ဟီဘရူး ၁၁:၁-၄၀
၁၁ ယုံကြည်ခြင်းဆိုတာ မျှော်လင့်တဲ့အရာတွေကို စိတ်ချစွာ စောင့်မျှော်နေတာ၊+ ကိုယ်ယုံကြည်တဲ့အရာကို မမြင်ရပေမဲ့ အမှန်တကယ်ရှိတယ်လို့ စိတ်ချနေတာ ဖြစ်တယ်။
၂ ရှေးခေတ်လူတွေဟာ ယုံကြည်ခြင်းရှိတဲ့အတွက် ဘုရားသခင်က သူတို့ကို နှစ်သက်တယ်ဆိုတာ ဖော်ပြခဲ့တယ်။
၃ ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကြောင့် လောကစနစ်တွေ* တည်ရှိလာမှန်း ကျွန်တော်တို့ သဘောပေါက်လာတာဟာ ယုံကြည်ခြင်းကြောင့်ပဲ။ မြင်ရတဲ့အရာတွေဟာ မမြင်ရတဲ့အရာတွေကနေ ဖြစ်ပေါ်လာတယ်။
၄ ယုံကြည်ခြင်းကြောင့် အာဗေလက ကာအိနရဲ့ ပူဇော်သက္ကာထက် ပိုသာလွန်တဲ့ ပူဇော်သက္ကာကို ဘုရားသခင်ဆီ ဆက်သခဲ့တယ်။+ အဲဒီယုံကြည်ခြင်းကြောင့် ဖြောင့်မတ်တယ်ဆိုတဲ့ သက်သေခံချက်ကို သူရရှိခဲ့တယ်။ သူ့ရဲ့ ပူဇော်သက္ကာကို ဘုရားသခင် နှစ်သက်တယ်။+ သူသေသွားပေမဲ့ ယုံကြည်ခြင်းအားဖြင့် အခုထိ ဟောနေတုန်းပဲ။+
၅ ယုံကြည်ခြင်းကြောင့် ဧနောက်က+ ပြောင်းရွှေ့ခံလိုက်ရပြီး သေဆုံးချိန်မှာ ဝေဒနာ မခံစားခဲ့ရဘူး။ ဘုရားသခင် ပြောင်းရွှေ့လိုက်တဲ့အတွက် သူ့ကို ရှာလို့မတွေ့ကြဘူး။+ ဒါပေမဲ့ ပြောင်းရွှေ့မခံရခင်မှာ သူဟာ ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့တဲ့သူ ဖြစ်တယ်ဆိုတဲ့ သက်သေခံချက်ကို ရရှိခဲ့တယ်။
၆ ယုံကြည်ခြင်းမရှိရင် ဘုရားသခင်ရဲ့ စိတ်တော်နဲ့ မတွေ့နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မယ်ဆိုရင် ဘုရားသခင် တည်ရှိတယ်ဆိုတာ ယုံကြည်ရမယ်။ ဘုရားသခင်ဟာ မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို ဆုချတဲ့အရှင်ပဲ ဆိုတာကိုလည်း ယုံကြည်ရမယ်။+
၇ မမြင်ရသေးတဲ့ အရာတွေအကြောင်း ဘုရားဆီက သတိပေးချက်ကို ရတဲ့အခါ+ နောဧက+ ယုံကြည်ခြင်းကြောင့် ဘုရားကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ အိမ်သူအိမ်သားတွေကို ကယ်တင်ဖို့ သင်္ဘောဆောက်တယ်။+ အဲဒီယုံကြည်ခြင်းကြောင့် လောကကို သူပြစ်တင်ရှုတ်ချခဲ့တယ်။+ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံခဲ့ရတယ်။
