ဧဖက် ၄:၁-၃၂
၄ သခင်ကြောင့် အကျဉ်းသားဖြစ်နေတဲ့+ ကျွန်တော်က ခင်ဗျားတို့ကို ခေါ်တော်မူခြင်းခံရသူတွေပီပီ ကျင့်ကြံနေထိုင်ကြပါလို့+ တောင်းပန်ချင်တယ်။
၂ အမြဲစိတ်နှိမ့်ချပါ။+ နူးညံ့သိမ်မွေ့ပြီး စိတ်ရှည်ပါ။+ အချင်းချင်း မေတ္တာထားပြီး သည်းခံပါ။+
၃ အချင်းချင်း သင့်သင့်မြတ်မြတ်ရှိကြပါ။ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှုနှောင်ကြိုးကို ကြိုးစားထိန်းသိမ်းပါ။+
၄ ခေါ်တော်မူခြင်း မျှော်လင့်ချက်ဟာ တစ်ခုပဲရှိသလို+ ခန္ဓာကိုယ်ကလည်း တစ်ခုတည်း၊+ စွမ်းအားတော်ကလည်း တစ်ခုတည်းပဲ+ ရှိတယ်။
၅ သခင်ကလည်း တစ်ယောက်တည်း၊+ ယုံကြည်ခြင်းတရားကလည်း တစ်မျိုးတည်း၊ နှစ်ခြင်းကလည်း တစ်မျိုးတည်းပဲ ရှိတယ်။
၆ လူအားလုံးရဲ့ အဖ၊ လူအားလုံးရဲ့ ဘုရားသခင်ဟာ တစ်ပါးတည်းပဲ ရှိတယ်။ ဘုရားသခင်ဟာ အားလုံးရဲ့ အထက်မှာရှိပြီး အားလုံးကတစ်ဆင့် အားလုံးဆီမှာ လုပ်ဆောင်နေတယ်။
၇ ကျွန်တော်တို့ဟာ ခရစ်တော်ပေးထားတဲ့ ဆုလက်ဆောင်နဲ့အညီ မဟာကရုဏာတော်ကို အားလုံးခံစားကြရတယ်။+
၈ ကျမ်းစာမှာ “သူကအထက်ကို တက်သွားတဲ့အခါ သုံ့ပန်းတွေကို ဖမ်းခေါ်သွားတယ်။ အဲဒီလူတွေကို လက်ဆောင်အဖြစ် ပြန်ပေးတယ်”+ လို့ရေးထားတယ်။
၉ “သူတက်သွားတယ်” ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အောက်အရပ်ဖြစ်တဲ့ ကမ္ဘာမြေကို ဆင်းလာဖူးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
၁၀ ဆင်းလာတဲ့သူဟာ အရာခပ်သိမ်းကို ပြည့်စုံစေဖို့ ကောင်းကင်အားလုံးရဲ့* အထက်ကို+ ကျော်လွန်ပြီး တက်သွားတဲ့သူပဲ။+
၁၁ သူက လူတချို့ကို တမန်တော်တွေ၊+ တချို့ကို ပရောဖက်တွေ၊+ တချို့ကို သတင်းကောင်း ဟောပြောသူတွေ၊*+ တချို့ကို သိုးထိန်းတွေ၊ ဆရာတွေအဖြစ်+ ပေးတယ်။
၁၂ သန့်ရှင်းသူတွေကို ပြန်တည့်မတ်ပေးဖို့၊* အမှုဆောင်ဖို့၊ ခရစ်တော်ရဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ပေးဖို့ပဲ။+
၁၃ နောက်ဆုံးမှာ ကျွန်တော်တို့အားလုံးဟာ ယုံကြည်ခြင်းကြောင့်၊ ဘုရားသခင်ရဲ့ သားတော်အကြောင်း မှန်မှန်ကန်ကန် သိရှိခြင်းကြောင့် တစ်စည်းတစ်လုံးတည်းရှိပြီး ရင့်ကျက်သူတွေ ဖြစ်လာလိမ့်မယ်။+ ခရစ်တော်လို လုံးလုံးလျားလျား ရင့်ကျက်တဲ့အဖြစ်ကို ရောက်ရှိလိမ့်မယ်။
၁၄ ဒါကြောင့် ကျွန်တော်တို့ဟာ နို့စို့ကလေးလို မဖြစ်သင့်တော့ဘူး။ လှည့်ဖြားသူတွေ၊ ကလိမ်ဉာဏ်ဆင်သူတွေရဲ့ မှားယွင်းတဲ့သွန်သင်ချက်ကို+ နားယောင်သူဟာ လေတိုက်ရာ၊ လှိုင်းပုတ်ရာ လွင့်ပါသွားတဲ့လှေနဲ့ တူတယ်။
၁၅ ကျွန်တော်တို့ဟာ အမှန်တရားကို ပြောပြီး မေတ္တာပြရမယ်။ ဒါမှ ဦးခေါင်းဖြစ်တဲ့ ခရစ်တော်လို ကျင့်ကြံပြုမူနိုင်ပြီး အရာရာမှာ ရင့်ကျက်တဲ့သူတွေ ဖြစ်လာမယ်။+
၁၆ ခရစ်တော်အားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးဟာ+ အချိတ်အဆက်မိမိ လုပ်ဆောင်နေတယ်။ အဆစ်တွေက ဆိုင်ရာတာဝန်ကို ပူးပေါင်းလုပ်ဆောင်နေတယ်။ ကိုယ်အင်္ဂါအသီးသီးကလည်း ဆိုင်ရာတာဝန်ကို လုပ်ဆောင်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံး ကြီးထွားလာပြီး ချစ်ခြင်းမေတ္တာ ခိုင်မြဲလာတယ်။+
