ဟီဘရူး ၁၃:၁-၂၅
၁၃ ညီရင်းအစ်ကိုမေတ္တာနဲ့ အချင်းချင်း ချစ်မြဲချစ်နေကြပါ။+
၂ ဧည့်ဝတ်ကျေပွန်ဖို့* မမေ့ပါနဲ့။+ ဧည့်ဝတ်ပြုခဲ့သူတချို့က ကောင်းကင်တမန်တွေမှန်း မသိဘဲ ဧည့်ဝတ်ပြုခဲ့ကြတယ်။+
၃ အကျဉ်းကျနေတဲ့သူတွေကို ကိုယ်လည်း သူတို့နဲ့အတူ အကျဉ်းကျနေတယ်လို့ သဘောထားပြီး+ သတိရကြပါ။+ ခင်ဗျားတို့ကိုယ်တိုင် ကမ္ဘာပေါ်မှာ အသက်ရှင်နေတုန်းဖြစ်လို့* ညှဉ်းဆဲခံရသူတွေကို သတိရကြပါ။
၄ အိမ်ထောင်မင်္ဂလာကို လူတိုင်း လေးစားရမယ်။ အိမ်ထောင်မင်္ဂလာကို မညစ်ညူးစေပါနဲ့။+ လိင်အကျင့်ယိုယွင်းသူတွေ၊* အိမ်ထောင်ရေးဖောက်ပြန်သူတွေကို ဘုရားသခင် ပြစ်ဒဏ်စီရင်လိမ့်မယ်။+
၅ ခင်ဗျားတို့ရဲ့ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ။+ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ။+ “မင်းတို့ကို ငါ ဘယ်တော့မှပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး”+ လို့ ဘုရားသခင် ပြောထားတာပဲ။
၆ ဒါကြောင့် “ယေဟောဝါဟာ* ကူညီမစရှင်ဖြစ်တဲ့အတွက် ငါ ဘာကိုမှမကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ”+ ဆိုပြီး ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ ပြောနိုင်တယ်။
၇ ခင်ဗျားတို့ကို ဦးဆောင်နေသူတွေ၊+ ဘုရားသခင့် တရားစကားအကြောင်း ဟောပြောသွန်သင်ပေးခဲ့သူတွေကို သတိရပါ။ သူတို့ရဲ့ လုပ်ရပ်ကြောင့်ဖြစ်လာတဲ့ ကောင်းကျိုးတွေကို စဉ်းစားဆင်ခြင်ပြီး သူတို့ရဲ့ယုံကြည်ခြင်းကို အတုယူပါ။+
၈ ယေရှုခရစ်ဟာ အရင်တုန်းကရော၊ အခုရော၊ နောင်ရော ထာဝရမပြောင်းလဲဘူး။
၉ ထူးဆန်းတဲ့ သွန်သင်ချက်အမျိုးမျိုးကြောင့် လမ်းမလွဲသွားပါနဲ့။ အစားအစာကို* မဟုတ်ဘဲ မဟာကရုဏာကို အားထားပြီး စိတ်နှလုံးကို ခိုင်ခံ့အောင်လုပ်ပါ။ အစားအစာကိုပဲ အရေးပေးလွန်းတဲ့သူဟာ ဘာအကျိုးမှ မရဘူး။+
၁၀ ကျွန်တော်တို့မှာ ပူဇော်ရာပလ္လင်တစ်ခု ရှိတယ်။ ဒါပေမဲ့ တဲတော်မှာ အမှုဆောင်တဲ့သူတွေက အဲဒီပလ္လင်ပေါ် ဆက်သထားတာကို စားသုံးခွင့်မရှိဘူး။+
၁၁ ပုရောဟိတ်မင်းက တိရစ္ဆာန်တွေရဲ့ သွေးကို အပြစ်ဖြေရာအလှူအဖြစ် အသန့်ရှင်းဆုံးအခန်းထဲ ယူသွားရတယ်။ အကောင်တွေကိုတော့ စခန်းအပြင် ထုတ်ပြီး မီးရှို့ရတယ်။+
၁၂ ဒါကြောင့် ယေရှုကလည်း လူတွေကို မိမိသွေးနဲ့ သန့်စင်ပေးနိုင်ဖို့+ မြို့တံခါးရဲ့အပြင်ဘက်မှာ+ အသေခံခဲ့တယ်။
၁၃ ဒါကြောင့် ယေရှုရှိရာ စခန်းအပြင်ကိုထွက်ပြီး ယေရှုခံခဲ့ရတဲ့ ကဲ့ရဲ့ရှုတ်ချမှုတွေကို ခံယူကြစို့။+
၁၄ ဒီနေရာမှာတော့ ကျွန်တော်တို့အတွက် တည်မြဲတဲ့မြို့ မရှိဘူး။ နောင်တည်မယ့်မြို့ကိုပဲ စိတ်ထက်သန်စွာ ကျွန်တော်တို့ စောင့်မျှော်နေတယ်။+
