ဟေရှာယ ၄၁:၁-၂၉

  • နေထွက်ရာအရပ်မှ အောင်နိုင်သူ (၁-၇)

  • အစ္စရေးတွေကို ဘုရားသခင်ရဲ့ကျွန်အဖြစ် ရွေးချယ် (၈-၂၀)

    • “ငါ့မိတ်ဆွေ အာဗြဟံ” ()

  • တခြားဘုရားတွေကို စိန်ခေါ် (၂၁-၂၉)

၄၁  “ကျွန်းတို့၊ တိတ်တိတ်နေပြီး ငါပြောတာကို နားထောင်ကြပါ။ လူမျိုးတွေ ခွန်အားပြည့်အောင် လုပ်ကြပါစေ။ ငါ့ဆီလာပြီး ပြောကြပါစေ။+ တရားရင်ဆိုင်ဖို့ အတူစုဝေးကြစို့။  ၂  လူတစ်ယောက်ကို နေထွက်ရာအရပ်ကနေ ပေါ်ထွန်းစေတာ ဘယ်သူလဲ။+ လူမျိုးတွေကို သူ့လက်ထဲအပ်ဖို့၊ ဘုရင်တွေကို နှိမ်နင်းဖို့+ သူ့ကို ဖြောင့်မတ်ခြင်းနဲ့အညီ ခြေတော်ရင်းဆီ ခေါ်ဆောင်လာတာ ဘယ်သူလဲ။ လူမျိုးတွေကို သူ့ဓားရှေ့မှာ မြေမှုန့်လို လွင့်သွားစေတာ၊သူကိုင်တဲ့လေးရှေ့မှာ ရိုးပြတ်လို လွင့်သွားစေတာ ဘယ်သူလဲ။  ၃  သူက ခြေမချဖူးတဲ့ လမ်းတွေပေါ် အတားအဆီးမရှိ ဖြတ်လျှောက်ပြီး လူမျိုးတွေကို လိုက်လံတိုက်ခိုက်တယ်။  ၄  အဲဒါတွေကို လုပ်ဆောင်တာ၊လူမျိုးဆက်တွေကို အစကနဦး ကတည်းက ဆင့်ခေါ်တာ ဘယ်သူလဲ။ ငါယေဟောဝါဟာ ဦးဆုံးအရှင်ပဲ။+ နောက်ဆုံးမျိုးဆက်အတွက်လည်း ငါဟာ မပြောင်းလဲဘူး။”+  ၅  ကျွန်းတွေက အဲဒါကို မြင်ပြီး ကြောက်လန့်တယ်။ ကမ္ဘာမြေ အစွန်အဖျားဒေသတွေလည်း တုန်လှုပ်သွားတယ်။ သူတို့ လာရောက်စုရုံးကြတယ်။  ၆  အချင်းချင်း ရိုင်းပင်းကူညီကြတယ်။ ကိုယ့်ညီအစ်ကိုကိုလည်း “အားတင်းစမ်းပါကွာ” လို့ ပြောတယ်။  ၇  လက်မှုပညာသည်က ပန်းထိမ်သမားကို အားပေးတယ်။+ တူနဲ့ အချောကိုင်တဲ့သူက ပေပေါ်မှာ တူနဲ့ထုတဲ့သူကို အားပေးပြီး “ဂဟေဆော်ထားတာ ကောင်းလိုက်တာ” လို့ပြောတယ်။ အဲဒီနောက် ရုပ်တုကို မပြိုလဲအောင် သံနဲ့ရိုက်တယ်။  ၈  “အစ္စရေး၊ မင်းကတော့ ငါ့ရဲ့ကျွန်ပါ။+ ငါရွေးချယ်ထားတဲ့ ယာကုပ်၊+မင်းဟာ ငါ့မိတ်ဆွေ အာဗြဟံရဲ့ မျိုးနွယ်ပါ။+  ၉  မင်းကို ကမ္ဘာမြေ အစွန်အဖျားကနေ ငါခေါ်ခဲ့တယ်။+ အဝေးလံဆုံး ဒေသတွေကနေ ခေါ်ခဲ့တယ်။ ငါပြောမယ်– ‘မင်းဟာ ငါ့ကျွန်ပဲ။+ မင်းကို ငါရွေးချယ်ထားတယ်။ မင်းကို မပစ်ပယ်ဘူး။+ ၁၀  မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်။+ မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ဘုရားသခင်ပါ။+ မင်းကို ခိုင်ခံ့စေမယ်၊ ကူညီပေးမယ်။+ ဖြောင့်မတ်တဲ့ ညာလက်နဲ့ မြဲမြဲကိုင်ထားမယ်။’ ၁၁  မင်းကို ဒေါသထွက်တဲ့သူတွေ အရှက်တကွဲ အကျိုးနည်း ရလိမ့်မယ်။+ မင်းကို တိုက်ခိုက်တဲ့သူတွေ အချည်းနှီးဖြစ်ပြီး ပျက်စီးရလိမ့်မယ်။+ ၁၂  ရန်လုပ်တဲ့သူတွေကို မင်း လိုက်ရှာရင်တောင် တွေ့တော့မှာ မဟုတ်ဘူး။ မင်းကို စစ်တိုက်တဲ့သူတွေဟာ မတည်ရှိတဲ့အရာလို၊ ဘာမှမဟုတ်တဲ့အရာလို ဖြစ်သွားမယ်။+ ၁၃  မင်းရဲ့ဘုရား ယေဟောဝါဟာ မင်းရဲ့ညာလက်ကို ဆုပ်ကိုင်ပြီး ‘မကြောက်နဲ့။ ငါကူညီမယ်’ လို့ ပြောတဲ့အရှင်ပဲ။+ ၁၄  တီကောင်* ယာကုပ်၊ မကြောက်ပါနဲ့။+ အစ္စရေးလူတို့၊ ငါကူညီမှာပေါ့” ဆိုပြီး အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်၊ မင်းတို့ကို ပြန်ဝယ်ယူတဲ့အရှင်+ ယေဟောဝါ ပြောတယ်။ ၁၅  “ငါက မင်းကို ကောက်နယ်ပြား ဖြစ်စေပြီ။+ အသွားထက်တဲ့ ကောက်နယ်ပြားအသစ် ဖြစ်စေပြီ။ တောင်တန်းတွေကို မင်း နင်းခြေပစ်လိမ့်မယ်။ တောင်ကုန်းတွေကို ဖွဲလို လွင့်သွားစေလိမ့်မယ်။ ၁၆  မင်းက စပါးလှေ့သလို သူတို့ကို လှေ့ရလိမ့်မယ်။ သူတို့ လေတိုက်ရာ လွင့်ပါသွားမယ်။ လေပြင်းကြောင့် ကွဲလွင့်သွားမယ်။ ယေဟောဝါကြောင့် မင်း ရွှင်လန်းရလိမ့်မယ်။+ အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ကြောင့် ဝါကြွားရလိမ့်မယ်။”+ ၁၇  “ဆင်းရဲနွမ်းပါးသူတွေ ရေကိုရှာပေမဲ့ ရေမရှိဘူး။ ရေငတ်လို့ အာခေါင်ခြောက်လာတယ်။+ ယေဟောဝါက သူတို့ခေါ်တဲ့အခါ ပြန်ထူးမယ်။+ အစ္စရေးတို့ရဲ့ ဘုရားသခင်က သူတို့ကို မစွန့်ပစ်ဘူး။+ ၁၈  တောင်ကတုံးတွေပေါ်မှာ မြစ်တွေ စီးဆင်းစေမယ်။+ ချိုင့်ဝှမ်းလွင်ပြင်တွေမှာ စမ်းချောင်းတွေ စီးဆင်းစေမယ်။+ တောကန္တာရကို ကျူပင်ပေါတဲ့ရေအိုင် ဖြစ်စေမယ်။ ရေမရှိတဲ့မြေကို စမ်းချောင်း ဖြစ်စေမယ်။+ ၁၉  ကန္တာရမှာ သစ်ကတိုးပင်၊ရှားပင်၊ မုရတုပင်၊* ထင်းရှူးပင်ကို စိုက်ပျိုးမယ်။+ ကန္တာရလွင်ပြင်မှာ ဂျူနီပါထင်းရှူးပင်၊သစ်ရာပင်၊ ဆိုက်ပရပ်ထင်းရှူးပင်ကို စိုက်ပျိုးမယ်။+ ၂၀  ဒါမှ ယေဟောဝါကိုယ်တိုင် အဲဒါတွေကို လုပ်ဆောင်ခဲ့တယ်၊အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်က အဲဒါတွေကို ဖန်ဆင်းခဲ့တယ်ဆိုတာ လူအားလုံး သိမြင်လာမယ်။ အာရုံစိုက်ပြီး နားလည်လာမယ်။”+ ၂၁  “မင်းတို့ရဲ့အမှုကို တင်ပြကြ” လို့ ယေဟောဝါ ပြောတယ်။ “လျှောက်လဲချက်တွေကို တင်သွင်းကြ” လို့ ယာကုပ်ရဲ့ဘုရင် ပြောတယ်။ ၂၂  “အထောက်အထားရှိရင် ပြကြ။ အနာဂတ်မှာ ဘာတွေဖြစ်ပျက်လာမလဲ ပြောကြ။ အတိတ်က အဖြစ်အပျက်တွေကို ပြောကြလေ။ ဒါမှ ငါတို့ သုံးသပ်ပြီး နောက်ဆုံးရလဒ်ကို သိနိုင်မှာပေါ့။ ဒါမှမဟုတ်ရင်လည်း အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေကို ပြောကြ။+ ၂၃  မင်းတို့ဟာ ဘုရားတွေဖြစ်မှန်း ငါတို့သိအောင် အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေကို ပြောပြပါ။+ ငါတို့ကြည့်ပြီး အံ့သြသွားအောင် အကောင်း၊ အဆိုး တစ်ခုခုလုပ်ပြစမ်းပါ။+ ၂၄  မင်းတို့ဟာ ဘာမှ အသုံးမဝင်တဲ့သူတွေပဲ။ မင်းတို့ရဲ့ အောင်မြင်မှုဟာ အလကားပဲ။+ မင်းတို့ကို ရွေးချယ်တဲ့သူတွေလည်း ရွံစရာကောင်းတဲ့သူတွေပဲ။+ ၂၅  မြောက်အရပ်ကနေ လူတစ်ယောက်ကို ငါပေါ်ထွန်းစေမယ်။ သူ ရောက်လာမယ်။+ သူဟာ နေထွက်ရာအရပ်ကနေ ပေါ်ထွန်းတဲ့သူ၊+ ငါ့နာမည်ကို ခေါ်တဲ့သူပဲ။ ရွှံ့စေးကို နင်းခြေတဲ့ အိုးထိန်းသမားလို အုပ်စိုးရှင်တွေကို ရွှံ့စေးလို သူနင်းခြေမယ်။+ ၂၆  ဒီအကြောင်းကို ငါတို့သိရအောင် အစကတည်းက ဘယ်သူပြောခဲ့လို့လဲ။ ‘သူ မှန်တယ်’ လို့ပြောရအောင် ဟိုးရှေးကတည်းက ဘယ်သူပြောခဲ့လို့လဲ။+ တစ်ယောက်မှ မပြောခဲ့ဘူး။ တစ်ယောက်မှ မကြေညာခဲ့ဘူး။ မင်းတို့ပြောတာကို ကြားခဲ့တဲ့သူ ဘယ်သူမှ မရှိဘူး။”+ ၂၇  “ကြည့်လိုက်ပါ။ ဒါတွေ ဖြစ်လာမယ်” လို့ ဇိအုန်ကို ဦးဆုံးပြောခဲ့သူဟာ ငါပဲ။+ သတင်းကောင်း သယ်ဆောင်သူကို ဂျေရုဆလင်ဆီ ငါစေလွှတ်မယ်။+ ၂၈  ငါကြည့်နေပေမဲ့ တစ်ယောက်မှ မရှိဘူး။ သူတို့ထဲမှာ အကြံပေးနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ငါမေးနေပေမဲ့ တစ်ယောက်မှ ပြန်မဖြေကြဘူး။ ၂၉  ကြည့်ပါ။ သူတို့အားလုံးဟာ လှည့်စားမှုသက်သက်ပဲ။ လူတွေ လုပ်ထားတာတွေဟာ အလကားပဲ။ လူတွေရဲ့ ရုပ်တုတွေဟာ လေပဲ။ တကယ်မရှိတဲ့အရာတွေပဲ။+

အောက်ခြေမှတ်ချက်များ

ခုခံနိုင်စွမ်းမရှိတဲ့၊ နိမ့်ကျတဲ့။
အရွက်ပြောင်လက်ပြီး အပွင့် ဖြူဖွေးမွှေးကြိုင်တဲ့ ချုံပင်။