၁ ပေတရု ၂:၁-၂၅
၂ ဆိုးသွမ်းတာ၊+ လှည့်စားတာ၊ သူတော်ကောင်း ယောင်ဆောင်တာ၊ မနာလို မရှုဆိတ် ဖြစ်တာ၊ အပုပ်ချတာတွေကို ရှောင်ကြပါ။
၂ မိခင်နို့ကို အငမ်းမရ လိုချင်တဲ့ မွေးကင်းစ ကလေးလို+ ခင်ဗျားတို့လည်း နို့စစ်နဲ့တူတဲ့ တရားစကားကို အငမ်းမရ လိုချင်တဲ့စိတ် ရှိကြပါ။ ဒါဆိုရင် အဲဒီနို့စစ်ကြောင့် ကြီးထွားလာပြီး ကယ်တင်ခြင်း ရလိမ့်မယ်။+
၃ သခင်ဟာ သနားကြင်နာတတ်မှန်း ခင်ဗျားတို့ ကိုယ်တိုင် မြည်းစမ်းခဲ့ကြပြီပဲ။
၄ လူတွေ ပယ်ထားပေမယ့်+ ဘုရားသခင်အတွက် တန်ဖိုးကြီးလို့ ရွေးချယ်ခံခဲ့ရတဲ့ အသက်ကျောက် ဖြစ်တဲ့+ သခင်ဆီ ခင်ဗျားတို့ရောက်လာကြပြီ။
၅ အသက်ကျောက်တွေ ဖြစ်တဲ့ ခင်ဗျားတို့ဟာ ဘုရားသခင့် စွမ်းအားတော်နဲ့ တည်ဆောက်တဲ့ အိမ်တော်ပဲ။+ ဒါကြောင့် သန့်ရှင်းတဲ့ ပုရောဟိတ်အဖွဲ့ ဖြစ်လာပြီး ဘုရားသခင် နှစ်သက်တဲ့ ပူဇော်သက္ကာတွေကို စွမ်းအားတော် လမ်းညွှန်မှုနဲ့အညီ ယေရှုခရစ်ကတစ်ဆင့် ဆက်သရလိမ့်မယ်။+
၆ “ရွေးချယ်ခံရတဲ့ ကျောက်၊ အဖိုးတန် ထောင့်ချုပ်အုတ်မြစ်ကျောက်ကို ဇိအုန်မှာ ငါချထားတယ်။ အဲဒီကျောက်ကို ယုံကြည်သက်ဝင်သူဟာ စိတ်ပျက်ရမှာ မဟုတ်ဘူး”+ လို့ ကျမ်းစာမှာ ရေးထားတယ်။
၇ ယုံကြည်သူ ခင်ဗျားတို့အတွက် သူဟာ တန်ဖိုးကြီးလှပေမဲ့ မယုံကြည်သူတွေအတွက်တော့ “တိုက်ကို တည်ဆောက်သူတွေ ပယ်ထားတဲ့ ကျောက်ပဲ။+ ဒီကျောက်ဟာ ထိပ်ဆုံးက ထောင့်ချုပ်ကျောက် ဖြစ်လာပြီ။”+
၈ “တိုက်မိလဲစေတဲ့ ကျောက်၊ အတားအဆီး ဖြစ်စေတဲ့ ကျောက်ဆောင်”+ လည်း ဖြစ်လာပြီ။ သူတို့က တရားစကားကို မနာခံတဲ့အတွက် တိုက်မိလဲကြတယ်။ သူတို့လိုလူတွေဟာ အဲဒီလိုပဲ ကြုံရလိမ့်မယ်။
၉ ခင်ဗျားတို့ကတော့ အမှောင်ထဲကနေ အံ့ဖွယ်အလင်းထဲ ခေါ်ထုတ်တဲ့ အရှင်ရဲ့+ “မွန်မြတ်တဲ့ ဂုဏ်ရည်တော်တွေကို နေရာအနှံ့ ဟောပြောဖို့+ ရွေးချယ်ခံရတဲ့ လူမျိုး၊ ပုရောဟိတ်အဖြစ် အမှုထမ်းမယ့် ဘုရင်တွေ၊ သန့်ရှင်းတဲ့ လူမျိုး၊+ ဘုရား ပိုင်ဆိုင်တဲ့ လူမျိုး+ ဖြစ်တယ်။”
၁၀ ခင်ဗျားတို့ဟာ တစ်ချိန်တုန်းက အဲဒီလူမျိုးအဝင် မဟုတ်ဘူး။ အခုတော့ ဘုရားသခင်ရဲ့ လူမျိုး ဖြစ်ကြပြီ။+ တစ်ချိန်တုန်းက ကရုဏာ မခံစားရပေမဲ့ အခုတော့ ကရုဏာကို ခံစားရပြီ။+
၁၁ ချစ်ရသူတို့၊ ခင်ဗျားတို့ဟာ ဒီလောကမှာ တိုင်းတစ်ပါးသားတွေ၊ ယာယီ နေထိုင်သူတွေပါ။+ ဒါကြောင့် ခင်ဗျားတို့ကို ချုပ်ကိုင်ဖို့ တိုက်ခိုက်နေတဲ့+ အပြစ်ရှိတဲ့ အလိုဆန္ဒတွေကို ရှောင်ကြဖို့+ ကျွန်တော် တိုက်တွန်းချင်တယ်။
၁၂ လောကမှာရှိတဲ့ လူတွေရှေ့မှာ အမူအကျင့်ကောင်းတွေ ဆက်ပြီး ပြကြပါ။+ ဒါမှ လူတွေက ခင်ဗျားတို့ကို လူဆိုးတွေလို့ စွပ်စွဲပြောဆိုတဲ့အခါ ခင်ဗျားတို့ရဲ့ ကောင်းမွန်တဲ့ အကျင့်ကို မြင်ထားတဲ့အတွက်+ ဘုရားသခင် စစ်ဆေးမယ့်နေ့မှာ ဘုရားကို ဂုဏ်တင်ချီးမွမ်းကြလိမ့်မယ်။
၁၃ သခင်ကို ထောက်ပြီး လူ့အာဏာပိုင်တွေကို လက်အောက်ခံကြပါ။+ ကြီးမြတ်တဲ့ ဘုရင်ကို ဖြစ်စေ၊+
၁၄ ဘုရင် စေလွှတ်လိုက်တဲ့ ဘုရင်ခံတွေကို ဖြစ်စေ လက်အောက်ခံကြပါ။ လူဆိုးတွေကို ပြစ်ဒဏ်ပေးပြီး လူကောင်းတွေကို ချီးမွမ်းဖို့ အဲဒီဘုရင်ခံကို စေလွှတ်ထားတာ။+
၁၅ ခင်ဗျားတို့ရဲ့ ကောင်းမွန်တဲ့ အကျင့်ကြောင့် ဆင်ခြင်ဉာဏ်မဲ့သူတွေရဲ့ မသိနားမလည်ဘဲ ပြောတဲ့ စကားတွေ တိတ်ဆိတ်သွားစေဖို့ ဘုရားသခင် အလိုရှိတယ်။+
၁၆ လွတ်လပ်သူတွေလို ပြုမူနေထိုင်ပါ။+ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ လွတ်လပ်မှုကို မကောင်းမှု ဖုံးကွယ်တဲ့အရာအဖြစ်* မသုံးကြပါနဲ့။+ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတွေအဖြစ် ပြုမူနေထိုင်ကြပါ။+
၁၇ လူအမျိုးမျိုးကို လေးစားကြပါ။+ ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးကို ချစ်ကြပါ။+ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး+ ဘုရင်တွေကို လေးစားကြပါ။+
၁၈ အစေခံတွေလည်း သခင်ကို အပြည့်အဝ ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ လက်အောက်ခံကြပါစေ။+ သဘောကောင်းပြီး အကျိုးသင့်အကြောင်းသင့်ရှိတဲ့ သခင်ကိုသာမက အလိုမကျနိုင်တဲ့ သခင်ကိုပါ လက်အောက်ခံကြပါ။
၁၉ တစ်စုံတစ်ယောက်က ဘုရားသခင်ရှေ့မှာ အမှားအမှန်သိစိတ် ကြည်လင်ချင်လို့+ အခက်အခဲတွေ၊ မတရားမှုတွေကို ခံရပ်မယ်ဆိုရင် ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရလိမ့်မယ်။
၂၀ အပြစ်လုပ်လို့ ရိုက်နှက်ခံရတယ်ဆိုရင် ဘာချီးမွမ်းစရာ ရှိလို့လဲ။+ ကောင်းမှုပြုလို့ ဆင်းရဲဒုက္ခကို ခံရပ်နေရတယ်ဆိုရင်တော့ အဲဒါကို ဘုရားသခင် နှစ်သက်တယ်။+
၂၁ တကယ်တော့ အဲဒီလမ်းစဉ်အတိုင်း လိုက်ဖို့ ခင်ဗျားတို့ကို ဘုရားသခင် ရွေးချယ်ထားတာပါ။ ခရစ်တော် ကိုယ်တိုင် ခင်ဗျားတို့အတွက် ဆင်းရဲဒုက္ခခံပြီး+ သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်စေဖို့ စံနမူနာ ထားခဲ့တယ်။+
၂၂ ခရစ်တော်ဟာ အပြစ်မကျူးလွန်ခဲ့ဘူး။+ လှည့်စားတဲ့ စကားတွေ မပြောခဲ့ဘူး။+
၂၃ စော်ကားခံရတဲ့အခါ+ ပြန်မစော်ကားဘူး။+ ဆင်းရဲဒုက္ခ ခံရတဲ့အခါ+ မခြိမ်းခြောက်ဘူး။ ဖြောင့်မတ်စွာ တရားစီရင်ပေးမယ့် အရှင်ရဲ့ လက်ထဲ ကိုယ့်ကိုယ်ကိုယ် ပုံအပ်ခဲ့တယ်။+
၂၄ ကျွန်တော်တို့ရဲ့ အပြစ်တွေကို သူ့ခန္ဓာကိုယ်မှာ သယ်ဆောင်ပြီး+ သစ်တိုင်ပေါ်မှာ ကွပ်မျက်ခံခဲ့တယ်။+ ဒါကြောင့် ကျွန်တော်တို့ဟာ အပြစ်နဲ့ မသက်ဆိုင်တော့ဘဲ ဖြောင့်မတ်ရာကို လုပ်ဆောင်ဖို့ အသက်ရှင်နေကြပြီ။ ဒါ့အပြင် “သူ့ဒဏ်ရာတွေကြောင့် ခင်ဗျားတို့ အနာရောဂါ ပျောက်ကင်းသွားပြီ။”+
၂၅ ခင်ဗျားတို့ဟာ လမ်းလွဲတဲ့ သိုးတွေလို ဖြစ်ခဲ့ကြပေမဲ့+ အခုတော့ ခင်ဗျားတို့ရဲ့ သိုးထိန်းဆီ၊+ ကြီးကြပ်မှူးဆီ ပြန်လာကြပြီ။
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ဆင်ခြေပေးစရာအဖြစ်။”