ဝတ်ပြုရာ ၂၄:၁-၂၃

  • တဲတော်မီးခွက်အတွက် ဆီ (၁-၄)

  • ရှေ့တော်မုန့် (၅-၉)

  • ဘုရားနာမည် စော်ကားပြောဆိုသူကို ကျောက်ခဲနဲ့ ပေါက်သတ် (၁၀-၂၃)

၂၄  ယေဟောဝါက  မောရှေကို မိန့်မှာတယ်– ၂  “ဆီမီးခွက်တွေကို အမြဲထွန်းထားနိုင်အောင် သံလွင်ဆီစစ်စစ် ယူလာကြဖို့ အစ္စရေးတွေကို  ပြောပါ။+ ၃  အာရုန်က တွေ့ဆုံရာတဲတော်အတွင်း၊ သက်သေခံချက် သေတ္တာရှေ့က ကန့်လန့်ကာအပြင်ဘက်မှာ ညဦးပိုင်းကနေ မနက်အထိ ယေဟောဝါရှေ့မှာ ဆီမီးခွက်တွေ အမြဲထွန်းထားနိုင်အောင် စီစဉ်ရမယ်။ ဒါဟာ မင်းတို့လူမျိုးအစဉ်အဆက် လိုက်နာရမယ့်  အမြဲတည်တဲ့ဥပဒေပဲ။ ၄  သူက ယေဟောဝါရှေ့ ရွှေစင်ဆီမီးတိုင်ပေါ်မှာ+  မီးခွက်တွေကို  အစဉ်အတိုင်း အမြဲထွန်းထားရမယ်။ ၅  “ဂျုံနုကိုယူပြီး မုန့်လက်ကောက် ၁၂ ခု ဖုတ်ပါ။ မုန့်လက်ကောက်တစ်ခုစီကို ဂျုံနုတစ်ဧဖာရဲ့* ဆယ်ပုံနှစ်ပုံနဲ့ ဖုတ်ရမယ်။ ၆  ယေဟောဝါရှေ့ ရွှေစင်စားပွဲပေါ်မှာ+ မုန့်တွေကို ခြောက်ခုစီဆင့်ပြီး နှစ်ပုံပုံထားရမယ်။+ ၇  မုန့်တစ်ပုံစီပေါ်မှာ လောဗန်* စစ်စစ်ကို တင်ထားရမယ်။ အဲဒါက ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ ကိုယ်စားပြုအလှူပဲ။+ ၈  ဥပုသ်နေ့ရောက်တိုင်း ယေဟောဝါရှေ့မှာ မုန့်ကို ပုံမှန်တင်ထားရမယ်။+ ဒါဟာ အစ္စရေးလူမျိုးနဲ့ဖွဲ့တဲ့ အမြဲတည်တဲ့ ပဋိညာဉ်ပဲ။ ၉  အဲဒီမုန့်က အာရုန်နဲ့ သူ့သားတွေအတွက်ဖြစ်ပြီး+ သန့်ရှင်းရာဌာနတော်မှာ စားရမယ်။+ ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူတွေထဲမှာ ဒီမုန့်ဟာ ပုရောဟိတ်အတွက် အသန့်ရှင်းဆုံးအရာပဲ။ ဒါဟာ အမြဲတည်တဲ့စည်းမျဉ်း ဖြစ်တယ်။” ၁၀  အစ္စရေးမိန်းမနဲ့  အီဂျစ်လူရတဲ့+ သားတစ်ယောက် ရှိတယ်။ သူဟာ စခန်းထဲမှာ အစ္စရေးတစ်ယောက်နဲ့ ရန်ဖြစ်တယ်။ ၁၁  ဘုရားသခင့်နာမည်ကို စော်ကားပြောဆိုပြီး ကျိန်ဆဲတဲ့အတွက်+ သူ့ကို မောရှေဆီ ခေါ်လာကြတယ်။+ သူ့အမေက ဒန်အနွယ်၊ ဒိဗရိရဲ့သမီး  ရှေလောမိတ်  ဖြစ်တယ်။ ၁၂  ယေဟောဝါရဲ့ ဆုံးဖြတ်ချက်ကို သေသေချာချာ မသိရခင်အထိ သူ့ကို ချုပ်နှောင်ထားလိုက်တယ်။+ ၁၃  ယေဟောဝါက  မောရှေကို ပြောတယ်– ၁၄  “ကျိန်ဆဲသူကို စခန်းအပြင်ဘက် ခေါ်ထုတ်ပါ။ သူကျိန်ဆဲတာကို ကြားတဲ့သူတိုင်း သူ့ခေါင်းပေါ် လက်တင်ရမယ်။ ပြီးတော့ အစ္စရေးတစ်မျိုးလုံး သူ့ကို ကျောက်ခဲနဲ့ ပေါက်သတ်ရမယ်။+ ၁၅  အစ္စရေးတွေကို ပြောရမှာက ‘ဘုရားသခင်ကို ကျိန်ဆဲသူတိုင်း ပြစ်ဒဏ်ခံရမယ်။ ၁၆  ယေဟောဝါရဲ့ နာမည်ကို စော်ကားပြောဆိုသူဟာ သေဒဏ်ခံရမယ်။+ အစ္စရေးတစ်မျိုးလုံး သူ့ကို ကျောက်ခဲနဲ့ ပေါက်သတ်ရမယ်။ တိုင်းတစ်ပါးသားဖြစ်စေ၊ အစ္စရေးလူမျိုးဖြစ်စေ ဘုရားသခင့်နာမည်ကို စော်ကားပြောဆိုရင် သေဒဏ်ခံရမယ်။ ၁၇  “‘လူ့အသက်သတ်သူကို သေဒဏ်ပေးရမယ်။+ ၁၈  သူတစ်ပါးရဲ့ ခြံမွေးတိရစ္ဆာန်ကို ရိုက်သတ်သူက  အသက်အတွက်အသက် ပြန်လျော်ပေးရမယ်။ ၁၉  သူတစ်ပါးကို ဒဏ်ရာရအောင်လုပ်ရင် လုပ်တဲ့သူကို  အဲဒီအတိုင်း  ပြန်ခံစေရမယ်။+ ၂၀  သူတစ်ပါးကို ဒဏ်ရာရအောင် လုပ်ရင် အရိုးကျိုးခြင်းအတွက် အရိုးကျိုးခြင်း၊ မျက်စိအတွက် မျက်စိ၊ သွားအတွက် သွားစသဖြင့် အဲဒီအတိုင်း ပြန်ခံစေရမယ်။+ ၂၁  သူတစ်ပါးရဲ့ တိရစ္ဆာန်ကို ရိုက်သတ်ရင် အစားပြန်လျော်ပေးရမယ်။+ လူကို သတ်ရင်တော့ သေဒဏ်ခံရမယ်။+ ၂၂  “‘တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊  အစ္စရေးလူမျိုးအတွက်ဖြစ်စေ တရားစီရင်ချက်တစ်မျိုးကိုပဲ ကျင့်သုံးရမယ်။+  ငါဟာ  မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။’” ၂၃  မောရှေက အစ္စရေးလူမျိုးကို ဒါတွေပြောပြပြီးတဲ့နောက် ကျိန်ဆဲသူကို စခန်းအပြင် ခေါ်ထုတ်လာပြီး ကျောက်ခဲနဲ့ ပေါက်သတ်ကြတယ်။+ ဒီနည်းနဲ့ အစ္စရေးတွေက  မောရှေကတစ်ဆင့် ယေဟောဝါ  မိန့်မှာတဲ့အတိုင်း  လုပ်ကြတယ်။

အောက်ခြေမှတ်ချက်များ

တစ်ဧဖာက ၂၂ လီတာဆံ့တဲ့ ပုံးတစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
မီးရှို့တဲ့အခါ မွှေးကြိုင်တဲ့ အဖြူရောင် သစ်စေးတစ်မျိုး။