ဟေရှာယ ၄၈:၁-၂၂

  • အစ္စရေးတွေ ဆုံးမခံရ၊ သန့်စင်ခံရ (၁-၁၁)

  • ဗာဗုလုန်ကို ယေဟောဝါ အရေးယူ (၁၂-၁၆က)

  • ဘုရားရဲ့သွန်သင်ချက် အကျိုးရှိ (၁၆ခ-၁၉)

  • “ဗာဗုလုန်ကနေ ထွက်ကြ” (၂၀-၂၂)

၄၈  အို ယာကုပ်အမျိုး၊ နားထောင်ကြ။ မင်းတို့ဟာ အစ္စရေးဆိုတဲ့နာမည်ကို ခံယူထားသူတွေ၊+ယုဒရဲ့ စမ်းရေတွင်းကနေ* ဆင်းသက်လာသူတွေ၊ယေဟောဝါရဲ့နာမည်ကို တိုင်တည်ကျိန်ဆိုသူတွေ၊+အစ္စရေးတို့ရဲ့ ဘုရားသခင်ကို ဆုတောင်းပေမဲ့ အမှန်တရားနဲ့အညီ၊ ဖြောင့်မတ်ခြင်းနဲ့အညီ မလုပ်ဆောင်တဲ့သူတွေပဲ။+  ၂  မင်းတို့က သန့်ရှင်းတဲ့မြို့တော်မှာ နေထိုင်သူတွေလို့ ကိုယ့်ကိုယ်ကိုယ် သမုတ်ကြတယ်။+ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါလို့ နာမည်ရှိတဲ့ အစ္စရေးတို့ရဲ့ ဘုရားသခင်ဆီကနေ ထောက်မမှုရှာကြတယ်။+  ၃  “အတိတ်က ဖြစ်ရပ်တွေအကြောင်း ဟိုးအရင်ကတည်းက ငါပြောပြခဲ့တယ်။ အဲဒါတွေဟာ ငါ့နှုတ်ထွက်စကားတွေပဲ။ သူတို့ကို ငါအသိပေးခဲ့တယ်။+ ငါ ရုတ်တရက် လုပ်ဆောင်တဲ့အခါ အဲဒါတွေ ဖြစ်ပျက်လာတယ်။+  ၄  မင်းတို့ ဘယ်လောက်ခေါင်းမာမှန်း ငါသိတယ်။ မင်းတို့ရဲ့ လည်ပင်းဟာ သံချောင်းပဲ၊ မင်းတို့ရဲ့ နဖူးဟာ ကြေးနီပဲ။+  ၅  ဟိုးအရင်ကတည်းက ငါပြောခဲ့တယ်။ အဲဒါတွေ မဖြစ်ခင်ကတည်းက မင်းတို့ကို ကြားသိစေခဲ့တယ်။ ဒါကြောင့် ‘ဒီလိုဖြစ်အောင် ငါ့ရုပ်တုက လုပ်လိုက်တာ။ ဒါတွေကို ငါ့ရုပ်တုဆင်းတုက အမိန့်ပေးတာ’ လို့ မင်းတို့ ပြောလို့မရဘူး။  ၆  ဒါတွေအားလုံး မင်းတို့ မြင်ရကြားရပြီ။ ဒါကို မင်းတို့ မကြေညာဘဲ နေမှာလား။+ အကြောင်းအရာအသစ်တွေ၊ မင်းတို့မသိအောင် လျှို့ဝှက်ထားတာတွေကို အခုကစပြီး ငါကြေညာနေတယ်။+  ၇  အဲဒါတွေကို အခုမှ ဖန်ဆင်းလိုက်တာ။ ဟိုးအရင်ကတည်းက ဖန်ဆင်းထားတာ မဟုတ်ဘူး။ အခုချိန်အထိ မင်းတို့ မကြားဖူးသေးတဲ့ အရာတွေပဲ။ ‘ဒါတွေကို သိပြီးသား’ ဆိုပြီး မင်းတို့ ပြောလို့မရဘူး။  ၈  မင်းတို့ မကြားဖူးဘူး။+ မသိခဲ့ဘူး။ အရင်တုန်းက မင်းတို့ရဲ့နားကို မဖွင့်ထားဘူး။ မင်းတို့ဟာ သစ္စာမဲ့သူတွေဖြစ်မှန်း ငါသိတယ်။+ မွေးကတည်းက အပြစ်ကျူးလွန်သူတွေလို့ နာမည်တွင်မှန်းလည်း ငါသိတယ်။+  ၉  ဒါပေမဲ့ ငါ့နာမည်ကိုထောက်ပြီး ဒေါသကို ငါထိန်းမယ်။+ ငါရထိုက်တဲ့ ချီးမွမ်းမှုကိုထောက်ပြီး ငါ့ကိုယ်ငါ ချုပ်တည်းမယ်။ မင်းတို့ကို ပယ်ရှင်းမှာ မဟုတ်ဘူး။+ ၁၀  ကြည့်ပါ။ မင်းတို့ကို ငါသန့်စင်စေပြီ။ ငွေကို သန့်စင်သလိုတော့ မဟုတ်ဘူး။+ ဒုက္ခဆိုတဲ့ အရည်ကျိုမီးဖိုကြီးထဲမှာ မင်းတို့ကို ငါစမ်းသပ်ပြီ။*+ ၁၁  ငါ့နာမည်အတွက်၊ ငါ့နာမည်အတွက် ငါလုပ်ဆောင်မယ်။+ ငါရှုတ်ချခံရမယ့်အဖြစ်ကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။+ ငါ့ဘုန်းတန်ခိုးကို ဘယ်သူ့ကိုမှ မပေးဘူး။ ၁၂  ယာကုပ်၊ ငါခေါ်ထားတဲ့အစ္စရေး၊ ငါပြောတာကို နားထောင်ပါ။ ငါဟာ မပြောင်းလဲတဲ့အရှင်ပါ။+ဦးဆုံးလည်း ငါပဲ၊ နောက်ဆုံးလည်း ငါပဲ။+ ၁၃  ကမ္ဘာမြေကို ငါကိုယ်တိုင် အုတ်မြစ်ချခဲ့တယ်။+ မိုးကောင်းကင်ကို ညာလက်နဲ့ ဖြန့်ခဲ့တယ်။+ ငါခေါ်တဲ့အခါ သူတို့ အတူထရပ်ကြတယ်။ ၁၄  မင်းတို့အားလုံး အတူစုရုံးပြီး နားထောင်ကြပါ။ ဘယ်ဘုရားက ဒါတွေကို ကြေညာခဲ့လို့လဲ။ ယေဟောဝါက သူ့ကို ချစ်တယ်။+ ဗာဗုလုန်နဲ့ပတ်သက်ပြီး အလိုတော်အတိုင်း သူ လုပ်ဆောင်မယ်။+ သူ့လက်ရုံးက ခါလဒဲလူတွေကို တိုက်လိမ့်မယ်။+ ၁၅  ဒါဟာ ငါကိုယ်တိုင်ပြောတဲ့ စကားပဲ။ သူ့ကို ငါခေါ်မယ်။+ သူ့ကို ခေါ်လာမယ်။ သူ့လမ်းဟာ အောင်မြင်မယ်။+ ၁၆  ငါ့အနားလာပြီး နားထောင်ကြ။ အစကတည်းက ဆိတ်ကွယ်ရာမှာ ငါပြောခဲ့တာ မဟုတ်ဘူး။+ ကြိုဟောတဲ့အတိုင်း ဖြစ်လာချိန်မှာ ငါရှိနေခဲ့တယ်။” အခု၊ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက ငါ့ကိုစေလွှတ်တယ်။ စွမ်းအားတော်ကိုလည်း စေလွှတ်တယ်။ ၁၇  မင်းတို့ကို ပြန်ဝယ်တဲ့အရှင်၊ အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင် ယေဟောဝါပြောတာက–+ “ငါယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်၊+မင်းတို့လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့ အရှင်ပဲ။+ ၁၈  ငါ့ပညတ်တွေကို အာရုံစိုက်မယ်ဆိုရင်+ မင်းတို့ရဲ့ ငြိမ်သက်ခြင်းဟာ မြစ်လို၊+မင်းတို့ရဲ့ ဖြောင့်မတ်ခြင်းဟာ ပင်လယ်လှိုင်းတွေလို ဖြစ်လာမယ်။+ ၁၉  မင်းတို့ရဲ့မျိုးနွယ်ဟာ သဲတွေလို၊သားစဉ်မြေးဆက်ဟာ သဲပွင့်တွေလို များပြားလာမယ်။+ သူတို့ရဲ့နာမည်ဟာ ငါရှေ့ကနေ ပယ်ဖျက်ခံရမှာ၊ ပျောက်ပျက်သွားမှာ မဟုတ်ဘူး။” ၂၀  ဗာဗုလုန်ကနေ ထွက်ကြ။+ ခါလဒဲလူတွေဆီကနေ ပြေးကြ။ အဲဒီအကြောင်းကို ရွှင်လန်းစွာ ကြွေးကြော်ပြီး ကြေညာကြပါ။+ ကမ္ဘာမြေအစွန်အဖျားအထိ ကြားသိစေကြပါ။+ “ယေဟောဝါက သူ့ကျွန်ယာကုပ်ကို ပြန်ဝယ်ယူလိုက်ပြီ။+ ၂၁  လွင်တီးခေါင်တွေကို ဖြတ်ပြီး သူတို့ကို ဦးဆောင်ခေါ်လာတဲ့အခါ ရေမငတ်ခဲ့ကြဘူး။+ သူတို့အတွက် ကျောက်ဆောင်ထဲကနေ ရေစီးဆင်းစေတယ်။ ကျောက်ဆောင်ကိုခွဲပြီး ရေတွေ စီးထွက်လာစေတယ်”+ လို့ ပြောကြပါ။ ၂၂  “လူဆိုးတွေဆီမှာ ငြိမ်သက်ခြင်း မရှိဘူး”+ လို့ ယေဟောဝါ ပြောတယ်။

အောက်ခြေမှတ်ချက်များ

“ယုဒဆီကနေ” လည်းဖြစ်နိုင်။
“ငါရွေးချယ်ခဲ့ပြီ” လည်းဖြစ်နိုင်။