ဟီဘရူး ၈:၁-၁၃

  • ကောင်းကင်နဲ့ဆိုင်တဲ့ အရာတွေကို ကိုယ်စားပြုတဲ့ တဲတော် (၁-၆)

  • ပဋိညာဉ်ဟောင်းနဲ့ ပဋိညာဉ်သစ် (၇-၁၃)

 အခု ပြောနေတဲ့ အကြောင်းအရာရဲ့ အဓိကအချက်က– ကျွန်တော်တို့မှာ အဲဒီလိုပုရောဟိတ်မင်း ရှိတယ်။+ ကောင်းကင်ပေါ်က ဘုန်းတန်ခိုးကြီးတဲ့အရှင်ရဲ့ ပလ္လင်တော် ညာဘက်မှာ သူထိုင်နေတယ်။+ ၂  လူတွေမဆောက်ဘဲ ယေဟောဝါ* တည်ဆောက်တဲ့ စစ်မှန်တဲ့တဲတော်မှာ၊  အသန့်ရှင်းဆုံးအခန်းမှာ+ သူ အမှုဆောင်နေတယ်။ ၃  ပုရောဟိတ်မင်းတိုင်းက အလှူတွေ၊ ပူဇော်သက္ကာတွေ ဆက်သဖို့ တာဝန်ရှိတယ်။ ဒါကြောင့် သူလည်း တစ်ခုခု ဆက်သဖို့ လိုအပ်တယ်။+ ၄  သူဟာ ကမ္ဘာမြေပေါ်မှာရှိနေရင် ပုရောဟိတ် မဖြစ်နိုင်ဘူး။+ ပညတ်တရားအရ အလှူတွေ ဆက်သမယ့် ပုရောဟိတ်တွေ ရှိနှင့်ပြီးသားဖြစ်နေလို့ပဲ။ ၅  အဲဒီပုရောဟိတ်တွေရဲ့ အမှုဆောင်လုပ်ငန်းဟာ ကောင်းကင်နဲ့ဆိုင်တဲ့အရာတွေကို ကိုယ်စားပြုတယ်။ ကောင်းကင်နဲ့ဆိုင်တဲ့အရာတွေရဲ့+  အရိပ်ဖြစ်တယ်။+ မောရှေ တဲတော်ဆောက်ခါနီးမှာ ဘုရားသခင်က “တောင်ပေါ်မှာ မင်းကို ပြတဲ့ပုံစံအတိုင်း အဲဒီပစ္စည်းတွေကို သေသေချာချာ လုပ်ရမယ်”+ လို့မိန့်မှာခဲ့တယ်။ ၆  အခု ယေရှုက ပိုမြတ်တဲ့ အမှုဆောင်ခွင့်ကို ရရှိထားတဲ့အတွက် ပိုမြတ်တဲ့ပဋိညာဉ်ရဲ့+ ဖျန်ဖြေသူလည်း+ ဖြစ်တယ်။ အဲဒီပဋိညာဉ်ဟာ ပိုမြတ်တဲ့ကတိတော်တွေကို အခြေခံပြီး တရားဝင်ဖြစ်လာတယ်။+ ၇  ပထမပဋိညာဉ်သာ အပြစ်ဆိုစရာ မရှိခဲ့ရင် ဒုတိယပဋိညာဉ် လိုအပ်မှာ မဟုတ်ဘူး။+ ၈  “‘ငါနဲ့ အစ္စရေးအမျိုး၊ ယုဒအမျိုးတို့ ပဋိညာဉ်သစ်တစ်ခု ဖွဲ့မယ့်နေ့ ရောက်လာလိမ့်မယ်’ လို့ ယေဟောဝါ* ပြောတယ်။ အဲဒီလိုပြောခဲ့တာဟာ လူတွေမှာ အပြစ်ဆိုစရာ ရှိနေလို့ပဲ။ ၉  ‘အဲဒီပဋိညာဉ်ဟာ  ဘိုးဘေးတွေကို  အီဂျစ်ပြည်ကနေ  ငါလက်ဆွဲပြီး ခေါ်ထုတ်လာတုန်းက+ ဖွဲ့ခဲ့တဲ့ ပဋိညာဉ်နဲ့မတူဘူး။ ငါ့ပဋိညာဉ်ကို သူတို့  ချိုးဖောက်ခဲ့တဲ့အတွက် ငါလည်း သူတို့ကို  ဂရုတစိုက်  စောင့်ရှောက်တော့မှာမဟုတ်ဘူး’  လို့  ယေဟောဝါ* ပြောတယ်။ ၁၀  “‘နောက်ပိုင်းမှာ အဲဒီပဋိညာဉ်ကို  အစ္စရေးအမျိုးနဲ့  ငါဖွဲ့မယ်။  ငါ့ပညတ်တွေကို  သူတို့စိတ်ထဲရောက်အောင် သွင်းပေးမယ်။ သူတို့နှလုံးသားပေါ်မှာ ရေးထားမယ်။+ ငါဟာ သူတို့ရဲ့ဘုရားသခင် ဖြစ်လာပြီး သူတို့လည်း ငါ့လူတွေ ဖြစ်လာမယ်’+ လို့ ယေဟောဝါ* ပြောတယ်။ ၁၁  “‘“ယေဟောဝါကို* သိအောင်လုပ်ပါ” ဆိုပြီး တစ်မြို့တည်းသားတွေ၊ ညီအစ်ကိုတွေကို သင်ပေးစရာ မလိုတော့ဘူး။ လူကြီးလူငယ်မရွေး ငါ့ကို သိကြလိမ့်မယ်။ ၁၂  သူတို့ရဲ့ မဖြောင့်မတ်တဲ့ လုပ်ရပ်တွေကို ငါခွင့်လွှတ်မယ်။ သူတို့ရဲ့ အပြစ်တွေအကြောင်း ငါပြန်မစဉ်းစားတော့ဘူး’ လို့လည်း ပြောထားတယ်။”+ ၁၃  ဘုရားသခင်က “ပဋိညာဉ်သစ်” လို့ပြောတဲ့အခါ  ပဋိညာဉ်ဟောင်းကို ပျက်ပြယ်စေတာပဲ။+ ပျက်ပြယ်သွားတဲ့အရာ၊ ဟောင်းနွမ်းသွားတဲ့အရာဟာ ကွယ်ပျောက်ခါနီးပြီ။+

အောက်ခြေမှတ်ချက်များ