ဟေရှာယ ၅၉:၁-၂၁
၅၉ ယေဟောဝါက မကယ်တင်နိုင်လောက်အောင် လက်တော်မတိုပါဘူး။+
မကြားနိုင်လောက်အောင် နားမထိုင်းပါဘူး။+
၂ ဘုရားသခင်နဲ့ ဝေးကွာသွားတာဟာ မင်းတို့ရဲ့ အမှားတွေကြောင့်ပါ။+
မျက်နှာတော်လွှဲပြီး မင်းတို့ပြောတာကို နားမထောင်တော့တာဟာ+ မင်းတို့ရဲ့ အပြစ်တွေကြောင့်ပါ။
၃ မင်းတို့ရဲ့ လက်ဖဝါးတွေ သွေးစွန်းနေတယ်၊+လက်ချောင်းတွေလည်း အမှားတွေ စွန်းထင်းနေတယ်။
အလိမ်အညာတွေ ပြောကြတယ်။+ မဖြောင့်မတ်တဲ့ စကားတွေ ပြောကြတယ်။
၄ ဖြောင့်မတ်ခြင်းကို အော်ခေါ်တဲ့သူ တစ်ယောက်မှ မရှိဘူး။+
တရားရုံးကိုသွားပြီး အမှန်အတိုင်း ထွက်ဆိုတဲ့သူ တစ်ယောက်မှ မရှိဘူး။
တကယ်မရှိတဲ့အရာကို ကိုးစားပြီး+ တန်ဖိုးမရှိတာတွေ ပြောနေကြတယ်။
ပြဿနာကို ကိုယ်ဝန်ဆောင်ပြီး ဘေးဖြစ်စေတဲ့အရာကို မွေးဖွားကြတယ်။+
၅ အဆိပ်ပြင်းတဲ့ မြွေဥတွေကို ဝပ်ကြတယ်။
အဲဒီဥတွေကိုစားရင် သေတတ်တယ်။
အဲဒီဥတွေကနေ မြွေပွေး ပေါက်လာတယ်။
ပင့်ကူမျှင်ကို ရက်လုပ်ကြတယ်။+
၆ သူတို့ရက်တဲ့ ပင့်ကူမျှင်နဲ့ အဝတ်ချုပ်လို့ မရဘူး။
သူတို့လုပ်တဲ့အရာကို ခြုံလို့လည်း မရဘူး။+
သူတို့ရဲ့ လုပ်ရပ်တွေဟာ ဘေးဖြစ်စေတယ်။
အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ကြတယ်။+
၇ မကောင်းမှု ကျူးလွန်ဖို့ဆိုရင် ခြေသွက်ကြတယ်။
အပြစ်မဲ့သူကိုသတ်ဖို့ အပြေးအလွှား သွားတတ်ကြတယ်။+
အကျိုးယုတ်တာတွေပဲ ကြံစည်နေကြတယ်။
သူတို့သွားတဲ့လမ်းမှာ ပျက်စီးခြင်းနဲ့ဒုက္ခပဲ ရှိတယ်။+
၈ ငြိမ်သက်ခြင်းလမ်းကို သူတို့ မသိဘူး။
သူတို့လျှောက်တဲ့လမ်းမှာ တရားမျှတမှု မရှိဘူး။+
လမ်းတွေကို ကွေ့ကောက်စေတယ်။
သူတို့လမ်းအတိုင်း လိုက်တဲ့သူဟာ ငြိမ်သက်ခြင်းအကြောင်း သိမှာ မဟုတ်ဘူး။+
၉ ဒါကြောင့် တရားမျှတမှုဟာ ငါတို့နဲ့ အလှမ်းဝေးနေတယ်။
ဖြောင့်မတ်မှုကလည်း လိုက်မမီဘူး။
အလင်းကို မျှော်လင့်ပေမဲ့ အမှောင်ပဲ ရှိနေတယ်။
တောက်ပတဲ့နေ့ကို မျှော်လင့်ပေမဲ့ မှောင်ရိပ်ထဲမှာပဲ လျှောက်နေရတယ်။+
၁၀ ငါတို့က မျက်မမြင်တွေလို နံရံကိုစမ်းပြီး သွားနေရတယ်။
မျက်ကန်းတွေလို စမ်းတဝါးဝါး သွားနေရတယ်။+
မွန်းတည့်ချိန်မှာတောင် ညဘက်မှာလို ခလုတ်တိုက်လဲကျတယ်။
သန်စွမ်းသူတွေကြားမှာ ငါတို့ဟာ လူသေတွေလို ဖြစ်နေတယ်။
၁၁ ဝက်ဝံတွေလို မာန်ဖီနေရတယ်။
ချိုးတွေလို ဝမ်းနည်းပက်လက်နဲ့ ကူနေရတယ်။
တရားမျှတမှုကို မျှော်လင့်ပေမဲ့ အချည်းနှီးပါပဲ။