၈ အမွေအဖြစ် ရရှိမယ့်နေရာကိုသွားဖို့ ဘုရားသခင် ခေါ်တဲ့အခါ အာဗြဟံက+ ယုံကြည်ခြင်းကြောင့် နာခံခဲ့တယ်။ ဘယ်ကိုသွားရမှန်း မသိပေမဲ့လည်း ထွက်သွားခဲ့တယ်။+
၉ ယုံကြည်ခြင်းကြောင့် အာဗြဟံက တိုင်းတစ်ပါးမှာနေသလို ကတိထားရာပြည်မှာ တိုင်းတစ်ပါးသားအဖြစ် နေတယ်။+ အိဇက်၊ ယာကုပ်တို့နဲ့အတူ တဲထိုးပြီးနေခဲ့တယ်။+ သူတို့လည်း ကတိတော်ကို အမွေခံသူတွေပဲ။+
၁၀ အာဗြဟံက စစ်မှန်တဲ့ အုတ်မြစ်တွေရှိတဲ့မြို့၊ ဘုရားသခင် ပုံစံရေးဆွဲပြီး တည်ဆောက်တဲ့မြို့ကို စောင့်မျှော်ခဲ့တယ်။+
၁၁ စာရာက အရွယ်လွန်ချိန်မှာတောင်+ မျိုးနွယ်ကို ကိုယ်ဝန်ဆောင်နိုင်တာလည်း ယုံကြည်ခြင်းကြောင့်ပဲ။ ကတိပေးတဲ့အရှင်ဟာ သစ္စာရှိမှန်း သူယုံတာကိုး။
၁၂ ဒါကြောင့် အာဗြဟံလည်း လူသေနဲ့ မခြားတော့တဲ့+ လူတစ်ယောက်ဖြစ်ပေမဲ့ သူ့ဆီကနေ ကောင်းကင်ကြယ်လို များပြားပြီး သမုဒ္ဒရာသဲလုံးလို မရေတွက်နိုင်တဲ့+ သားသမီးတွေ ဆင်းသက်လာတယ်။+
၁၃ သူတို့ခေတ်မှာ ကတိတော်တွေ မပြည့်စုံခဲ့ပေမဲ့ အဲဒီလူအားလုံးဟာ ယုံကြည်ခြင်းရှိရှိ သေဆုံးသွားကြတယ်။+ ကတိထားရာတွေက အနာဂတ်ကျမှ ပြည့်စုံလာမှာ ဖြစ်ပေမဲ့ သူတို့အတွက်တော့ မြင်တွေ့ပြီးသားအရာလို ဖြစ်ပြီး+ ဝမ်းသာအားရ ကြိုဆိုခဲ့ကြတယ်။ အဲဒီပြည်မှာ သူစိမ်းတွေ၊ ယာယီနေထိုင်သူတွေဖြစ်မှန်း အတိအလင်း ပြောခဲ့တယ်။
၁၄ အဲဒီလိုပြောခဲ့သူတွေက ကိုယ်ပိုင်နေရာတစ်ခုကို ထက်ထက်သန်သန် ရှာနေတယ်ဆိုတာ အထင်အရှား ဖော်ပြခဲ့တယ်။
၁၅ ထွက်လာခဲ့တဲ့နေရာကို+ သူတို့ တမ်းတနေတယ်ဆိုရင် ပြန်သွားနိုင်တာပဲ။
၁၆ ဒါပေမဲ့ ကောင်းကင်နဲ့ဆိုင်တဲ့ ပိုမြတ်တဲ့နေရာကို ရောက်ဖို့ သူတို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က သူတို့ရဲ့ဘုရားလို့ အခေါ်ခံရတာကို မရှက်ဘူး။+ သူတို့အတွက် မြို့တစ်မြို့ကိုတောင် ပြင်ဆင်ထားတယ်။+
၁၇ ဘုရားသခင် စမ်းသပ်တဲ့အခါ+ အာဗြဟံက ယုံကြည်ခြင်းကြောင့် အိဇက်ကို တကယ် ပူဇော်တော့မလို့ပဲ။
၁၈ “မင်းရဲ့မျိုးနွယ်လို့ အခေါ်ခံရမယ့်သူဟာ အိဇက်ကနေ ဆင်းသက်လာမယ်”+ ဆိုတဲ့ ကတိကို ဝမ်းမြောက်ဝမ်းသာ ရထားတာတောင် တစ်ဦးတည်းသောသားကို ပူဇော်ဖို့ လုပ်ခဲ့တယ်။+