၁၇ လူမျိုးခြားတွေလို မကျင့်ကြံကြဖို့+ သခင်ရဲ့နာမည်ကို အမှီပြုပြီး ခင်ဗျားတို့ကို ကျွန်တော် တိုက်တွန်းနှိုးဆော်တယ်။ သူတို့ရဲ့ အကြံအစည်တွေဟာ အချည်းနှီးပဲ။+
၁၈ သူတို့ဟာ စိတ်နှလုံး ထုံထိုင်းပြီး မသိနားမလည်တဲ့အတွက် ဉာဏ်အလင်းကွယ်နေတယ်။ ပြီးတော့ ဘုရားသခင် ပေးသနားတဲ့အသက်နဲ့ ကင်းကွာနေတယ်။
၁၉ ကိုယ်ကျင့်တရား မရှိတော့တဲ့အတွက် မျက်နှာပြောင်တိုက်တဲ့* လုပ်ရပ်တွေ လုပ်လာတယ်၊+ မသန့်ရှင်းတဲ့အကျင့် အမျိုးမျိုးကို ငမ်းငမ်းတက် ကျင့်ကြတယ်။
၂၀ ဒါပေမဲ့ ခရစ်တော်ဟာ အဲဒီလိုလူစားမျိုး မဟုတ်မှန်း ခင်ဗျားတို့ သင်ယူသိရှိခဲ့တာပဲ။
၂၁ တကယ်တော့ ယေရှုသွန်သင်ခဲ့တဲ့ အမှန်တရားနဲ့အညီ ကြားနာခဲ့ရ၊ သင်ယူခဲ့ရတာပါ။
၂၂ လှည့်ဖြားတတ်တဲ့ အလိုဆန္ဒတွေကြောင့် ယိုယွင်းနေတဲ့ စရိုက်ဟောင်း၊+ ဘဝလမ်းစဉ်ဟောင်းကို ချွတ်ပယ်ဖို့ သင်ယူခဲ့ရတာပါ။+
၂၃ ဒါကြောင့် ခင်ဗျားတို့က စိတ်သဘောကို* အသစ်ဖြစ်အောင် အမြဲ ပြုပြင်နေရမယ်။+
၂၄ စစ်မှန်တဲ့ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းနဲ့အညီ အလိုတော်အတိုင်း ဘုရားသခင် ဖန်ဆင်းတဲ့ စရိုက်သစ်ကိုလည်း ဝတ်ဆင်ရမယ်။+
၂၅ ခင်ဗျားတို့ဟာ ကိုယ်အင်္ဂါချင်းတွေပဲ။+ ဒါကြောင့် လိမ်လည်ပြောဆိုတာကို ဖယ်ရှားပြီး အချင်းချင်း မှန်တဲ့စကားကိုပဲ ပြောကြပါ။+
၂၆ ဒေါသထွက်ရင်တောင် အပြစ်မလုပ်မိစေနဲ့။+ စိတ်ဆိုးမပြေဘဲ နေမဝင်စေနဲ့။+
၂၇ မာရ်နတ်ကို အခွင့်အရေး မပေးမိစေနဲ့။+
၂၈ ခိုးတတ်တဲ့သူလည်း မခိုးပါနဲ့တော့။ ကောင်းတဲ့အလုပ်ကို ကိုယ်တိုင်ကြိုးစားလုပ်ဆောင်ပါ။+ ဒါမှ လိုအပ်သူကို ပေးကမ်းနိုင်မယ်။+
၂၉ ညစ်ညမ်းတဲ့စကား တစ်ခွန်းမှ နှုတ်ကနေ မထွက်ပါစေနဲ့။+ နားထောင်သူအတွက် အကျိုးရှိစေတဲ့စကား ဖြစ်နိုင်ဖို့ အချိန်အခါကိုကြည့်ပြီး ကောင်းတဲ့စကားကိုပဲ အပြုသဘောပါပါ ပြောကြပါ။+
၃၀ ဘုရားသခင်ရဲ့ သန့်ရှင်းသော စွမ်းအားတော်ကို ဝမ်းနည်းအောင် မလုပ်ပါနဲ့။+ ရွေးဖိုးကြောင့် လွတ်မြောက်မယ့်နေ့အတွက်+ ခင်ဗျားတို့ကို အဲဒီစွမ်းအားတော်နဲ့ တံဆိပ်ခတ်ထားတာ။+
၃၁ အမျိုးမျိုးသော နာကြည်းခြင်း၊+ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းနဲ့+ မကောင်းမှုရှိသမျှကို ဖယ်ရှားကြပါ။+
၃၂ အချင်းချင်း သနားကြင်နာကြပါ။ ကရုဏာပြကြပါ။+ ဘုရားသခင်က ခရစ်တော်ကြောင့် ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အချင်းချင်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။+
အောက်ခြေမှတ်ချက်များ
^ ကောင်းကင်မှာရှိတဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေကို ဆိုလို။
^ ဒါမှမဟုတ်၊ “ဧဝံဂေလိတရားဟောသူတွေ။”
^ ဒါမှမဟုတ်၊ “လေ့ကျင့်ပေးဖို့။”
^ ဒါမှမဟုတ်၊ “စိတ်ကို စေ့ဆော်ပေးတဲ့ စွမ်းအားကို။”