၁၅ ဒါကြောင့် ယေရှုကတစ်ဆင့် ဘုရားသခင်ကို အမြဲချီးမွမ်းကြစို့။+ အဲဒီလိုချီးမွမ်းတာက ဘုရားသခင်ဆီ ပူဇော်သက္ကာ ဆက်သတာနဲ့ တူတယ်။ ကျွန်တော်တို့က ဘုရားသခင်ရဲ့နာမည်ကို လူအများသိအောင်+ နှုတ်နဲ့ချီးမွမ်းကြတယ်။+
၁၆ ဒါ့အပြင် ကောင်းမှုပြုဖို့၊ ကိုယ့်မှာရှိတာကို သူတစ်ပါးကို ဝေမျှဖို့ မမေ့ပါနဲ့။+ ဘာလို့လဲဆိုတော့ အဲဒီလိုပူဇော်သက္ကာတွေကို ဘုရားသခင် နှစ်သက်တယ်။+
၁၇ ခင်ဗျားတို့ကို ဦးဆောင်တဲ့သူတွေကို နာခံပါ၊+ လက်အောက်ခံပါ။+ ခင်ဗျားတို့ကို သူတို့ ဂရုစိုက်စောင့်ရှောက်ပေးနေတယ်။ တကယ်တော့ အဲဒီအတွက် သူတို့ကိုယ်တိုင် ဖြေရှင်းချက်ပေးရမှာ။+ သူတို့ရဲ့တာဝန်ကို ပျော်ပျော်ရွှင်ရွှင် မဟုတ်ဘဲ သက်ပြင်းချပြီး လုပ်ဆောင်နေရရင်တော့ ခင်ဗျားတို့ပဲအကျိုးယုတ်လိမ့်မယ်။
၁၈ ကျွန်တော်တို့အတွက် အမြဲဆုတောင်းပေးပါ။ ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်စိတ် ရှိနေတဲ့အတွက် အမှားအမှန်သိစိတ် ကြည်လင်နေမှန်း ကိုယ့်ကိုယ်ကိုယ် ယုံတယ်။+
၁၉ ခင်ဗျားတို့ဆီ ကျွန်တော် အမြန်ဆုံးရောက်လာနိုင်အောင် ဆုတောင်းပေးကြပါလို့လည်း အထူးတိုက်တွန်းချင်တယ်။
၂၀ ငြိမ်သက်ခြင်းရဲ့အရှင် ဘုရားသခင်က သိုးထိန်းကြီး+ သခင်ယေရှုကို ထာဝရပဋိညာဉ်ရဲ့သွေးနဲ့ တစ်ပါတည်း သေခြင်းကနေ ထမြောက်စေခဲ့တယ်။
၂၁ ဘုရားသခင်က ခင်ဗျားတို့ကို မိမိရဲ့အလိုတော်ဆောင်နိုင်ဖို့ ကောင်းတဲ့အရာမှန်သမျှနဲ့ ပြည့်စုံအောင် လုပ်ပေးပါစေ။ မိမိနှစ်သက်ရာကို လုပ်ဆောင်နိုင်ဖို့ ခင်ဗျားတို့ကို ယေရှုခရစ်ကတစ်ဆင့် လှုံ့ဆော်ပေးပါစေ။ ဘုရားသခင်ရဲ့ ဘုန်းတော် အစဉ်ထာဝရ ထင်ရှားပါစေ။ အာမင်။*
၂၂ ညီအစ်ကိုတို့၊ ဒီအားပေးစာကို ဖတ်တဲ့အခါ စိတ်ရှည်ရှည်နဲ့ နားထောင်ဖို့ တိုက်တွန်းချင်တယ်။ ကျွန်တော်ရေးတဲ့ စာက တိုတိုလေးပါ။
၂၃ ညီအစ်ကိုတိမောသေ လွတ်လာပြီဆိုတဲ့ အကြောင်းကိုလည်း သိစေချင်တယ်။ မကြာခင် ခင်ဗျားတို့ဆီ သူလာတဲ့အခါ ကျွန်တော်လည်း အတူ လိုက်လာမယ်။
၂၄ ခင်ဗျားတို့ကို ဦးဆောင်နေသူတွေ၊ သန့်ရှင်းသူတွေ အားလုံးကို နှုတ်ဆက်ပေးပါ။ အီတလီပြည်မှာ+ ရှိနေတဲ့သူတွေလည်း ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ပါတယ်။
၂၅ ခင်ဗျားတို့အားလုံး မဟာကရုဏာ ခံစားရပါစေ။
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “သူစိမ်းတွေကို ကြင်နာမှုပြဖို့။”
^ “သူတို့နဲ့အတူ ဒုက္ခခံစားနေရသလိုမျိုး” လည်းဖြစ်နိုင်။
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ အစားအစာနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို ဆိုလို။
^ ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”