ဟောရှေ ၄:၁-၁၉
၄ အစ္စရေးတို့၊ ယေဟောဝါပြောတာကို နားထောင်ပါ။
တိုင်းပြည်မှာ အမှန်တရား၊ ခိုင်မြဲတဲ့မေတ္တာ၊ ဘုရားသခင်ကို သိကျွမ်းတာတွေ မရှိဘူး။+
ဒါကြောင့် ပြည်သူပြည်သားတွေကို ယေဟောဝါ တရားစွဲပြီ။+
၂ မဟုတ်မမှန်ကျိန်ဆိုတာ၊ လိမ်ညာတာ၊+ သတ်ဖြတ်တာ၊+
ခိုးတာ၊ အိမ်ထောင်ရေးဖောက်ပြန်တာတွေ+ တိုင်းပြည်မှာ ပျံ့နှံ့နေတယ်။
လူသတ်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်နေတယ်။+
၃ ဒါကြောင့် တိုင်းပြည်ဟာ ညည်းတွားငိုကြွေးရလိမ့်မယ်။+
ပြည်သားအားလုံး ချုံးချုံးကျသွားမယ်။
တောရိုင်းတိရစ္ဆာန်တွေ၊ မိုးကောင်းကင်ငှက်တွေ၊ပင်လယ်ငါးတွေပါမကျန် ပျက်စီးလိမ့်မယ်။
၄ “ဒါပေမဲ့ မင်းရဲ့လူတွေဟာ ပုရောဟိတ်ကိုတောင် ပြန်ငြင်းခုံတဲ့ လူစားမျိုးတွေဆိုတော့+
သူတို့ကို ဘယ်သူမှ ငြင်းခုံမနေနဲ့။ ပဲ့ပြင်မနေနဲ့။+
၅ ဒါကြောင့် မင်းတို့ဟာ ညဘက်မှာ တိုက်လဲသလို နေ့ဘက်မှာ တိုက်လဲလိမ့်မယ်။
ပရောဖက်လည်း မင်းတို့နဲ့အတူ လဲကျလိမ့်မယ်။
မင်းတို့ရဲ့မိခင်ကို ငါဖျက်ဆီးမယ်။
၆ ငါ့လူတွေဟာ အသိပညာမရှိတဲ့အတွက် ပျက်စီးရလိမ့်မယ်။
အသိပညာကို ပစ်ပယ်တဲ့အတွက်+
ငါလည်း မင်းတို့ကို ငါ့ပုရောဟိတ်အဖြစ်ကနေ ပစ်ပယ်မယ်။
ဘုရားသခင်ရဲ့ ပညတ်ချက်ကို မင်းတို့ မေ့လျော့တဲ့အတွက်+
ငါလည်း မင်းတို့ရဲ့သားတွေကို မေ့လျော့မယ်။
၇ ပုရောဟိတ်တွေ တိုးများလာလေ အပြစ်များလေပဲ။+
ဒါကြောင့် ငါလည်း သူတို့ရဲ့ ဂုဏ်ကျက်သရေကို အရှက်ကွဲခြင်း ဖြစ်စေမယ်။*
၈ သူတို့က ငါ့လူတွေ အပြစ်လုပ်တဲ့အခါ အသားစားရတယ်။
ဒါကြောင့် ငါ့လူတွေရဲ့ အမှားကို ငမ်းငမ်းတက် ဖြစ်နေကြတယ်။
၉ လူတွေရော ပုရောဟိတ်တွေပါ ကြုံရမယ့်အရာဟာ အတူတူပဲ။
သူတို့ရဲ့ လမ်းစဉ်တွေအတွက် ငါဖြေရှင်းချက်တောင်းမယ်။
သူတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်ကို ပြန်ခံစေမယ်။+
၁၀ သူတို့ စားရပေမဲ့ တင်းတိမ်မှာ မဟုတ်ဘူး။+
ယေဟောဝါကို အရေးမစိုက်တဲ့အတွက်လူတကာနဲ့ ဖောက်ပြန်တာတောင် သားသမီးတစ်ယောက်မှ ထွန်းကားမှာ မဟုတ်ဘူး။+
