ဟီဘရူး ၅:၁-၁၄
၅ လူတွေကိုယ်စား ဘုရားသခင်အတွက် အမှုဆောင်ဖို့ လူတွေထဲက ရွေးချယ်ခန့်အပ်ခံရတဲ့ ပုရောဟိတ်မင်းက+ အလှူတွေ၊ ပူဇော်သက္ကာတွေ ဆက်သပြီး အပြစ်ဖြေပေးရတယ်။+
၂ မသိနားမလည်ဘဲ အမှားလုပ်မိသူတွေကို သနားစာနာစိတ်နဲ့ သူဆက်ဆံပေးနိုင်တယ်။ သူကိုယ်တိုင်က အားနည်းချက်ရှိနေတာကိုး။
၃ ဒါကြောင့် သူက အပြစ်ဖြေရာအလှူကို လူတွေအတွက် ဆက်သရသလို မိမိကိုယ်တိုင်အတွက်လည်း ဆက်သရတယ်။+
၄ လူတစ်ယောက်က ပုရောဟိတ်မင်း တာဝန်ကို ကိုယ့်သဘောနဲ့ကိုယ် ယူလို့ရတာ မဟုတ်ဘူး။ အာရုန်လိုပဲ ဘုရားသခင်ခန့်အပ်မှသာ ပုရောဟိတ်မင်း ဖြစ်နိုင်တာပါ။+
၅ အလားတူ၊ ခရစ်တော်လည်း ပုရောဟိတ်မင်းတာဝန်ကို ကိုယ့်သဘောနဲ့ကိုယ် ယူပြီး မိမိကိုယ်ကို ချီးမြှောက်ခဲ့တာ မဟုတ်ဘူး။+ “မင်းဟာ ငါ့သားပဲ။ ဒီနေ့၊ ငါဟာ မင်းရဲ့ဖခင်ဖြစ်လာပြီ”+ လို့ ပြောခဲ့တဲ့ ဘုရားသခင်က သူ့ကို ချီးမြှောက်ခဲ့တာ။
၆ “မင်းဟာ မေလခိဇေဒက်လို ပုရောဟိတ်မျိုး ထာဝစဉ်ဖြစ်ရလိမ့်မယ်”+ လို့လည်း ကျမ်းတစ်ချက်မှာ ဘုရားသခင် ပြောထားတယ်။
၇ ခရစ်တော်က လူသားတစ်ဦးအဖြစ် ကမ္ဘာမြေပေါ် အသက်ရှင်ခဲ့တုန်းက မိမိကို သေခြင်းကနေ ကယ်တင်ပေးနိုင်တဲ့အရှင်ဆီ အော်ဟစ်ငိုကြွေးပြီး တိုးလျှိုးအသနားခံခဲ့တယ်။ မျက်ရည်ကျပြီး အသနားခံ ဆုတောင်းခဲ့တယ်။+ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့အတွက် သူဆုတောင်းတာကို ဘုရားသခင် နားထောင်ခဲ့တယ်။
၈ ဘုရားသခင်ရဲ့သားဖြစ်ပေမဲ့ ဆင်းရဲဒုက္ခခံခြင်းအားဖြင့် နာခံတတ်ဖို့ သင်ယူခဲ့တယ်။+
၉ သူ အရည်အချင်း လုံးဝပြည့်မီသွားတဲ့နောက်+ နာခံသူအားလုံးဟာ သူ့အားဖြင့် ထာဝရကယ်တင်ခြင်းရဖို့ လမ်းပွင့်သွားတယ်။+
၁၀ ဘာလို့လဲဆိုတော့ ဘုရားသခင်က သူ့ကို မေလခိဇေဒက်လို ပုရောဟိတ်မင်းဖြစ်ဖို့ ခန့်အပ်လိုက်လို့ပဲ။+
၁၁ သူနဲ့ပတ်သက်ပြီး ပြောစရာအများကြီးရှိပေမဲ့ ခင်ဗျားတို့မှာ သိချင်တတ်ချင်စိတ်မရှိတော့* ရှင်းပြဖို့ ခက်တယ်။
၁၂ တကယ်တော့ အခုလောက်ဆို ခင်ဗျားတို့ဟာ ဆရာတွေ ဖြစ်သင့်ပြီ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်နဲ့ဆိုင်တဲ့ အခြေခံအကြောင်းတွေကို တခြားလူဆီက ပြန်သင်ယူဖို့ လိုနေသေးတယ်။+ ခင်ဗျားတို့ဟာ မာတဲ့အစာ မစားဘဲ နို့ကိုသာ သောက်သုံးနေတဲ့လူနဲ့ တူနေတယ်။
၁၃ နို့ကို အမြဲသောက်သုံးတဲ့သူဟာ ကလေးပဲ။ ဒါကြောင့် ဖြောင့်မတ်ခြင်းနဲ့ဆိုင်တဲ့ တရားစကားကို အကျွမ်းတဝင် မရှိဘူး။+
၁၄ မာတဲ့အစာကိုတော့ ရင့်ကျက်သူတွေပဲ စားတယ်။ သူတို့ဟာ ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲအသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထားတယ်။
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ခင်ဗျားတို့ နားထိုင်းတော့။”