လုကာ ၉:၁-၆၂

  • အမှုဆောင်လုပ်ငန်းအတွက် တမန်တော် ၁၂ ယောက်ကို ညွှန်ကြား (၁-၆)

  • ယေရှုကြောင့် စိတ်ရှုပ်သွားတဲ့ ဟေရုဒ် (၇-၉)

  • လူ ၅,၀၀၀ ကို ယေရှု ကျွေးမွေး (၁၀-၁၇)

  • ခရစ်တော်ဖြစ်ကြောင်း ပေတရု သိမြင် (၁၈-၂၀)

  • သေဆုံးမယ့်အကြောင်း ယေရှုကြိုပြော (၂၁၊ ၂၂)

  • စစ်မှန်တဲ့ တပည့်နောက်လိုက် (၂၃-၂၇)

  • ယေရှု ကိုယ်ယောင်ပြောင်းခြင်း (၂၈-၃၆)

  • နတ်ဆိုးပူးတဲ့ လူငယ်လေးကို ကုသပေး (၃၇-၄၃က)

  • သေဆုံးမယ့်အကြောင်း ထပ်မံကြိုပြော (၄၃ခ-၄၅)

  • ဘယ်သူကြီးမြတ်ကြောင်း တပည့်တွေ ငြင်းခုံ (၄၆-၄၈)

  • ကျွန်တော်တို့ကို မဆန့်ကျင်တဲ့လူဟာ ကျွန်တော်တို့ဘက်ကပဲ (၄၉၊ ၅၀)

  • ရှမာရိရွာတစ်ရွာ ယေရှုကို လက်မခံ (၅၁-၅၆)

  • ယေရှုနောက် လိုက်နိုင်ပုံ (၅၇-၆၂)

