ဟေရှာယ ၅၇:၁-၂၁

  • ဖြောင့်မတ်သူနဲ့ သစ္စာစောင့်သိသူ သေဆုံး (၁၊ ၂)

  • အစ္စရေးတွေရဲ့ သစ္စာမဲ့မှု ဖော်ထုတ်ခံရ (၃-၁၃)

  • စိတ်နှိမ့်ချသူတွေအတွက် နှစ်သိမ့်မှု (၁၄-၂၁)

    • လူဆိုးတွေဟာ ဟုန်းဟုန်းထတဲ့ ပင်လယ်နဲ့တူ (၂၀)

    • လူဆိုးတွေ ငြိမ်သက်ခြင်း မရှိ (၂၁)

၅၇  ဖြောင့်မတ်သူ  သေဆုံးသွားပေမဲ့ ဘယ်သူမှ နှလုံးမသွင်းကြဘူး။ သစ္စာစောင့်သိသူတွေ သေဆုံးသွားတာ၊+ဖြောင့်မတ်သူတွေ ဘေးဆိုးကြောင့် သေဆုံးသွားတာကို* ဘယ်သူမှ မသိကြဘူး။  ၂  ငြိမ်းချမ်းတဲ့နေရာကို သူတို့ရောက်သွားတယ်။ ဖြောင့်မှန်စွာ လျှောက်လှမ်းသူတိုင်း သင်္ချိုင်းမှာ* နားနေခွင့်ရကြတယ်။  ၃  “စုန်းမရဲ့သားတို့၊အိမ်ထောင်ရေး ဖောက်ပြန်သူနဲ့ ပြည့်တန်ဆာရဲ့ သားသမီးတို့၊ဒီနားကို လာကြ။  ၄  မင်းတို့ ဘယ်သူ့ကို နောက်ပြောင်နေတာလဲ။ ဘယ်သူ့ကို ပါးစပ်ဟပြီး လျှာထုတ်ပြနေတာလဲ။ မင်းတို့ဟာ ပြစ်မှားမှုရဲ့ သားသမီးတွေ၊လှည့်စားမှုရဲ့ သားသမီးတွေပဲ။+  ၅  သစ်ပင်ကြီးတွေကြားမှာ၊+စိမ်းလန်းတဲ့အပင်တွေ အောက်မှာ ရမ္မက်မီး တောက်လောင်နေသူတွေပဲ။+ ချိုင့်ဝှမ်းတွေမှာ၊ ကျောက်ကြိုကျောက်ကြားတွေမှာ သားသမီးတွေကို သတ်ဖြတ်တဲ့သူတွေပဲ။+  ၆  ချိုင့်ဝှမ်းထဲက ကျောက်လုံးကြီးတွေဟာ မင်းတို့ရဲ့ဝေစု၊+ မင်းတို့ရဲ့ဝေပုံပဲ။ မင်းတို့က အဲဒီကျောက်တွေကိုတောင် သွန်းလောင်းရာအလှူတွေ လောင်းတယ်။ လက်ဆောင်တွေ ဆက်သတယ်။+ အဲဒါတွေနဲ့ ငါကျေနပ်နေရမှာလား။  ၇  မင်းတို့က မြင့်မားတဲ့ တောင်ထိပ်ပေါ်မှာ အိပ်ရာခင်းတယ်။+ အဲဒီကိုတက်သွားပြီး ယဇ်ပူဇော်တယ်။+  ၈  တံခါးနဲ့ တံခါးတိုင်နောက်မှာ အမှတ်သင်္ကေတကို ထားတယ်။ ငါ့ကို စွန့်ပစ်တယ်။ အဝတ်ချွတ်ပြီး အဲဒီကို တက်သွားတယ်။ ပြီးတော့ အိပ်ရာကို အကျယ်ကြီးခင်းတယ်။ သူတို့နဲ့ ပဋိညာဉ်ဖွဲ့တယ်။ သူတို့နဲ့အိပ်ရတာကို သဘောကျတယ်။+ ယောက်ျားတန်ဆာကို ကြည့်တယ်။*  ၉  ဆီတွေ၊ ရေမွှေးတွေ အများကြီးယူပြီး မေလက်ဆီ* ဆင်းသွားတယ်။ သင်္ချိုင်းထဲ ဆင်းဖို့ တမန်တွေကို ရပ်ဝေးဆီ စေလွှတ်တယ်။ ၁၀  မင်းတို့က လမ်းစဉ်အမျိုးမျိုးနောက် အပင်ပန်းခံပြီး လိုက်ပေမဲ့ ‘မျှော်လင့်ချက် မရှိဘူး’ လို့ မပြောဘူး။ အစွမ်းခွန်အား ပြန်ပြည့်လာတဲ့အတွက် လက်မလျှော့ဘူး။ ၁၁  ဘယ်သူ့ကို ကြောက်လို့ လိမ်ပြောနေကြတာလဲ။+ မင်းတို့ ငါ့ကို သတိမရဘူး။+ ဘာကိုမှလည်း နှလုံးမသွင်းဘူး။+ မင်းတို့ရဲ့လုပ်ရပ်တွေကို ငါမထုတ်ဖော်ဘဲ နှုတ်ဆိတ်နေခဲ့တဲ့အတွက်+ ငါ့ကို