၁ တိမောသေ ၆:၁-၂၁
၆ ကျွန်ထမ်းပိုး ထမ်းနေရသူတွေဟာ ကိုယ့်သခင်ကို အလွန်ရိုသေထိုက်သူလို့ အမြဲယူမှတ်ပါ။+ အဲဒီလိုဆိုရင် ဘုရားသခင်ရဲ့နာမည်နဲ့ ဘုရားရဲ့သွန်သင်ချက်တွေ ကဲ့ရဲ့စရာ ဖြစ်မှာမဟုတ်ဘူး။+
၂ ဒါ့အပြင် ကိုယ့်ရဲ့သခင်က ယုံကြည်သူဖြစ်နေရင် ညီအစ်ကိုပဲဆိုပြီး မထီလေးစား မလုပ်ပါနဲ့။ ယုံကြည်သူတွေ၊ ချစ်ရတဲ့ညီအစ်ကိုတွေ ဖြစ်နေတဲ့အတွက် ပိုလို့တောင် စေတနာထားပြီး သူတို့ကို အလုပ်အကျွေးပြုသင့်တယ်။
ငါပြောတာတွေကို အခြေခံပြီး မပြတ်သွန်သင်ပေးပါ။ အားပေးတိုက်တွန်းနေပါ။
၃ တစ်ယောက်ယောက်က မှားယွင်းတဲ့ အယူဝါဒကို သင်ပေးပြီး သခင်ယေရှုခရစ်ဆီက အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်ကိုရော+ ဘုရားတရား ကိုင်းရှိုင်းတတ်ဖို့ သွန်သင်ပေးတာကိုပါ+ လက်မခံရင်၊
၄ သူဟာ မာနထောင်လွှားပြီး ဘာကိုမှ နားမလည်တဲ့သူပဲ။+ အချေအတင် ပြောဆိုရတာ၊ စကားလုံးတွေနဲ့ပတ်သက်ပြီး အငြင်းပွားရတာကို ဝါသနာကြီးတဲ့သူပဲ။+ အဲဒါတွေဟာ မနာလိုမရှုဆိတ်ဖြစ်တာ၊ ခိုက်ရန်ဖြစ်တာ၊ သွားပုပ်လေလွင့်ပြောတာ၊ သံသယဝင်တာ၊
၅ အရေးမပါတဲ့ ကိစ္စအတွက် အမြဲငြင်းခုံတာတွေ ဖြစ်ပေါ်စေတတ်တယ်။ စိတ်ယိုယွင်းနေတဲ့သူတွေ၊+ အမှန်တရားကင်းမဲ့သူတွေက အဲဒီလိုဖြစ်အောင် ဆွပေးတတ်တယ်။ ဘုရားတရား ကိုင်းရှိုင်းတာဟာ အကျိုးစီးပွား ဖြစ်စေတယ်လို့ သူတို့ထင်နေတယ်။+
၆ ရှိတာလေးနဲ့ ရောင့်ရဲတတ်ရင် ဘုရားတရား ကိုင်းရှိုင်းတာ သိပ်အကျိုးရှိတယ်ဆိုတဲ့+ စကားဟာ အမှန်ပဲ။
၇ ငါတို့ ဒီလောကကို ရောက်လာတုန်းက ဘာမှ ပါမလာဘူး။ ထွက်သွားရင်လည်း ဘာမှ ယူသွားနိုင်မှာ မဟုတ်ဘူး။+
၈ ဒါကြောင့် စားစရာ၊ ဝတ်စရာ* ရှိနေတယ်ဆိုရင် ရှိတာလေးနဲ့ ရောင့်ရဲနေရမယ်။+
၉ ချမ်းသာဖို့ စိတ်ပိုင်းဖြတ်ထားသူတွေကတော့ သွေးဆောင်ခံရပြီး ထောင်ချောက်မိသွားတတ်တယ်။+ မိုက်မဲပြီး အန္တရာယ်ရှိတဲ့ အလိုဆန္ဒတွေထဲနစ်မွန်းသွားတဲ့အတွက် ပျက်စီးဆုံးရှုံးတတ်တယ်။+
၁၀ ဘာလို့လဲဆိုတော့ ငွေကိုတပ်မက်တဲ့စိတ်ဟာ အကျိုးပျက်စေတဲ့အရာ အမျိုးမျိုးရဲ့ ဇာစ်မြစ်ဖြစ်လို့ပဲ။ လူတချို့က ငွေကိုတပ်မက်လာတဲ့အတွက် ယုံကြည်ခြင်းကနေ လမ်းလွဲသွားပြီး ဝေဒနာများစွာနဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ကြတယ်။+
၁၁ ဘုရားသခင်ရဲ့လူ၊ မင်းကတော့ အဲဒါတွေကို ဝေးဝေးရှောင်ပါ။ ဖြောင့်မတ်ခြင်း၊ ဘုရားတရား ကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်းရှိနိုင်ဖို့ အမြဲကြိုးစားပါ။+
