အာမုတ် ၇:၁-၁၇

  • အစ္စရေးကျဆုံးမယ့် စိတ်အာရုံတွေ (၁-၉)

    • ကျိုင်းကောင်တွေ (၁-၃)၊ မီး (၄-၆)၊ ချိန်သီးကြိုး (၇-၉)

  • ပရောဖက်မပြုဖို့ အာမုတ်ကို တားမြစ် (၁၀-၁၇)

 အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက ကျွန်တော့်ကို စိတ်အာရုံတစ်ခု ပြတယ်– ဘုရင့်ဆီ ဆက်သမယ့် မြက်ခြောက်တွေ ရိတ်ပြီးနောက် ဆောင်းသီးနှံ ပေါ်ခါစမှာ ကျိုင်းကောင်အုပ်ကို ဘုရားစေလွှတ်လိုက်တယ်။ ၂  တစ်ပြည်လုံးမှာရှိတဲ့ သီးနှံတွေကို ကျိုင်းကောင်တွေ စားပြီးနောက်မှာ ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ခွင့်လွှတ်ပေးပါ။+ ယာကုပ် ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ။ သူအားနည်းနေပါတယ်”+ လို့ပြောတယ်။ ၃  ဒါနဲ့ ယေဟောဝါက ပြန်စဉ်းစားသုံးသပ်တယ်။+ ပြီးတော့ “အဲဒီလို မဖြစ်စေရဘူး” လို့ ယေဟောဝါပြောတယ်။ ၄  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက ကျွန်တော့်ကို စိတ်အာရုံတစ်ခု ပြတယ်– အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက မီးနဲ့ဒဏ်ပေးဖို့ အမိန့်ပေးတယ်။ အဲဒီအခါ နက်ရှိုင်းတဲ့ရေထုကြီးကို မီးလောင်ကျွမ်းပြီး မြေတစ်ကွက်ကိုလည်း မီးတွေ ဝါးမျိုပစ်တယ်။ ၅  ဒါနဲ့ ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ အဲဒီလို မလုပ်လိုက်ပါနဲ့။+ ယာကုပ် ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ။ သူအားနည်းနေပါတယ်”+ လို့ပြောလိုက်တယ်။ ၆  ဒါနဲ့ ယေဟောဝါက ပြန်စဉ်းစားသုံးသပ်တယ်။+ ပြီးတော့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက “အဲဒီလို မဖြစ်စေရဘူး” လို့ပြောတယ်။ ၇  ဘုရားက ကျွန်တော့်ကို စိတ်အာရုံတစ်ခု ပေးတယ်– ချိန်သီးကြိုးနဲ့တိုင်းပြီး ဆောက်ထားတဲ့ တံတိုင်းပေါ်မှာ ယေဟောဝါ ရပ်နေတယ်။ ချိန်သီးကြိုးကို ကိုင်ထားတယ်။ ၈  အဲဒီနောက် ယေဟောဝါက “အာမုတ်၊ ဘာမြင်ရလဲ” လို့မေးတဲ့အခါ “ချိန်သီးကြိုးကို မြင်ပါတယ်” လို့ ကျွန်တော်ဖြေတယ်။ ယေဟောဝါက “ငါ့လူမျိုးအစ္စရေးတွေကို ချိန်သီးကြိုးနဲ့ ငါတိုင်းမယ်။ သူတို့ကို ခွင့်မလွှတ်တော့ဘူး။+ ၉  အိဇက်ရဲ့ အထွတ်အမြတ်နေရာတွေ+ ပျက်စီးသွားမယ်။ အစ္စရေးရဲ့ ဘုရားကျောင်းတွေ ဖျက်ဆီးခံရမယ်။+ ယေရောဗောင်အမျိုးကို ငါ ဓားနဲ့တိုက်မယ်”+ လို့ပြောတယ်။ ၁၀  ဗေသလမြို့မှာရှိတဲ့ ပုရောဟိတ် အာမဇိက+ အစ္စရေးဘုရင် ယေရောဗောင်ကို+ သတင်းပါးလိုက်တယ်– “အာမုတ်က မင်းကြီးကိုပုန်ကန်ဖို့ အစ္စရေးတွေအလယ်မှာ လျှို့ဝှက်ကြံစည်နေပါတယ်။+ သူ့စကားကို ပြည်သူပြည်သားတွေ သည်းမခံနိုင်တော့ပါဘူး။+ ၁၁  ‘ယေရောဗောင်မင်းဟာ ဓားဘေးနဲ့ သေလိမ့်မယ်။ အစ္စရေးလူတွေဟာ နေရင်းပြည်ကနေ ကျိန်းသေ ပြည်နှင်ခံရလိမ့်မယ်’ လို့ အာမုတ်ပြောနေပါတယ်။”+ ၁၂  အဲဒီနောက် အာမဇိက အာမုတ်ကို “စိတ်အာရုံဆရာကြီး၊ ယုဒပြည်ကို ပြေးပေတော့။ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး အဲဒီမှာပဲ ပရောဖက်ပြုပေတော့။+ ၁၃  ဒီဗေသလမြို့မှာတော့ ပရောဖက် မပြုနဲ့။+ ဒီမြို့ဟာ မင်းကြီးရဲ့ ဘုရားကျောင်း၊+ နိုင်ငံတော်ရဲ့ ဘုံဗိမာန်တည်ရှိရာမြို့ပဲ” လို့ပြောတယ်။ ၁၄  အဲဒီအခါ အာမဇိကို အာမုတ် ပြန်ပြောတာက– “ကျွန်တော်ဟာ ပရောဖက် မဟုတ်ဘူး။ ပရောဖက်ရဲ့သားလည်း မဟုတ်ဘူး။ သိုးကျောင်းသားပါ။+ သဖန်းပိုးစာပင်တွေကို ပြုစုတဲ့သူပါ။* ၁၅  ဒါပေမဲ့ ယေဟောဝါဘုရားက သိုးကျောင်းနေတဲ့ ကျွန်တော့်ကို ခေါ်တယ်။ ပြီးတော့ ‘ငါ့လူမျိုးအစ္စရေးတွေဆီ သွားပြီး ပရောဖက်ပြုပါ’ လို့ယေဟောဝါဘုရား ပြောတယ်။+ ၁၆  အခု၊ ယေဟောဝါဘုရား ပြောတာကို နားထောင်ပါ– ‘“အစ္စရေးနဲ့ပတ်သက်ပြီး ပရောဖက် မပြုနဲ့။+ အိဇက်အမျိုးနဲ့ပတ်သက်ပြီး မဟောနဲ့”+ လို့ မင်းပြောနေတယ်။ ၁၇  ဒါကြောင့် ယေဟောဝါပြောတာက– “မင်းရဲ့ဇနီးဟာ မြို့ထဲမှာ ပြည့်တန်ဆာ ဖြစ်သွားမယ်။ မင်းရဲ့သားသမီးတွေ ဓားဘေးနဲ့ ကျဆုံးမယ်။ မင်းရဲ့ပြည်ကို တိုင်းကြိုးနဲ့တိုင်းပြီး ခွဲဝေယူကြလိမ့်မယ်။ မသန့်ရှင်းတဲ့ပြည်မှာ မင်းသေဆုံးရလိမ့်မယ်။ အစ္စရေးလူတွေက နေရင်းပြည်ကနေ ကျိန်းသေ ပြည်နှင်ခံရလိမ့်မယ်။”’”+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “သဖန်းပိုးစာသီးတွေ ဖောက်တဲ့သူပါ။”