ကယ်တင်ခြင်းကို မျှော်လင့်ပေမဲ့ ငါတို့နဲ့ အလှမ်းဝေးနေတယ်။
၁၂ ရှေ့တော်မှာ ငါတို့ရဲ့ ပုန်ကန်မှုတွေ များလှတယ်။+
အပြစ်တိုင်းက ငါတို့အကြောင်း သက်သေထွက်ဆိုနေတယ်။+
ကိုယ့်ပုန်ကန်မှုအကြောင်း ကိုယ်သိပါတယ်။
ကိုယ့်အမှားတွေအကြောင်း ကောင်းကောင်းသိပါတယ်။+
၁၃ ငါတို့က ပြစ်မှားပြီး ယေဟောဝါကို ငြင်းပယ်ခဲ့တယ်။
ဘုရားသခင်ကို ကျောခိုင်းခဲ့တယ်။
ဖိနှိပ်တဲ့စကား၊ ပုန်ကန်တဲ့စကားတွေ ပြောခဲ့တယ်။+
မုသာပြောဖို့ ကြံစည်ပြီး မဟုတ်မမှန်တဲ့ စကားတွေကို စိတ်ထဲမှာ ပြောဆိုခဲ့တယ်။+
၁၄ တရားမျှတမှုကို နှင်ထုတ်လိုက်ကြပြီ။+
ဖြောင့်မတ်မှုဆိုတာလည်း အဝေးမှာပဲ ရှိတော့တယ်။+
လူထုရင်ပြင်မှာ အမှန်တရား ပြိုလဲသွားတော့ ဖြောင့်မှန်မှုကလည်း ဝင်မလာနိုင်ဘူး။
၁၅ အမှန်တရား ပျောက်ကွယ်သွားပြီ။+
မကောင်းမှုကို ရှောင်တဲ့သူတွေ ပျက်စီးသွားပြီ။
ဒါကို ယေဟောဝါ မြင်ပြီး တရားမျှတမှု မရှိတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်တယ်။+
၁၆ ကူညီနိုင်သူ မရှိတဲ့အဖြစ်ကို တွေ့တယ်။
အသနားခံပေးမယ့်သူ မရှိတဲ့အတွက် အံ့သြသွားတယ်။
ဒါကြောင့် ဘုရားကိုယ်တိုင် လက်ရုံးတော်နဲ့ ကယ်တင်တော့မယ်။
ဘုရားကို ထောက်မကူညီနေတာ ဖြောင့်မတ်ခြင်းပဲ။
၁၇ ဘုရားက ဖြောင့်မတ်ခြင်းကို သံချပ်အင်္ကျီလို ဝတ်ဆင်တယ်။
ကယ်တင်ခြင်းသံခမောက်ကို ဆောင်းတယ်။+
လက်စားချေခြင်းကို ဝတ်လုံလို ဝတ်ဆင်တယ်။+
စိတ်ထက်သန်ခြင်းကို ဝတ်ရုံလို ခြုံတယ်။
၁၈ ဘုရားက သူတို့လုပ်ရပ်အတိုင်း ပြန်ဆပ်ပေးမယ်။+
ရန်ဘက်တွေကို အမျက်ထွက်ပြီး ရန်သူတွေကို ဒဏ်ခတ်မယ်။+
ကျွန်းတွေကိုလည်း ခံထိုက်တဲ့အတိုင်း ပြန်ဆပ်ပေးမယ်။
၁၉ စွမ်းအားတော်လှုံ့ဆော်လို့ တစ်ဟုန်ထိုးတက်လာတဲ့ မြစ်ရေလို ယေဟောဝါ ရောက်လာမယ်။
ဒါကြောင့် နေဝင်ရာအရပ်က လူတွေဟာ ယေဟောဝါရဲ့ နာမည်ကို ရိုသေလေးစားကြလိမ့်မယ်။
နေထွက်ရာအရပ်က လူတွေဟာ ဘုန်းတန်ခိုးတော်ကို ကြောက်ရွံ့ရိုသေကြလိမ့်မယ်။
၂၀ “ပြန်ဝယ်တဲ့အရှင်က+ ဇိအုန်ဆီ ကြွလာမယ်၊+အပြစ်ကို ကျောခိုင်းလိုက်တဲ့ ယာကုပ်အမျိုးဆီ ရောက်လာမယ်”+ လို့ ယေဟောဝါပြောတယ်။
၂၁ “သူတို့နဲ့ ငါပဋိညာဉ်ဖွဲ့မယ်”+ လို့ ယေဟောဝါပြောတယ်။ “မင်းအပေါ်မှာရှိတဲ့ ငါ့စွမ်းအားတော်နဲ့ မင်းကိုမှာထားတဲ့ ငါ့စကားတွေဟာ မင်းဆီမှာ၊ မင်းရဲ့သားသမီးတွေ၊ မြေးမြစ်တွေဆီမှာ အခုကစပြီး ထာဝစဉ် တည်ရှိမယ်” လို့ ယေဟောဝါ ပြောတယ်။