ဟီဘရူး ၆:၁-၂၀
၆ ဒါကြောင့် ခရစ်တော်နဲ့ဆိုင်တဲ့ အခြေခံအယူဝါဒတွေကို ချန်ထားပြီး+ ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းကြစို့။+ အခြေခံသွန်သင်ချက်တွေကိုပဲ ထပ်ခါထပ်ခါ လေ့လာမနေကြနဲ့တော့။ အဲဒါတွေကတော့ သေခြင်းနဲ့ဆိုင်တဲ့ အကျင့်တွေအတွက် နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊
၂ နှစ်ခြင်းအမျိုးမျိုး၊ လက်တင်ခြင်း၊+ သေလွန်သူတွေ ရှင်ပြန်ထမြောက်ခြင်း၊+ ထာဝရ တရားစီရင်ခြင်းစတဲ့ သွန်သင်ချက်တွေပဲ။
၃ ဘုရားသခင် ခွင့်ပြုမယ်ဆိုရင် ရင့်ကျက်တဲ့အဖြစ်ကို ကျွန်တော်တို့ တက်လှမ်းနိုင်မှာပါ။
၄ တစ်ချိန်တုန်းက အလင်းထဲ ရောက်ဖူးသူ၊+ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းဖူးသူ၊ သန့်ရှင်းသော စွမ်းအားတော်ကို ခံယူဖူးသူ၊
၅ ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့ တရားစကားကို ရရှိဖူးသူ၊ နောင်လာမယ့် လောကစနစ်* မှာရမယ့် ကောင်းချီးတွေကို* မြည်းစမ်းဖူးသူတွေ ဖြစ်လျက်နဲ့၊
၆ ယုံကြည်ခြင်းကနေ လမ်းလွဲသွားသူတွေကို+ နောင်တရအောင်၊ အသိတရား ပြန်ရအောင်လုပ်ဖို့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့အဖြစ်က ဘုရားသခင်ရဲ့သားကို နောက်တစ်ကြိမ် သစ်တိုင်တင်ပြီး လူအများရှေ့ အရှက်ရအောင်လုပ်သလို ဖြစ်နေလို့ပဲ။+
၇ ဥပမာ၊ မြေကြီးက ရွာကျလာတဲ့ မိုးရေကို စုပ်ယူပြီး စိုက်ပျိုးသူအတွက် သီးနှံဖြစ်ထွန်းစေတဲ့အခါ ဘုရားသခင်ဆီက ကောင်းချီးကို ရတယ်။
၈ ဆူးပင်၊ ချုံပင်တွေပဲပေါက်တဲ့ မြေကြီးကတော့ စွန့်ပစ်ခံရပြီး မကြာခင် ကျိန်ခြင်းခံရလိမ့်မယ်။ နောက်ဆုံးမှာ မီးရှို့ဖျက်ဆီးခံရလိမ့်မယ်။
၉ ချစ်ရသူတို့၊ ကျွန်တော်တို့ အခုလိုပြောနေပေမဲ့ ခင်ဗျားတို့ဟာ အဲဒီလူတွေထက် သာလွန်မှန်း၊ ကယ်တင်ခြင်းရစေမယ့် အရာတွေကို လုပ်ဆောင်နေမှန်း ကျွန်တော်တို့ ယုံတယ်။
၁၀ ခင်ဗျားတို့က သန့်ရှင်းသူတွေကို အလုပ်အကျွေးပြုခဲ့တယ်၊ အခုလည်း အလုပ်အကျွေးပြုနေတယ်။ ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ဘုရားဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်၊ နာမတော်အတွက်ပြတဲ့ မေတ္တာကို+ ဘယ်တော့မှ မမေ့ပါဘူး။