၁၉ သားအိဇက်ကို သေခြင်းကနေ ဘုရားသခင် ထမြောက်စေနိုင်တယ်လို့ သူယုံတယ်။ တကယ်လည်း သူ့သားကို သေခြင်းကနေ ပြန်ရသလိုပါပဲ။ ဒါဟာ အနာဂတ်မှာ ဖြစ်လာမယ့်အရာကို ဖော်ပြတယ်။+
၂၀ ယုံကြည်ခြင်းကြောင့် အိဇက်လည်း နောင်ဖြစ်မယ့်အရာတွေနဲ့ ပတ်သက်ပြီး ယာကုပ်နဲ့+ ဧသောကို+ ကောင်းချီးပေးခဲ့တယ်။
၂၁ ယုံကြည်ခြင်းကြောင့် ယာကုပ်က သေဆုံးခါနီးမှာ+ ယောသပ်ရဲ့သား နှစ်ယောက်ကို ဆုမွန်ကောင်းတောင်းပေးခဲ့တယ်။+ တောင်ဝှေးကိုမှီရင်း ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခဲ့တယ်။+
၂၂ ယုံကြည်ခြင်းကြောင့် ယောသပ်က အစ္စရေးတွေ အီဂျစ်ပြည်ကနေ ထွက်ရလိမ့်မယ်လို့ သေဆုံးခါနီးမှာ ပြောခဲ့တယ်။ သူ့အရိုးတွေကို အဲဒီကနေ သယ်သွားဖို့ မှာကြားခဲ့တယ်။+
၂၃ ယုံကြည်ခြင်းကြောင့် မိဘတွေက မောရှေကို သုံးလကြာ ဝှက်ထားခဲ့တယ်။+ မွေးလာတဲ့ အဲဒီကလေး ချစ်စရာကောင်းတာကို+ မြင်ပြီး ဘုရင့်အမိန့်ကို မကြောက်ခဲ့ဘူး။+
၂၄ မောရှေက ကြီးပြင်းလာတဲ့အခါ+ ဘုရင့်သမီးတော်ရဲ့ သားလို့ အခေါ်ခံရမယ့်ဘဝကို ယုံကြည်ခြင်းကြောင့် ငြင်းပယ်ခဲ့တယ်။+
၂၅ အပြစ်မှာ ခဏပျော်ပါးဖို့ထက် ဘုရားသခင်ရဲ့ လူတွေနဲ့အတူ ညှဉ်းဆဲခံဖို့ ရွေးချယ်ခဲ့တယ်။
၂၆ ရရှိမယ့်ဆုကျေးဇူးကို အာရုံစူးစိုက်ခဲ့တဲ့အတွက် ဘိသိက်ပေးထားသူအဖြစ် ကဲ့ရဲ့ရှုတ်ချခံရတာဟာ အီဂျစ်ပြည်မှာ စည်းစိမ်ခံစားရတာထက် ပိုမြတ်တယ်လို့ သူ ယူဆခဲ့တယ်။
၂၇ ဘုရင့်အမျက်ကိုမကြောက်ဘဲ+ ယုံကြည်ခြင်းကြောင့် အီဂျစ်ပြည်ကနေ ထွက်ခဲ့တယ်။+ မမြင်ရတဲ့အရှင်ကို+ မြင်နေရသလိုပဲ သူ တည်မြဲတည်ကြည်ခဲ့တယ်။
၂၈ ယုံကြည်ခြင်းကြောင့် ပသခါပွဲကို* သူကျင်းပပြီး တံခါးထုပ်တွေမှာ သွေးသုတ်လိမ်းခဲ့တယ်။ ဒါကြောင့် ဖျက်ဆီးသူက အစ္စရေးတွေရဲ့ သားဦးကို အန္တရာယ်မပေးနိုင်ခဲ့ဘူး။+
၂၉ ယုံကြည်ခြင်းကြောင့် အစ္စရေးတွေက ပင်လယ်နီကို ခြောက်သွေ့တဲ့ မြေပြင်လို ဖြတ်သွားခဲ့တယ်။+ ဖြတ်ဖို့ကြိုးစားတဲ့ အီဂျစ်လူတွေကတော့ ရေနစ်သေဆုံးသွားတယ်။+
၃၀ ယေရိခေါမြို့ရိုးကို သူတို့ ခုနစ်ရက် လှည့်ပတ်ပြီးနောက် မြို့ရိုးပြိုကျသွားတာ ယုံကြည်ခြင်းကြောင့်ပဲ။+
