ဟေရှာယ ၄၉:၁-၂၆

  • ယေဟောဝါကျွန်ရဲ့ တာဝန် (၁-၁၂)

    • လူမျိုးခြားတို့အတွက် အလင်း ()

  • အစ္စရေးတို့အတွက် နှစ်သိမ့်မှု (၁၃-၂၆)

၄၉  ကျွန်းတို့၊ ငါပြောတာကို နားထောင်ကြ။ ရပ်ဝေးကလူမျိုးတို့၊ အာရုံစိုက်ကြ။+ ယေဟောဝါက ငါ့ကို မမွေးခင်ကတည်းက ဆင့်ခေါ်တယ်။+ မိခင်ဝမ်းထဲမှာ ရှိကတည်းက နာမည်နဲ့ခေါ်တယ်။  ၂  ငါ့နှုတ်ကို ဓားလို ထက်စေတယ်။ လက်တော်နဲ့ ကွယ်ထားပေးတယ်။+ ပြောင်လက်တဲ့မြား ဖြစ်စေတယ်။ မြားကျည်တောက်ထဲ ဝှက်ထားပေးတယ်။  ၃  ဘုရားက “အစ္စရေး၊ မင်းဟာ ငါ့ကျွန်ပဲ။+ မင်းကိုသုံးပြီး ငါ့ဘုန်းတန်ခိုးကို ပြမယ်”+ လို့ ငါ့ကိုပြောတယ်။  ၄  “ငါအပင်ပန်းခံခဲ့သမျှ အလကားပဲ။ အချည်းနှီးသက်သက် ခွန်အားကုန်ခဲ့တယ်။ ဒါပေမဲ့ သေချာတာက ငါ့ကို တရားစီရင်တဲ့အရှင်ဟာ ယေဟောဝါဘုရားပဲ။ ငါ့ကိုဆုချတဲ့အရှင်ဟာ ဘုရားသခင်ပဲ” လို့ ငါပြောတယ်။+  ၅  မိခင်ဝမ်းထဲရှိနေတဲ့ ငါ့ကို ကျွန်အဖြစ် ယေဟောဝါ ပုံသွင်းခဲ့တယ်။ အစ္စရေးတွေ ဘုရားဆီ စုရုံးလာနိုင်ဖို့+ ယာကုပ်ကို ပြန်ခေါ်လာပါလို့ ငါ့ကိုပြောတယ်။ ယေဟောဝါရှေ့တော်မှာ ငါဂုဏ်တင်ခံရလိမ့်မယ်။ ဘုရားသခင်ဟာ ငါ့အစွမ်းခွန်အား ဖြစ်လိမ့်မယ်။  ၆  “ယာကုပ်မျိုးနွယ်တွေကို ပြန်ထူထောင်ဖို့၊ အသက်ရှင်လွတ်မြောက်သွားတဲ့ အစ္စရေးတွေကို ပြန်ခေါ်လာဖို့ မင်းကို ငါ့ကျွန်ဖြစ်ခွင့်အပြင် လူမျိုးခြားတွေအတွက် အလင်းဖြစ်ခွင့်ကိုပါ ငါပေးတယ်။+ ဒါမှ ငါ့ကယ်တင်ခြင်းက ကမ္ဘာမြေအစွန်အဖျားအထိ ရောက်နိုင်မယ်” လို့ ဘုရားပြောတယ်။+ ၇  အစ္စရေးကို  ပြန်ဝယ်တဲ့အရှင်၊ သန့်ရှင်းတဲ့အရှင်+  ယေဟောဝါက အထင်သေးခံရသူ၊+လူမျိုးတွေရွံမုန်းတာကို ခံရသူ၊ အုပ်စိုးရှင်တွေရဲ့ကျွန်ကို “မင်းကိုရွေးချယ်ထားတဲ့+ အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်၊သစ္စာရှိတဲ့အရှင် ယေဟောဝါကြောင့်+ ရှင်ဘုရင်တွေ မြင်ပြီး ထရပ်ကြမယ်။ ခေါင်းဆောင်တွေလည်း ဦးညွှတ်ကြမယ်” လို့ပြောတယ်။  ၈  ယေဟောဝါ ပြောတာက– “မျက်နှာသာပြရာကာလမှာ မင်းကို ငါပြန်ဖြေခဲ့တယ်။+ ကယ်တင်ရာနေ့ရက်မှာ မင်းကို ငါကူညီခဲ့တယ်။+ အမြဲ ကာကွယ်စောင့်ရှောက်ခဲ့တယ်။ မင်းကိုသုံးပြီး လူတွေနဲ့ ပဋိညာဉ်ဖွဲ့နိုင်ဖို့၊+တိုင်းပြည်ကို ပြန်ထူထောင်နိုင်ဖို့၊လူသူကင်းမဲ့တဲ့ အမွေမြေတွေကို သူတို့ ပြန်ပိုင်ဆိုင်နိုင်ဖို့ပဲ။+  ၉  အကျဉ်းသားတွေကို ‘ထွက်လာပါ’+ လို့ပြောနိုင်ဖို့၊အမှောင်ထဲကလူတွေကို+ ‘ထွက်ခဲ့’ လို့ပြောနိုင်ဖို့ပဲ။ လမ်းခရီးမှာ သူတို့ စားသောက်ကြမယ်။ လမ်းတစ်လျှောက်မှာ* စားကျက်တွေ ရှိလိမ့်မယ်။ ၁၀  သူတို့ ဆာလောင်မှာ၊ ရေငတ်မှာ မဟုတ်ဘူး။+ ချစ်ချစ်တောက်အပူဒဏ်နဲ့ နေဒဏ်ကို ခံရမှာ မဟုတ်ဘူး။+ ကရုဏာပြတဲ့အရှင် လမ်းပြပေးမယ်။+ စမ်းချောင်းတွေဆီ လမ်းညွှန်ပေးမယ်။+ ၁၁  ငါက တောင်တန်းရှိသမျှ လမ်းဖြစ်စေမယ်။ လမ်းမတွေကိုလည်း မြင့်တက်စေမယ်။+ ၁၂  ကြည့်ပါ။ သူတို့ အဝေးကနေ လာနေတယ်။+ မြောက်အရပ်ကနေ၊ အနောက်အရပ်ကနေ၊သိနိမ်ပြည်ကနေ လာနေတယ်။”+ ၁၃  အို မိုးကောင်းကင်၊ ရွှင်လန်းစွာကြွေးကြော်ပါ။ ကမ္ဘာမြေ၊ ဝမ်းမြောက်ပါ။+ တောင်တန်းတွေ ပျော်မြူးရင်း ရွှင်လန်းစွာကြွေးကြော်ကြပါ။+ ယေဟောဝါက မိမိလူတွေကို နှစ်သိမ့်ပေးတယ်။+ ဒုက္ခရောက်နေတဲ့ မိမိလူတွေကို ကရုဏာပြတယ်။+ ၁၄  ဒါပေမဲ့ ဇိအုန်က “ငါ့ကို ယေဟောဝါဘုရား စွန့်ပစ်လိုက်ပြီ။+ ငါ့ကို ယေဟောဝါဘုရား မေ့သွားပြီ”+ လို့ပြောနေတယ်။ ၁၅  မိခင်က နို့စို့ကလေးကို မေ့ထားနိုင်သလား။ ကိုယ့်ရင်သွေးကို မသနားဘဲ နေနိုင်သလား။ သူတို့ မေ့နိုင်တယ်ဆိုရင်တောင် ငါကတော့ မင်းကို ဘယ်တော့မှ မမေ့ဘူး။+ ၁၆  ကြည့်ပါ။ မင်းရဲ့နာမည်ကို ငါ့လက်ဖဝါးပေါ်  ရေးထိုးထားတယ်။ မင်းရဲ့မြို့ရိုးတွေ ငါ့ရှေ့မှာ အမြဲရှိတယ်။ ၁၇  မင်းရဲ့သားတွေ အမြန်ပြန်လာနေပြီ။ မင်းကို ဖြိုချဖျက်ဆီးခဲ့သူတွေ ထွက်သွားမယ်။ ၁၈  အရပ်ရပ်ကို မျှော်ကြည့်ပါ။ သူတို့ အတူစုရုံးပြီး မင်းဆီလာနေကြတယ်။+ ယေဟောဝါက “အသက်ရှင်နေတဲ့ ငါ့ကိုယ်ငါတိုင်တည်ပြီး ကျိန်ဆိုမယ်။ မင်းက အဝတ်တန်ဆာ ဝတ်ဆင်သလို သူတို့ကို ဝတ်ဆင်ရလိမ့်မယ်။ သတို့သမီးဆင်မြန်းသလို သူတို့ကို ဆင်မြန်းရလိမ့်မယ်။ ၁၉  မင်းရဲ့နေရာတွေဟာ ပျက်စီးပြီး လူသူကင်းမဲ့ခဲ့တယ်။ တိုင်းပြည်ကလည်း ပျက်စီးယိုယွင်းခဲ့တယ်။+ အခုတော့ အဲဒီပြည်ဟာ နေထိုင်သူတွေ များလွန်းလို့ ကျဉ်းကျပ်သွားမယ်။+ မင်းကိုဖျက်ဆီးခဲ့သူတွေ+ အဝေးရောက်သွားမယ်။+ ၂၀  မင်းရဲ့သားသမီးတွေ ဆုံးပါးပြီးတဲ့နောက် မွေးလာတဲ့သားတွေက ‘ဒီနေရာဟာ ကျဉ်းကျပ်လွန်းတယ်။ နေစရာနေရာ လုပ်ပေးပါဦး’ လို့ ပြောကြလိမ့်မယ်။+ ၂၁  ‘ငါ့သားသမီးတွေ ဆုံးသွားပြီပဲ။ ငါဟာ အမြုံမ ဖြစ်နေပြီပဲ။ အကျဉ်းသားအဖြစ် ပြည်နှင်ခံရပြီပဲ။ ဒါဆို ဒီကလေးတွေက ဘယ်သူ့ကလေးတွေလဲ။ သူတို့ကို ဘယ်သူကြည့်ရှုပြုစုခဲ့တာလဲ။+ ငါတစ်ယောက်တည်း ကျန်ခဲ့တာ။+ သူတို့တွေ ဘယ်ကရောက်လာတာပါလိမ့်’ လို့+ မင်း တွေးနေလိမ့်မယ်။” ၂၂  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “လူမျိုးတွေမြင်နိုင်အောင် ငါ့လက်ကို မြှောက်ပြမယ်။ လူတွေမြင်နိုင်အောင် အလံကို လွှင့်ထူမယ်။+ အဲဒီအခါ သူတို့က မင်းရဲ့သားတွေကို ချီပိုက်လာမယ်။ မင်းရဲ့သမီးတွေကို ပခုံးပေါ်ထမ်းလာမယ်။+ ၂၃  ဘုရင်တွေဟာ မင်းကိုကြည့်ရှုစောင့်ရှောက်သူတွေ ဖြစ်လာမယ်။+ မင်းသမီးတွေဟာ မင်းရဲ့အထိန်းတွေ ဖြစ်လာမယ်။ သူတို့က မြေပေါ် ပျပ်ဝပ်ဦးချပြီး+ မင်းရဲ့ခြေမှာ ကပ်နေတဲ့ ဖုန်မှုန့်ကို လျက်လိမ့်မယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းသိရလိမ့်မယ်။ ငါ့ကိုမျှော်လင့်သူတွေ အရှက်ကွဲရမှာ မဟုတ်ဘူး။”+ ၂၄  ဖမ်းဆီးခံရသူတွေကို ခွန်အားကြီးသူရဲ့လက်ကနေ ပြန်သိမ်းယူနိုင်မလား။ သုံ့ပန်းတွေကို အာဏာရှင်ရဲ့လက်ကနေ ကယ်တင်နိုင်မလား။ ၂၅  ဒါပေမဲ့ ယေဟောဝါ ပြောတာက “ခွန်အားကြီးသူ ဖမ်းဆီးသွားတဲ့သုံ့ပန်းတွေကို ပြန်သိမ်းယူလိမ့်မယ်။+ အာဏာရှင် ဖမ်းသွားတဲ့သူတွေကို ပြန်ကယ်တင်မယ်။+ မင်းကိုဆန့်ကျင်သူတွေကို ငါဆန့်ကျင်မယ်။+ မင်းရဲ့သားတွေကို ကယ်တင်မယ်။ ၂၆  မင်းကို အနိုင်ကျင့်သူတွေ ကိုယ့်အသားကိုယ် ပြန်စားရလိမ့်မယ်။ ချိုတဲ့စပျစ်ဝိုင်သောက်သလို ကိုယ့်သွေးကိုသောက်ပြီး မူးယစ်ရလိမ့်မယ်။ ငါဟာ မင်းကို ကယ်တင်တဲ့အရှင်၊+ ပြန်ဝယ်တဲ့အရှင်၊+ ယာကုပ်ကိုးကွယ်တဲ့ တန်ခိုးကြီးရှင်+ ယေဟောဝါဖြစ်မှန်း လူအားလုံး သိလာလိမ့်မယ်။”+

အောက်ခြေမှတ်ချက်များ

“တောင်ကတုံးတွေမှာ” လည်းဖြစ်နိုင်။