 ယေရှုက တမန်တော် ၁၂ ယောက်ကို ခေါ်ပြီး နတ်ဆိုးအားလုံးကို နှင်ထုတ်နိုင်တဲ့၊+ ရောဂါကုသနိုင်တဲ့ တန်ခိုးအာဏာ ပေးအပ်တယ်။+ ၂  ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောဖို့၊ လူနာတွေကို ကုသပေးဖို့ သူတို့ကို စေလွှတ်ပြီး၊ ၃  “လမ်းခရီးအတွက် ဘာမှမယူသွားပါနဲ့။ ငွေ၊ တောင်ဝှေး၊ ရိက္ခာအိတ်၊ စားစရာ မယူသွားနဲ့။ အင်္ကျီအပို* မယူသွားနဲ့။+ ၄  အိမ်တစ်အိမ်ကို ဝင်တဲ့အခါ အဲဒီမြို့ကနေ မထွက်မချင်း အဲဒီအိမ်မှာပဲ တည်းခိုပါ။+ ၅  ခင်ဗျားတို့ကို လက်မခံဘူးဆိုရင်တော့ အဲဒီမြို့ကနေ ထွက်ခွာတဲ့အခါ သက်သေအနေနဲ့ ခြေထောက်က ဖုန်တွေကို ခါလိုက်ပါ”+ လို့မှာတယ်။ ၆  အဲဒီနောက် တမန်တော်တွေဟာ တစ်ရွာပြီးတစ်ရွာ သွားပြီး သတင်းကောင်း ဟောပြောတယ်။ ရောဂါတွေ ကုသပေးတယ်။+ ၇  အဲဒီအကြောင်းတွေကို နယ်စားမင်း ဟေရုဒ်ကြားတဲ့အခါ အတော်လေး စိတ်ရှုပ်သွားတယ်။ လူတချို့က ယောဟန် သေရာကနေ အသက်ပြန်ရှင်လာပြီဆိုပြီး ပြောနေလို့ပဲ။+ ၈  တချို့က ဧလိယပေါ်ထွန်းပြီလို့ ပြောကြတယ်။ တချို့ကျတော့ ရှေးခေတ် ပရောဖက်တစ်ယောက် သေရာကနေ ပြန်ရှင်လာပြီလို့ ပြောကြတယ်။+ ၉  ဟေရုဒ်မင်းက “ယောဟန်ကို ခေါင်းဖြတ်လိုက်ပြီပဲ။+ ငါကြားနေရတဲ့ သတင်းတွေက ဘယ်သူ့အကြောင်းပါလိမ့်” ဆိုပြီး ယေရှုကို သိပ်တွေ့ချင်နေတာ။+ ၁၀  တမန်တော်တွေက ယေရှုဆီ ပြန်လာတဲ့အခါ သူတို့လုပ်ခဲ့တာတွေကို ပြန်ပြောပြတယ်။+ ယေရှုက သူတို့ကိုပဲ သီးသန့်ခေါ်ပြီး ဗက်ဇဲဒလို့ခေါ်တဲ့ မြို့ကို ထွက်သွားတယ်။+ ၁၁  ဒါကို လူတွေသိသွားတော့ နောက်ကနေ လိုက်လာကြတယ်။ ယေရှုက လူတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောတယ်။ ဖျားနာသူတွေကို ကုသပေးတယ်။+ ၁၂  နေ့တာကုန်ခါနီးမှာ တမန်တော် ၁၂ ယောက်က ယေရှုဆီလာပြီး “ဆရာ၊ ဒီနေရာဟာ လူသိပ်ခေါင်တယ်။ လူတွေကို ပြန်လွှတ်လိုက်ပါ။ ဒါမှ အနီးအနားကျေးရွာတွေမှာ သူတို့ တည်းခိုပြီး စားစရာတွေ ရနိုင်မှာ” လို့ပြောတယ်။+ ၁၃  ယေရှုက “သူတို့ကို ခင်ဗျားတို့ ကျွေးလိုက်ပါ”+ လို့ပြောတော့ တပည့်တွေက “မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ပဲ ရှိတာ။ ဒီလူအားလုံးစားဖို့ ကျွန်တော်တို့ သွားဝယ်ရမှာလား” လို့မေးကြတယ်။ ၁၄  အဲဒီမှာ ယောက်ျား ၅,၀၀၀ လောက်ရှိတယ်။ ယေရှုက “လူတွေကို အယောက် ၅၀ စီ၊ အစုလိုက် ထိုင်ခိုင်းလိုက်ပါ” လို့ပြောတော့၊ ၁၅  တပည့်တွေလည်း ယေရှုပြောတဲ့အတိုင်း လူတွေကို ထိုင်ခိုင်းတယ်။ ၁၆  ယေရှုက မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကိုယူ၊ ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းတယ်။* အဲဒီနောက် မုန့်ကိုဖဲ့ပြီး တပည့်တွေကို ပေးတယ်။ တပည့်တွေက လူတွေကို