၃၁ ပြည့်တန်ဆာရာခပ်က သူလျှိုတွေကို ဖော်ဖော်ရွေရွေ လက်ခံခဲ့တာ၊ နာခံမှုမရှိသူတွေနဲ့အတူ မပျက်စီးခဲ့တာ ယုံကြည်ခြင်းကြောင့်ပဲ။+
၃၂ ကျွန်တော် ဘယ်သူ့အကြောင်း ပြောရဦးမလဲ။ ဂိဒေါင်၊+ ဗာရက်၊+ ရှံဆုန်၊+ ယေဖသ၊+ ဒါဝိဒ်၊+ ရှမွေလနဲ့+ တခြားပရောဖက်တွေအကြောင်းသာ ဆက်ပြောနေရရင် အချိန်လောက်မှာ မဟုတ်တော့ဘူး။
၃၃ ယုံကြည်ခြင်းကြောင့် တိုင်းနိုင်ငံတွေကို သူတို့ အနိုင်ရခဲ့တယ်၊+ ဖြောင့်မတ်ခြင်း ဆောင်ကြဉ်းပေးခဲ့တယ်။ ကတိတော်တွေ ရရှိခဲ့တယ်၊+ ခြင်္သေ့နှုတ်ကို ပိတ်ခဲ့တယ်။+
၃၄ မီးအရှိန်ကို ငြိမ်းသတ်ခဲ့တယ်၊+ ဓားဘေးကနေ လွတ်မြောက်ခဲ့တယ်၊+ အားနည်းရာကနေ အားကြီးလာခဲ့တယ်၊+ စစ်မက်ရေးရာမှာ ခွန်အားကြီးလာခဲ့တယ်၊+ ကျူးကျော်လာတဲ့တပ်တွေကို ချေမှုန်းခဲ့တယ်။+
၃၅ အမျိုးသမီးတွေလည်း ချစ်ရသူတွေ ရှင်ပြန်ထမြောက်လာတဲ့အတွက်+ သူတို့ကို ပြန်ရခဲ့တယ်။ တချို့အမျိုးသားတွေကျတော့ လွတ်မြောက်ဖို့အတွက် ယုံကြည်ခြင်းကို စွန့်လိုက်မယ့်အစား ပိုမြတ်တဲ့ ရှင်ပြန်ထမြောက်ခြင်းကို ရဖို့ ညှဉ်းဆဲခံခဲ့ကြတယ်။
၃၆ တချို့က ကဲ့ရဲ့ခံရတယ်၊ ရိုက်ပုတ်ခံရတယ်။ ဒါတင်မကသေးဘူး၊ ချည်နှောင်ခံရပြီး+ အကျဉ်းချခံရတယ်။+ ဒီနည်းတွေနဲ့ စမ်းသပ်ခံခဲ့ရတယ်။
၃၇ ကျောက်ခဲနဲ့ အပေါက်ခံရတယ်။+ ရုံးတင်စစ်ဆေးခံရတယ်။ လွှနဲ့ နှစ်ပိုင်းဖြတ်ခံရတယ်။ ဓားနဲ့ ကွပ်မျက်ခံရတယ်။+ သိုးသားရေတွေ၊ ဆိတ်သားရေတွေ ဝတ်ခဲ့ရတယ်။+ ဆင်းရဲနွမ်းပါးခဲ့ရတယ်။ ဒုက္ခရောက်ခဲ့တယ်၊+ မတရား အနိုင်ကျင့်ခံခဲ့ရတယ်။+
၃၈ ဒီလောကဟာ သူတို့နဲ့ မထိုက်တန်ဘူး။ တောကြိုတောင်ကြားမှာ သူတို့ လှည့်လည်သွားလာခဲ့ရတယ်။ ဥမင်တွေ၊ လိုဏ်ဂူတွေမှာ+ နေခဲ့ရတယ်။
၃၉ သူတို့အားလုံးဟာ ယုံကြည်ခြင်းကြောင့် ဘုရားသခင်နှစ်သက်တယ်ဆိုတဲ့ သက်သေခံချက်ကို ရရှိခဲ့ပေမဲ့ သူတို့ခေတ်မှာ ကတိတော်မပြည့်စုံခဲ့ဘူး။
၄၀ ဘာလို့လဲဆိုတော့ ဘုရားသခင်က ကျွန်တော်တို့ကို ပိုကောင်းတဲ့အရာ ပေးဖို့ စိတ်ကူးထားလို့ပဲ။+ ကျွန်တော်တို့ပါမှပဲ သူတို့ ပြည်ဝစုံလင်နိုင်မယ်။