၁၂ ခရစ်ယာန်ယုံကြည်ခြင်းအတွက် မွန်မြတ်တဲ့တိုက်ပွဲကို တိုက်နေပါ။ မင်းဟာ ထာဝရအသက်ရဖို့ ရွေးချယ်ခံရပြီး အဲဒီအသက်အတွက် လူအများရှေ့မှာ ကောင်းကောင်း သက်သေခံခဲ့တယ်။ ဒါကြောင့် ထာဝရအသက် မျှော်လင့်ချက်ကို ရှင်သန်နေစေပါ။
၁၃ အရာခပ်သိမ်းကို ရှင်သန်နေစေတဲ့ ဘုရားသခင့်ရှေ့မှာ၊ ပုန္တိပိလတ်မင်းကို+ ကောင်းကောင်း သက်သေခံခဲ့တဲ့ ခရစ်တော်ယေရှုရှေ့မှာ မင်းကို ငါညွှန်ကြားတာက၊
၁၄ သခင်ယေရှုခရစ် ပေါ်ထွန်းမယ့်နေ့ ရောက်တဲ့အထိ+ အစွန်းအထင်း မရှိအောင်၊ အပြစ်ဆိုစရာ မရှိအောင် ပညတ်တွေကို လိုက်နာပါ။
၁၅ ပျော်ရွှင်တဲ့ဘုရင်၊ တစ်ပါးတည်းသော သခင်ဖြစ်တဲ့ ယေရှုခရစ်က သတ်မှတ်ထားတဲ့အချိန်မှာ ပေါ်ထွန်းလိမ့်မယ်။ သူဟာ ဘုရင်တကာတို့ရဲ့ ဘုရင်၊ သခင်တကာတို့ရဲ့ သခင်ပဲ။+
၁၆ အဲဒီဘုရင်တစ်ပါးကပဲ မသေနိုင်တဲ့အဖြစ်ကို ရထားပြီး+ ဘယ်သူမှ မချဉ်းကပ်နိုင်တဲ့ အလင်းထဲမှာ စံမြန်းနေတယ်။+ သူ့ကို ဘယ်သူမှ မမြင်ဖူးဘူး။ ဘယ်သူမှ မမြင်နိုင်ဘူး။+ သူ ဘုန်းတော် ထင်ရှားပါစေ၊ ထာဝရ အစွမ်းခွန်အား ပြည့်စုံပါစေ။ အာမင်။*
၁၇ လက်ရှိ လောကစနစ်မှာ* ချမ်းသာကြွယ်ဝသူတွေကို စိတ်နေမမြင့်ဖို့၊ မတည်မြဲတဲ့ စည်းစိမ်ကို အားမကိုးဖို့၊+ ငါတို့ခံစားနိုင်အောင် အရာခပ်သိမ်းကို အလျှံပယ်ပေးသနားတဲ့ ဘုရားသခင်ကိုသာ အားကိုးဖို့+ ညွှန်ကြားလိုက်ပါ။
၁၈ ကောင်းမှုပြုဖို့၊ မွန်မြတ်တဲ့လုပ်ရပ်တွေ အများကြီး လုပ်ဆောင်ဖို့၊ ရက်ရောဖို့၊ သူတစ်ပါးကို ဝေမျှပေးရာမှာ အသင့်ရှိဖို့၊+
၁၉ အနာဂတ်အတွက် အုတ်မြစ်ကောင်းဖြစ်တဲ့ ဘဏ္ဍာကို စုဆောင်းဖို့ ပြောလိုက်ပါ။+ အဲဒီလိုလုပ်မယ်ဆိုရင် စစ်မှန်တဲ့အသက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ အမြဲရှင်သန်နေလိမ့်မယ်။+
၂၀ ချစ်ရတဲ့ တိမောသေ၊ မင်းဆီ ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့အရာကို စောင့်ရှောက်ပါ။+ သန့်ရှင်းမြင့်မြတ်ရာကို စော်ကားတဲ့ အချည်းနှီးစကားတွေ၊ အမှန်တရားနဲ့မကိုက်ညီတဲ့ အယူအဆတွေကို နားမထောင်ပါနဲ့။ အဲဒီအယူအဆတွေဟာ မှားယွင်းတဲ့ “အသိပညာ” ကနေ ပေါ်ပေါက်လာတဲ့ အရာတွေပဲ။+
၂၁ အဲဒီအသိပညာရှိတဲ့ပုံစံမျိုးနဲ့ ဟိတ်ဟန်ထုတ်ကြတဲ့ လူတချို့ကတော့ ယုံကြည်ခြင်းကနေ လမ်းလွဲသွားကြပြီ။
မဟာကရုဏာ ခံစားရပါစေ။