လုံးဝမကြောက်ကြတာလား။ ၁၂  အခု မင်းတို့ရဲ့ လုပ်ရပ်တွေ၊+ ‘ဖြောင့်မတ်မှုတွေ’ ကို ငါဖော်ထုတ်တော့မယ်။+ အဲဒါတွေက ဘာမှ အကျိုးပေးမှာ မဟုတ်ဘူး။+ ၁၃  ရုပ်တုတွေ အပုံလိုက်ကြီးရှိပေမဲ့ မင်းတို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ ကယ်နိုင်မှာ မဟုတ်ဘူး။+ လေတိုက်ရာဆီ အားလုံးလွင့်ပါသွားမယ်။ လေတစ်ချက် မှုတ်လိုက်ရုံနဲ့ လွင့်ထွက်သွားမယ်။ ငါ့ဆီမှာ ခိုလှုံသူတွေကတော့ ပြည်တော်ကို အမွေရမယ်။ သန့်ရှင်းတဲ့တောင်ကို ပိုင်ဆိုင်ရလိမ့်မယ်။+ ၁၄  ‘လမ်းဖောက်ကြ။ လမ်းဖောက်ပြီး အသင့်ပြင်ကြ။+ ငါ့လူတွေသွားမယ့် လမ်းပေါ်က အတားအဆီးမှန်သမျှ ဖယ်ရှားကြ’ လို့ပြောလိမ့်မယ်။” ၁၅  သန့်ရှင်းမြင့်မြတ်တဲ့ နာမည်ကို ပိုင်ဆိုင်ပြီး+ ထာဝစဉ်အသက်ရှင်တဲ့+ အမြင့်မြတ်ဆုံးအရှင် ပြောတာက– “မြင့်တဲ့နေရာ၊ သန့်ရှင်းတဲ့နေရာမှာ ငါစံမြန်းပေမဲ့+ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေ၊ စိတ်နှိမ့်ချသူတွေဆီမှာလည်း ငါနေတယ်။ စိတ်နှိမ့်ချသူကို အားသစ်လောင်းပေးမယ်။ ကြေကွဲနေသူတွေကို အားသစ်လောင်းပေးမယ်။+ ၁၆  သူတို့ကို ငါအမြဲ ဆန့်ကျင်နေမှာ မဟုတ်ဘူး။ အမြဲ ဒေါသထွက်နေမှာ မဟုတ်ဘူး။+ အဲဒီလိုသာဆိုရင် လူတွေရော၊ ငါဖန်ဆင်းထားတဲ့ သတ္တဝါတွေပါ ငါ့ကြောင့် စိတ်အားလျော့လိမ့်မယ်။+ ၁၇  မသမာနည်းနဲ့ စီးပွားရှာတဲ့ အပြစ်ကြောင့် သူတို့ကို ငါအမျက်ထွက်ပြီး ဒဏ်ခတ်တယ်။+ အမျက်ထွက်ပြီး မျက်နှာလွှဲထားတယ်။ ဒါပေမဲ့ သူတို့ကတော့ ကိုယ်ကြိုက်တဲ့ လမ်းစဉ်အတိုင်း လိုက်ပြီး ဖောက်ပြန်သူတွေလို ဆက်လျှောက်လှမ်းတယ်။+ ၁၈  သူတို့ရဲ့ လမ်းစဉ်တွေကိုငါမြင်တယ်။ ဒါပေမဲ့ သူတို့ကို ငါကုသမယ်၊+ လမ်းပြမယ်။+ သူတို့ကိုရော အတူညည်းတွားပြီး ငိုကြွေးနေသူတွေကိုပါ+ ငါနှစ်သိမ့်ပေးမယ်။”+ ၁၉  “ချီးမွမ်းစကား ထွက်ပေါ်လာအောင် ငါလုပ်မယ်။ ရပ်ဝေးရပ်နီးမှာ နေထိုင်သူတွေကို တည်မြဲတဲ့ငြိမ်သက်ခြင်း ပေးမယ်။+ သူတို့ကို ကုသပေးမယ်” လို့ ယေဟောဝါဘုရား ပြောတယ်။ ၂၀  “လူဆိုးတွေကတော့ မငြိမ်သက်နိုင်ဘဲ ဟုန်းဟုန်းထနေတဲ့ ပင်လယ်၊ရေညှိတွေ၊ ရွှံ့တွေကို ကမ်းပေါ်ပက်တင်နေတဲ့ ပင်လယ်နဲ့ တူတယ်။ ၂၁  လူဆိုးတွေဆီမှာ ငြိမ်သက်ခြင်း မရှိဘူး”+ လို့ ဘုရားသခင် ပြောတယ်။

အောက်ခြေမှတ်ချက်များ

“ဘေးဆိုးကနေ လွတ်မြောက်သွားတာကို” လည်းဖြစ်နိုင်။
မူရင်း၊ “အိပ်ရာပေါ်မှာ။”
ရုပ်တုကိုးကွယ်တာကို ဆိုလိုနိုင်။
“ဘုရင်မင်းမြတ်ဆီ” လည်းဖြစ်နိုင်။