ပြန်ဝေပေးတယ်။ ၁၇  အားလုံး ဝဝလင်လင် စားပြီးတဲ့နောက် စားကြွင်းစားကျန်တွေ လိုက်ကောက်တဲ့အခါ ၁၂ တောင်း ရတယ်။+ ၁၈  တစ်နေ့၊ ယေရှုတစ်ယောက်တည်း ဆုတောင်းနေချိန်မှာ တပည့်တွေ အနားရောက်လာတယ်။ ယေရှုက “လူတွေ ကျွန်တော့်ကို ဘယ်သူလို့ ပြောကြသလဲ” လို့မေးတယ်။+ ၁၉  တပည့်တွေက “နှစ်ခြင်းပေးသူ ယောဟန်လို့ ပြောကြတယ်။ တချို့က ဧလိယတဲ့။ တချို့ကျတော့ ရှေးခေတ် ပရောဖက်တစ်ယောက် သေရာကနေ ပြန်ရှင်လာတာလို့ ပြောကြတယ်” ဆိုပြီး ဖြေတယ်။+ ၂၀  ယေရှုက “ခင်ဗျားတို့ကော ကျွန်တော့်ကို ဘယ်သူလို့ ပြောမလဲ” ဆိုပြီးမေးတဲ့အခါ ပေတရုက “ဘုရားသခင် စေလွှတ်လိုက်တဲ့ ခရစ်တော်ပါ”+ လို့ဖြေတယ်။ ၂၁  အဲဒီနောက် ယေရှုက ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောပြဖို့ တပည့်တွေကို အသေအချာ မှာတယ်။+ ၂၂  ပြီးတော့ “လူသားဟာ ဒုက္ခအများကြီး ခံရမယ်။ အကြီးအကဲတွေ၊ ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ ငြင်းပယ်တာကို ခံရမယ်။ အသတ်ခံရပြီး+ သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်”+ လို့ပြောတယ်။ ၂၃  အဲဒီနောက် ယေရှုက သူတို့အားလုံးကို အခုလိုပြောတယ်– “ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်။+ ဒုက္ခသစ်တိုင်ကို* ထမ်းပြီး ကျွန်တော့်နောက်ကို အမြဲလိုက်ရမယ်။+ ၂၄  ကိုယ့်အသက်ကို ကယ်ချင်သူဟာ အသက်ဆုံးရလိမ့်မယ်။ ကျွန်တော့်ကြောင့် အသက်ဆုံးသူကတော့ အသက်ပြန်ရှင်ရလိမ့်မယ်။+ ၂၅  တစ်လောကလုံးကို ပိုင်ဆိုင်ထားပေမဲ့ အသက်ဆုံးရှုံးသွားရင် ဒါမှမဟုတ် ပျက်စီးသွားရင် ဘာအကျိုးရှိမှာလဲ။+ ၂၆  တစ်ယောက်ယောက်က ကျွန်တော့်ကြောင့်၊ ကျွန်တော့်စကားတွေကြောင့် ရှက်မယ်ဆိုရင် လူသားကလည်း မိမိရဲ့ဘုန်းတန်ခိုး၊ အဖဘုရားရဲ့ ဘုန်းတန်ခိုး၊ သန့်ရှင်းတဲ့ ကောင်းကင်တမန်တွေရဲ့ ဘုန်းတန်ခိုးနဲ့လာတဲ့အခါ သူ့ကိုလက်ခံဖို့ ရှက်လိမ့်မယ်။+ ၂၇  ကျွန်တော် မှန်တာကို ပြောမယ်။ ဒီမှာရပ်နေသူတချို့ဟာ ဘုရားသခင့်နိုင်ငံတော်ကို မမြင်ရခင် သေဆုံးမှာ မဟုတ်ဘူး။”+ ၂၈  အဲဒီလိုပြောပြီးတဲ့နောက် ရှစ်ရက်လောက်မှာ ယေရှုဟာ ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကို ခေါ်ပြီး ဆုတောင်းဖို့ တောင်ပေါ်ကို တက်သွားတယ်။+ ၂၉  သူဆုတောင်းနေတုန်းမှာ မျက်နှာက အဆင်းအရောင် ပြောင်းလာတယ်။ အဝတ်ကလည်း ဖြူဖွေးတောက်ပလာတယ်။ ၃၀  ရုတ်တရက် မောရှေနဲ့ ဧလိယ ပေါ်လာပြီး ယေရှုနဲ့ စကားပြောတယ်။ ၃၁  သူတို့လည်း ကိုယ်ယောင်ကိုယ်ဝါ တောက်ပနေတယ်။ ဂျေရုဆလင်မြို့မှာ ပြည့်စုံတော့မယ့် ယေရှုရဲ့ ထွက်ခွာခြင်းအကြောင်း ပြောနေတယ်။+ ၃၂  ပေတရု၊ ယောဟန်နဲ့ ယာကုပ်ကတော့ အိပ်ပျော်နေတယ်။ သူတို့နိုးလာတဲ့အခါ ထွန်းလင်းတောက်ပနေတဲ့+ ယေရှုကိုရော အနားမှာရပ်နေတဲ့ လူနှစ်ယောက်ကိုပါ မြင်တယ်။ ၃၃  အဲဒီလူနှစ်ယောက် ယေရှုဆီကနေ ထွက်သွားမယ့်ဆဲဆဲမှာ ပေတရုက “ဆရာ၊ ကျွန်တော်တို့ ဒီမှာရှိနေရတာ အခွင့်ထူးပါ။ ဒါကြောင့် ဒီမှာ တဲသုံးလုံး ဆောက်ပေးပါရစေ။ ဆရာ့အတွက်တစ်လုံး၊ မောရှေအတွက် တစ်လုံး၊ ဧလိယအတွက် တစ်လုံးပေါ့” လို့ပြောတယ်။ တကယ်တော့ ဘာပြောမိမှန်းတောင် သူ့ကိုယ်သူ မသိလိုက်ဘူး။ ၃၄  အဲဒီလိုပြောနေချိန်မှာပဲ တိမ်တိုက် ပေါ်လာပြီး သူတို့အပေါ် အရိပ်ကျလာတယ်။ အဲဒီနောက် တိမ်တိုက် လွှမ်းခြုံသွားတဲ့အခါ သူတို့ကြောက်နေကြတယ်။ ၃၅  အဲဒီအခါ “သူဟာ ငါရွေးချယ်တဲ့ ငါရဲ့ချစ်သားပဲ။+ သူ့စကားကို နားထောင်ကြ”+ ဆိုတဲ့အသံ တိမ်တိုက်ထဲကနေ ထွက်လာတယ်။+ ၃၆  အဲဒီအသံလည်း ထွက်လာရော ယေရှုတစ်ယောက်တည်းပဲ ရှိတော့တယ်။ တပည့်တွေက သူတို့မြင်ခဲ့တာတွေကို အချိန်အတော်ကြာတဲ့အထိ ဘယ်သူ့ကိုမှ အသိမပေးဘဲ နှုတ်ဆိတ်နေကြတယ်။+ ၃၇  နောက်တစ်နေ့ တောင်ပေါ်ကနေ ဆင်းလာတဲ့အခါ လူတွေအများကြီး ယေရှုကို ဆီးကြိုကြတယ်။+ ၃၈  လူအုပ်ထဲကနေ တစ်ယောက်က “ဆရာ၊ ကျွန်တော့်သားလေးကို လိုက်ကြည့်ပေးပါ။ တစ်ဦးတည်းသော သားလေး မို့လို့ပါ။+ ၃၉  နတ်ဝင်ပူးပြီဆိုရင် သားလေးက ကောက်ကာငင်ကာ အော်ဟစ်တတ်တယ်။ အဲဒီနတ်က သားလေးကို ပါးစပ်ကနေ အမြှုပ်ထွက်အောင်၊ တဆတ်ဆတ်တုန်ပြီး တက်သွားအောင် လုပ်တယ်။ ဒဏ်ရာရအောင်လုပ်ပြီးတာတောင် တော်ရုံနဲ့မထွက်ဘူး။ ၄၀  အဲဒီနတ်ကို နှင်ထုတ်ပေးဖို့ ဆရာ့တပည့်တွေကို အကူအညီတောင်းပေမဲ့ သူတို့ မနှင်ထုတ်နိုင်လို့ပါ” ဆိုပြီး အသနားခံတယ်။ ၄၁  ယေရှုက “ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်တဲ့ လူမျိုးဆက်၊+ ခင်ဗျားတို့နဲ့အတူ ကျွန်တော် ဘယ်လောက်ကြာကြာ ရှိနေရမှာလဲ။ ခင်ဗျားတို့ကို ဘယ်လောက်ကြာကြာ သည်းခံနေရမှာလဲ။ ခင်ဗျားရဲ့သားကို ခေါ်လာခဲ့ပါ”+ လို့ပြောတယ်။ ၄၂  အဲဒီကလေးကို ခေါ်လာနေတုန်းမှာပဲ နတ်ဆိုးက သူ့ကို မြေပေါ်လဲကျသွားအောင်၊ တဆတ်ဆတ်တုန်ပြီး တက်သွားအောင် လုပ်တယ်။ ယေရှုက နတ်ဆိုးကို ဆုံးမပြီးနောက် အဲဒီကလေးကို ကုသပေးတယ်။ ပြီးတော့ ဖခင်ဆီ အပ်လိုက်တယ်။ ၄၃  လူအားလုံးက ဘုရားသခင်ရဲ့ မဟာတန်ခိုးကို အံ့သြကြတယ်။ ယေရှုက သူလုပ်သမျှကို လူတွေ တအံ့တသြဖြစ်နေတုန်း တပည့်တွေကို၊ ၄၄  “အခုပြောမယ့်စကားကို ခင်ဗျားတို့ အသေအချာ နားထောင်ပြီး မှတ်ထားပါ။ လူသားကို သစ္စာဖောက်ပြီး လူတွေလက်ထဲ အပ်တော့မယ်”+ လို့ပြောတယ်။ ၄၅  ဒါပေမဲ့ တပည့်တွေက သူပြောတာကို နားမလည်ကြဘူး။ အဲဒီစကားရဲ့အဓိပ္ပာယ်ကို သူတို့ သဘောမပေါက်အောင် ဖုံးကွယ်ထားလို့ပဲ။ သူတို့ မေးလည်း မမေးရဲကြဘူး။ ၄၆  နောက်တော့ တပည့်တွေက ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုတာ အချင်းချင်း ငြင်းခုံကြတယ်။+ ၄၇  ယေရှုက သူတို့ ဘာတွေတွေးနေမှန်း သိတဲ့အတွက် ကလေးငယ်တစ်ယောက်ကို ခေါ်ပြီး အနားမှာ ရပ်ခိုင်းတယ်။ ၄၈  အဲဒီနောက် “ကျွန်တော့်နာမည်ကို ထောက်ပြီး ဒီကလေးငယ်ကို လက်ခံတဲ့သူဟာ ကျွန်တော့်ကို လက်ခံတဲ့သူပဲ။ ကျွန်တော့်ကို လက်ခံတဲ့သူဟာ ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ကို လက်ခံတဲ့သူပဲ။+ ခင်ဗျားတို့ထဲမှာ အနှိမ့်ချဆုံးလူဟာ အကြီးမြတ်ဆုံးလူပဲ”+ လို့ပြောတယ်။ ၄၉  ယောဟန်က “ဆရာ၊ ဆရာ့နာမည်ကိုသုံးပြီး နတ်ဆိုးနှင်ထုတ်နေတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ ကျွန်တော်တို့ထဲက မဟုတ်လို့ သူ့ကို တားလိုက်တယ်”+ လို့ ပြောတော့၊ ၅၀  ယေရှုက “သူ့ကို မတားပါနဲ့။ ခင်ဗျားတို့ကို မဆန့်ကျင်တဲ့လူဟာ ခင်ဗျားတို့ဘက်က လူပဲ” လို့ပြောတယ်။ ၅၁  ယေရှုက ကောင်းကင်တက်မယ့်အချိန် နီးလာတဲ့အခါ+ ဂျေရုဆလင်မြို့ကို သွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ၅၂  ဒါနဲ့ တပည့်တချို့ကို ကြိုလွှတ်လိုက်တယ်။ သူတို့က ယေရှုအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့ ရှမာရိရွာတစ်ရွာကို သွားတယ်။ ၅၃  ဒါပေမဲ့ ဂျေရုဆလင်မြို့ကိုသွားဖို့ ယေရှုစိတ်ပိုင်းဖြတ်ထားမှန်း ရွာသားတွေ သိသွားတဲ့အခါ ယေရှုကို မကြိုဆိုကြဘူး။+ ၅၄  ဒါကို တပည့် ယာကုပ်နဲ့ ယောဟန်+ မြင်တဲ့အခါ “သခင်၊ ကောင်းကင်ကနေ မီးကျစေပြီး သူတို့ကိုဖျက်ဆီးလိုက်ရမလား”+ လို့မေးတော့၊ ၅၅  ယေရှုက လှည့်ပြီး သူတို့ကိုဆုံးမတယ်။ ၅၆  အဲဒီနောက် တခြားရွာကို ထွက်သွားကြတယ်။ ၅၇  သူတို့သွားနေတုန်းမှာ လူတစ်ယောက်က “ဆရာ၊ ဆရာသွားလေရာ ကျွန်တော်လိုက်ပါ့မယ်” လို့ပြောတယ်။ ၅၈  ယေရှုက “မြေခွေးမှာ မြေတွင်းရှိတယ်။ ငှက်တွေမှာ နားစရာနေရာ ရှိတယ်။ လူသားကတော့ ခေါင်းချစရာတောင် မရှိဘူး”+ ဆိုပြီးပြောတယ်။ ၅၉  နောက်တစ်ယောက်ကို “ကျွန်တော့်နောက်လိုက် လုပ်ပါ” လို့ပြောတော့ သူက “ဆရာ၊ အဖေ့ကို အရင် သင်္ဂြိုဟ်ပါရစေ” လို့ ခွင့်တောင်းတယ်။+ ၆၀  ယေရှုက “လူသေကို လူသေတွေပဲ+ သင်္ဂြိုဟ်ပါစေ။ ခင်ဗျားကတော့ သွားပြီး ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောပါ”+ လို့ ပြောတယ်။ ၆၁  နောက်တစ်ယောက်ကလည်း “ဆရာ၊ ဆရာ့နောက်ကို လိုက်ပါ့မယ်။ ဒါပေမဲ့ အိမ်သားတွေကို အရင် နှုတ်ဆက်ပါရစေဦး” လို့ပြောတော့၊ ၆၂  ယေရှုက “ထွန်ကိုင်းကိုကိုင်ရင်း နောက်လှည့်ကြည့်တဲ့သူဟာ+ ဘုရားသခင့်နိုင်ငံတော်နဲ့ မထိုက်တန်ဘူး”+ လို့ပြောတယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “အင်္ကျီနှစ်ထည်။”
မူရင်း၊ “ကောင်းချီးတောင်းခံတယ်။”
ခက်ဆစ်ကိုကြည့်။