ဟေရှာယ ၄၀:၁-၃၁
၄၀ ဘုရားသခင်က “ငါ့လူတွေကို နှစ်သိမ့်ပေးကြ။ နှစ်သိမ့်ပေးကြပါ။+
၂ ဂျေရုဆလင်မြို့ကို စိတ်သက်သာရာရအောင် ပြောကြပါ။
သူ့ဒုက္ခနေ့တွေ ကုန်ဆုံးပြီ။
အမှားအတွက် သူ ပေးဆပ်လို့ ပြီးသွားပြီ။+
အပြစ်တွေအတွက် ယေဟောဝါပေးတဲ့ ပြစ်ဒဏ်ကို အပြည့်အဝ ခံပြီးသွားပြီ”+ လို့ပြောတယ်။
၃ တောထဲမှာ လူတစ်ယောက် ကြွေးကြော်နေတာက–
“ယေဟောဝါဘုရားရဲ့ လမ်းကို ရှင်းလင်းကြ။+
တောကန္တာရမှာ ငါတို့ရဲ့ ဘုရားသခင်အတွက် လမ်းမကို+ ဖြောင့်ဖြူးအောင် လုပ်ကြ။+
၄ ချိုင့်ဝှမ်းတွေကို မြေဖို့ကြ။
တောင်ကုန်းတောင်တန်းတွေကို ဖြိုကြ။
မညီညာတဲ့မြေဟာ ညီညာပြန့်ပြူးရမယ်။
ကြမ်းတမ်းတဲ့မြေဟာ ချိုင့်ဝှမ်းလွင်ပြင် ဖြစ်ရမယ်။+
၅ ယေဟောဝါဘုရားရဲ့ ဂုဏ်ကျက်သရေ ထင်ရှားမယ်။+
ဒါကို လူအားလုံး မြင်တွေ့ရမယ်။+
ဒါဟာ ယေဟောဝါရဲ့ နှုတ်ထွက်စကားပဲ။”
၆ နားထောင်ကြ။ လူတစ်ယောက်က “အော်ပြောပါ” ဆိုတော့ နောက်တစ်ယောက်က “ဘာကို အော်ပြောရမှာလဲ” လို့မေးတယ်။
“လူသားအားလုံးဟာ စိမ်းလန်းနေတဲ့ မြက်ပင်တွေပဲ။
သူတို့ရဲ့ခိုင်မြဲတဲ့မေတ္တာဟာ လယ်ပြင်မှာပေါက်တဲ့ ပန်းလေးတွေလိုပဲ။+
၇ ယေဟောဝါ ရှူထုတ်လိုက်တဲ့ လေကြောင့်+
စိမ်းလန်းနေတဲ့ မြက်ပင်တွေ ခြောက်သွေ့သွားတယ်။
ပန်းလေးတွေလည်း ညှိုးနွမ်းသွားတယ်။+
တကယ်ပါ။ လူတွေဟာ မြက်ပင်တွေပဲ။
၈ မြက်ပင်တွေ ခြောက်သွေ့တတ်တယ်။
ပန်းလေးတွေလည်း ညှိုးနွမ်းတတ်တယ်။
ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကတော့ ထာဝစဉ်တည်မြဲတယ်။”+
၉ ဇိအုန်အတွက် သတင်းကောင်း သယ်ဆောင်လာတဲ့ အမျိုးသမီး၊+
မြင့်တဲ့တောင်ပေါ်ကို တက်သွားပါ။
ဂျေရုဆလင်မြို့အတွက် သတင်းကောင်း သယ်ဆောင်လာတဲ့ အမျိုးသမီး၊အားမာန်ပါပါ အော်ပြောလိုက်ပါ။
မကြောက်ဘဲ အော်ပြောလိုက်ပါ။
ယုဒရဲ့မြို့တွေကို “ဒါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ” လို့ ကြွေးကြော်လိုက်ပါ။+
၁၀ ကြည့်ပါ။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက တန်ခိုးနဲ့ ကြွလာလိမ့်မယ်။
လက်ရုံးတော်က ဘုရားအတွက် အုပ်စိုးလိမ့်မယ်။+
