားတယ်။ ဒါပေမဲ့ ဥပုသ်နေ့မှာတော့+ ပညတ်တရားအတိုင်း အနားယူကြတယ်။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ရောမဧကရာဇ်ကို။”
ခက်ဆစ်ကိုကြည့်။
မူရင်း၊ “နေထွက်ပြီးနောက် ၆ ချက်တီး။”
မူရင်း၊ “နေထွက်ပြီးနောက် ၉ ချက်တီး။”
ခက်ဆစ် “စွမ်းအား” ကိုကြည့်။
ခက်ဆစ်ကိုကြည့်။