၁၁ ပြည့်တန်ဆာလုပ်တာ၊ ဝိုင်တွေ၊ စပျစ်ဝိုင်သစ်တွေ သောက်သုံးတာဟာ
မှန်ရာလုပ်ချင်တဲ့စိတ်ကို ပျက်စီးစေတယ်။+
၁၂ ငါ့လူတွေက သစ်သားရုပ်တုတွေနဲ့ တိုင်ပင်တယ်။
နတ်ဆရာရဲ့တောင်ဝှေး အကြံပေးတာကို လုပ်ကြတယ်။
ပြည့်တန်ဆာလုပ်ချင်စိတ်ကြောင့် လမ်းလွဲနေကြတယ်။
သူတို့ရဲ့ ဘုရားသခင်ကို လက်အောက်မခံဘဲ ပြည့်တန်ဆာလုပ်ကြတယ်။
၁၃ သူတို့က တောင်ထိပ်တွေပေါ်မှာ ယဇ်ပူဇော်တယ်။+
တောင်ကုန်းတွေပေါ်မှာ၊ဝက်သစ်ချပင်တွေ၊ လိဗနာပင်တွေ၊*
အပင်ကြီးတွေရဲ့ အရိပ်အောက်မှာ+ ယဇ်ပူဇော်တယ်။
ဒါကြောင့် သမီးတွေလည်း ပြည့်တန်ဆာလုပ်တယ်။
ချွေးမတွေလည်း အိမ်ထောင်ရေးဖောက်ပြန်တယ်။
၁၄ ဒါပေမဲ့ ပြည့်တန်ဆာလုပ်တဲ့ သမီးတွေ၊ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ချွေးမတွေကို
ငါဖြေရှင်းချက် မတောင်းဘူး။
ဘာလို့လဲဆိုတော့ ယောက်ျားတွေကိုယ်တိုင်က ပြည့်တန်ဆာတွေနဲ့အတူ ထွက်သွားပြီးဗိမာန်ပြည့်တန်ဆာတွေနဲ့အတူ ယဇ်ပူဇော်နေကြလို့ပဲ။
သိနားလည်နိုင်စွမ်းမရှိတဲ့ အဲဒီလိုလူတွေဟာ+ ပျက်စီးသွားမယ်။
၁၅ အို အစ္စရေး၊ မင်းကတော့ ပြည့်တန်ဆာလုပ်နေတယ်။+
အို ယုဒ၊ အဲဒီအပြစ်မျိုး မင်းမကျူးလွန်ပါနဲ့။+
ဂိလဂါလမြို့ကို မလာကြနဲ့။+ ဗေသဝင်မြို့ကိုလည်း မလာကြနဲ့။+
‘အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ပြောမယ်’ လို့လည်း မကျိန်ဆိုကြနဲ့။+
၁၆ အစ္စရေးက ရိုင်းတဲ့နွားမလို ခေါင်းမာတယ်။+
ကျယ်ဝန်းတဲ့စားကျက်မှာ သိုးသငယ်ကို ထိန်းကျောင်းသလို ငါယေဟောဝါက အခု သူတို့ကို ထိန်းကျောင်းပါတော့မလား။
၁၇ ဧဖရိမ်က ရုပ်တုတွေကို စွဲလမ်းနေတယ်။+
သူ့ကို ရှိစေတော့။
၁၈ ဘီယာကုန်သွားတော့
လူတကာနဲ့ ဖောက်ပြန်ကြတယ်။
သူ့အုပ်စိုးရှင်တွေကလည်း အရှက်တကွဲဖြစ်ရတာကိုပဲ နှစ်ခြိုက်ကြတယ်။+
၁၉ သူဟာ လေတိုက်ရာ လွင့်ပါသွားမယ်။
ပူဇော်တဲ့ယဇ်တွေကြောင့် လူတွေ အရှက်ကွဲရလိမ့်မယ်။”
အောက်ခြေမှတ်ချက်များ
^ “သူတို့က ငါ့ဂုဏ်ကျက်သရေကို အရှက်ကွဲခြင်းနဲ့ လဲလှယ်ကြတယ်” လည်းဖြစ်နိုင်။
^ မွှေးကြိုင်တဲ့ အဖြူရောင်ပန်း ပွင့်တဲ့အပင်။