ဆုလာဘ်တော်ဟာ ဘုရားဆီမှာ ရှိနေတယ်။
ဘုရားပေးမယ့် လုပ်ခကလည်း ရှေ့တော်မှာ ရှိနေတယ်။+
၁၁ ဘုရားက သိုးတော်စုကို သိုးထိန်းတစ်ယောက်လို ဂရုစိုက်လိမ့်မယ်။+
သိုးကလေးတွေကို ပွေ့ပိုက်ပြီး ရင်ခွင်ထဲ ချီပိုက်ထားလိမ့်မယ်။
နို့တိုက်သိုးမတွေကိုလည်း ညင်ညင်သာသာ ဦးဆောင်ခေါ်သွားလိမ့်မယ်။+
၁၂ ဘယ်သူက ရေကို လက်ခုပ်နဲ့ ချိန်နိုင်လို့လဲ။+
ဘယ်သူက မိုးကောင်းကင်ကို လက်နဲ့ထွာပြီး တိုင်းနိုင်လို့လဲ။
ဘယ်သူက မြေမှုန့်တွေကို တောင်းနဲ့ချိန်နိုင်လို့လဲ။+
ဘယ်သူက တောင်တန်းတောင်ကုန်းတွေကို ချိန်ခွင်နဲ့ ချိန်နိုင်လို့လဲ။
၁၃ ယေဟောဝါရဲ့ စွမ်းအားတော်ကို ဘယ်သူ ချိန်တွယ်နိုင်လို့လဲ။*
ဘုရားကို ဘယ်သူ အကြံပေးနိုင်၊ ညွှန်ကြားနိုင်လို့လဲ။+
၁၄ ဘုရားက သိနားလည်နိုင်စွမ်းရှိလာဖို့ ဘယ်သူနဲ့ တိုင်ပင်ခဲ့လို့လဲ။
တရားမျှတတဲ့ လမ်းစဉ်အကြောင်း၊အသိပညာအကြောင်း ဘုရားကို ဘယ်သူ သင်ကြားနိုင်လို့လဲ။
စစ်မှန်သော သိနားလည်မှုနဲ့ဆိုင်တဲ့ လမ်းစဉ်ကို ဘယ်သူ ပြပေးနိုင်လို့လဲ။+
၁၅ လူမျိုးအားလုံးဟာ ရေပုံးထဲက ရေစက် တစ်စက်လိုပဲ။
ဘုရားရဲ့အမြင်မှာ ချိန်ခွင်ပေါ်ကပ်နေတဲ့ ဖုန်မှုန့်တွေလိုပဲ။+
လက်တော်နဲ့ မလိုက်တဲ့အခါ ကျွန်းတွေဟာ မြေမှုန့်သာသာပဲ ရှိတယ်။
၁၆ မီးရှို့ရာအလှူအဖြစ် ပူဇော်မယ်ဆိုရင် လက်ဘနွန်တောထဲက တိရစ္ဆာန်တွေ လောက်မှာမဟုတ်ဘူး။
မီးဆိုက်မယ်ဆိုရင် လက်ဘနွန်သစ်တောတောင် လောက်မှာမဟုတ်ဘူး။
၁၇ ရှေ့တော်မှာ လူမျိုးအားလုံးဟာ မတည်ရှိတဲ့အရာလိုပဲ။+
ဘုရားအမြင်မှာ ဘာမှမဟုတ်တဲ့အရာလို၊ တကယ်မရှိတဲ့အရာလိုပဲ။+
၁၈ ဘုရားသခင်ကို ဘယ်သူနဲ့နှိုင်းမလဲ။+
ဘုရားကို ဘာနဲ့တူတယ်လို့ ပြောမလဲ။+
၁၉ လက်မှုပညာသည်က ရုပ်တုကို သွန်းလုပ်တယ်။
ပန်းထိမ်သမားက ရုပ်တုကို ရွှေချပြီး+ ငွေကြိုးတွေနဲ့ အလှဆင်တယ်။
၂၀ လူတစ်ယောက်က လှူဒါန်းဖို့ မဆွေးနိုင်တဲ့သစ်ပင်ကို ရွေးချယ်တယ်။+
ကျွမ်းကျင်တဲ့ လက်မှုပညာသည်ကို ရှာပြီး မပြိုလဲတတ်တဲ့ရုပ်တု ထုလုပ်ခိုင်းတယ်။+
၂၁ မင်းတို့ မသိကြဘူးလား။
မကြားဖူးကြဘူးလား။
မင်းတို့ကို ဒီအကြောင်း အစကတည်းက မပြောထားဘူးလား။