၁၁ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်ကို+ အဆုံးအထိ သေချာစေဖို့+ အရင်ကရှိခဲ့တဲ့ လုံ့လဝီရိယမျိုး အားလုံးမှာ ဆက်ရှိစေချင်တယ်။
၁၂ ဒါကြောင့် မပျင်းရိပါနဲ့။+ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းကြောင့် ကတိတော်ကို အမွေရခဲ့သူတွေကို အတုယူကြပါ။
၁၃ အာဗြဟံကို ကတိပေးတဲ့အခါ ဘုရားသခင်က မိမိထက်ကြီးမြတ်တဲ့သူ မရှိတဲ့အတွက် မိမိကိုယ်ကို တိုင်တည်ကျိန်ဆိုပြီး၊+
၁၄ “မင်းကို ငါ ဆက်ဆက်ကောင်းချီးပေးမယ်။ မင်းရဲ့မျိုးနွယ်ကို တိုးပွားများပြားစေမယ်”+ လို့ပြောခဲ့တယ်။
၁၅ အာဗြဟံက စိတ်ရှည်ရှည် စောင့်ဆိုင်းပြီးတဲ့နောက် အဲဒီကတိအတိုင်း ခံစားခဲ့ရတယ်။
၁၆ လူတွေက ကိုယ့်ထက် ကြီးမြတ်တဲ့သူကို တိုင်တည်ပြီး ကျိန်ဆိုတတ်တယ်။ အဲဒီလိုကျိန်ဆိုတာဟာ တရားဝင် အာမခံချက်ဖြစ်လို့ အငြင်းပွားစရာအကြောင်း မရှိတော့ဘူး။+
၁၇ အလားတူ၊ ဘုရားသခင်က ကတိတော် အမွေခံရမယ့်သူတွေကို+ မိမိရဲ့ရည်ရွယ်ချက် မပြောင်းလဲနိုင်တဲ့အကြောင်း ပိုရှင်းရှင်းလင်းလင်း ဖော်ပြဖို့ ဆုံးဖြတ်လိုက်တဲ့အခါ အဲဒီလိုကျိန်ဆိုပြီး အာမခံခဲ့တယ်။
၁၈ အဲဒီကတိတော်နဲ့ ကျိန်ဆိုချက်ဟာ မပြောင်းလဲနိုင်တဲ့အရာပဲ။ အဲဒီနှစ်ခုနဲ့ ပတ်သက်လာရင် ဘုရားသခင်ဘက်က မုသားပြောဖို့ဆိုတာ မဖြစ်နိုင်ဘူး။+ ဒါကြောင့် ဘုရားသခင်ကို ခိုလှုံတဲ့ ကျွန်တော်တို့ဟာ စိတ်အားတက်လာပြီး ရှေ့မှာရှိတဲ့ မျှော်လင့်ချက်ကို မြဲမြဲဆုပ်ကိုင်ထားနိုင်ကြတယ်။
၁၉ အဲဒီမျှော်လင့်ချက်ဟာ+ ကျွန်တော်တို့အတွက်* ကျောက်ဆူးလို ခိုင်ခံ့မြဲမြံနေတယ်။ အဲဒီမျှော်လင့်ချက်ကြောင့် ကန့်လန့်ကာ* အတွင်းထဲ ကျွန်တော်တို့ ဝင်ရောက်နိုင်ကြတယ်။+
၂၀ မေလခိဇေဒက်လို ထာဝရပုရောဟိတ်မင်း+ ဖြစ်လာတဲ့ ယေရှုက+ အဲဒီကန့်လန့်ကာထဲ ရှေ့ဆုံးကနေ ဝင်သွားပြီး ကျွန်တော်တို့အတွက် လမ်းဖွင့်ပေးခဲ့တယ်။
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “တန်ခိုး။”
^ ဒါမှမဟုတ်၊ “ကျွန်တော်တို့အသက်အတွက်။”
^ ဗိမာန်တော်ထဲက သန့်ရှင်းရာအခန်းနဲ့ အသန့်ရှင်းဆုံးအခန်းကို ကန့်ထားတဲ့ ကန့်လန့်ကာကို ဆိုလို။