ကမ္ဘာမြေအုတ်မြစ် တည်ချိန်ကတည်းက ထင်ရှားခဲ့တဲ့အရာကို နားမလည်ကြဘူးလား။+
၂၂ ကမ္ဘာလုံးရဲ့အထက်မှာ စံမြန်းတဲ့အရှင်တစ်ပါး ရှိတယ်။+
ကမ္ဘာမြေပေါ် နေထိုင်သူတွေဟာ ဘုရားရဲ့အမြင်မှာ နှံကောင်တွေလိုပဲ။
ဘုရားက မိုးကောင်းကင်ကို ပိတ်ကျဲတစ်စလို ဖြန့်ထားတယ်။
နေစရာ ရွက်ဖျင်တဲလို ဖြန့်ထားတယ်။+
၂၃ ဘုရားက မင်းအရာရှိတွေကို ဖယ်ရှားတယ်။
ကမ္ဘာပေါ်က တရားသူကြီးတွေကို ဘာမှအရေးမပါတဲ့သူတွေ ဖြစ်စေတယ်။
၂၄ သူတို့ဟာ တစ်ခါမှ စိုက်ပျိုးမခံရဘူး။
တစ်ခါမှ မျိုးကြဲမခံရဘူး။
ပင်စည်လည်း မြေမှာ အမြစ်မစွဲဘူး။
လေတိုက်ခံရပြီး ခြောက်သွေ့သွားတယ်။
ရိုးပြတ်လို လေတိုက်ရာ လွင့်ပါသွားတယ်။+
၂၅ သန့်ရှင်းမြင့်မြတ်တဲ့အရှင် ပြောတာက–
“ငါ့ကို ဘယ်သူနဲ့နှိုင်းမလဲ။ ဘယ်သူဟာ ငါနဲ့တန်းတူဖြစ်သလဲ။
၂၆ ကောင်းကင်ကို မော့ကြည့်လိုက်ပါဦး။
အဲဒါတွေကို ဘယ်သူဖန်ဆင်းသလဲ။+
အဲဒီအလုံးအရင်းကို ရေတွက်ပြီး ခေါ်ထုတ်တဲ့အရှင်ပဲ။
အဲဒီအရှင်က အဲဒါတွေအားလုံးကို နာမည်တပ်ပြီး ခေါ်တယ်။+
ကြီးမားလှတဲ့ စွမ်းအင်နဲ့ အံ့မခန်းဖွယ် တန်ခိုးကြောင့်+
တစ်လုံးတလေ လျော့သွားတယ်ဆိုတာ မရှိဘူး။
၂၇ “အို ယာကုပ်၊ အို အစ္စရေး၊‘ငါသွားနေတဲ့လမ်းကို ယေဟောဝါဘုရား မမြင်ပါဘူး။
ငါခံနေရတဲ့ မတရားမှုကို ဘုရားသခင်က လျစ်လျူရှုထားတယ်’ လို့ ဘာကြောင့်ပြောရတာလဲ။+
၂၈ မင်းတို့ မသိဘူးလား။ မကြားဖူးဘူးလား။
ကမ္ဘာမြေရဲ့ အစွန်အဖျားတွေကို ဖန်ဆင်းတဲ့အရှင် ယေဟောဝါဟာ ထာဝစဉ်တည်တဲ့ ဘုရားသခင်ပဲ။+
ငါဘယ်တော့မှ မမောဘူး။ မပင်ပန်းဘူး။+
ငါ့ရဲ့သိနားလည်နိုင်စွမ်းဟာ စိစစ်လို့ မကုန်နိုင်ဘူး။+
၂၉ မောပန်းသူကို ငါခွန်အားပေးမယ်။
အားအင်မရှိသူကို အားပြည့်စေမယ်။+
၃၀ လူငယ်တွေ ပင်ပန်းနွမ်းလျပြီး လူရွယ်တွေ ခလုတ်တိုက်လဲလိမ့်မယ်။
၃၁ ယေဟောဝါကို မျှော်လင့်တဲ့သူတွေကတော့ ခွန်အား ပြန်ပြည့်လာလိမ့်မယ်။
လင်းယုန်လို တောင်ပံဖြန့်ပြီး ပျံဝဲနေလိမ့်မယ်။+
ပြေးတဲ့အခါ မောပန်းမှာ မဟုတ်ဘူး။
လမ်းလျှောက်ရင်လည်း ပင်ပန်းမှာ မဟုတ်ဘူး။”+
အောက်ခြေမှတ်ချက်များ
^ “ဘယ်သူ နားလည်နိုင်လို့လဲ” လည်းဖြစ်နိုင်။