၁ ဘုရင်များ ၁၉:၁-၂၁

  • ယေဇဗေလရဲ့ဒေါသကြောင့် ဧလိယထွက်ပြေး (၁-၈)

  • ဟောရပ်တောင်မှာ ဧလိယဆီ ယေဟောဝါရောက်လာ (၉-၁၄)

  • ဟာဇေလ၊ ယေဟု၊ ဧလိရှဲကို ဧလိယ ဘိသိက်ပေး (၁၅-၁၈)

  • ဧလိယကိုဆက်ခံဖို့ ဧလိရှဲ ခန့်အပ်ခံရ (၁၉-၂၁)

၁၉  အာဟပ်မင်းက+ ဧလိယ လုပ်ခဲ့တာတွေ၊ ပရောဖက်အားလုံးကို ကွပ်မျက်ခဲ့တာတွေအကြောင်း+ ယေဇဗေလကို+  ပြောပြတဲ့အခါ၊ ၂  ယေဇဗေလက ဧလိယဆီ တမန်လွှတ်ပြီး “မနက်ဖြန် ဒီအချိန်မှာ မင်းကို အဲဒီပရောဖက်တွေလို ဖြစ်သွားအောင် ငါမလုပ်ဘူးဆိုရင် ဘုရားတွေက ငါ့ကို ပြစ်ဒဏ် တစ်ခုပြီးတစ်ခု ပေးပါစေ” လို့ပြောခိုင်းတယ်။ ၃  ဧလိယလည်း ကြောက်စိတ်ဝင်လာပြီး အသက်ဘေးကလွတ်ဖို့ ထွက်ပြေးတော့တယ်။+ ယုဒနယ်+ ဗေရရှေဘမြို့ကိုရောက်တော့+ အဲဒီမှာ သူ့နောက်လိုက်ကို ထားရစ်ခဲ့တယ်။ ၄  သူကတော့ တောကန္တာရထဲ တစ်ရက်ခရီး သွားပြီးနောက် ချုံပင်အောက်မှာ ထိုင်ပြီး သေပါရစေလို့ ဆုတောင်းတယ်။ “ယေဟောဝါဘုရား၊ ကျွန်တော့်အသက်ကို ရုပ်သိမ်းလိုက်ပါတော့။+  ကျွန်တော်  အသက်မရှင်ချင်တော့လို့ပါ။ ကျွန်တော်ဟာ ဘိုးဘေးတွေနဲ့ ဘာမှမခြားပါဘူး” ဆိုပြီးပြောတယ်။ ၅  နောက်တော့ ချုံပင်အောက်မှာ ဧလိယ အိပ်ပျော်သွားတယ်။ အဲဒီအချိန်မှာပဲ ကောင်းကင်တမန်တစ်ပါးက သူ့ကိုလှုပ်နှိုးပြီး+ “ထပြီး စားလိုက်ပါဦး” လို့ပြောတယ်။+ ၆  သူကြည့်လိုက်တဲ့အခါ ခေါင်းရင်းဘက်က ကျောက်တုံးပူပူလေးတွေပေါ်မှာ မုန့်တစ်ချပ်ကို တွေ့တယ်။ ရေတစ်ဘူးလည်း ရှိနေတယ်။ စားသောက်လို့ ပြီးသွားတဲ့အခါ ပြန်အိပ်ပျော်သွားတယ်။ ၇  ယေဟောဝါရဲ့ ကောင်းကင်တမန်က သူ့ကို ဒုတိယအကြိမ် လှုပ်နှိုးပြီး “ခင်ဗျားသွားမယ့် ခရီးဟာ သိပ်ဝေးတယ်။ ထပြီး စားလိုက်ပါဦး” လို့ပြောတယ်။ ၈  သူလည်း ထပြီး စားသောက်တယ်။ အဲဒီအစာကြောင့် ခွန်အားပြည့်လာပြီး ရက်ပေါင်း ၄၀ တိတိ ခရီးဆက်သွားတယ်။ နောက်ဆုံးမှာ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ တောင်ဖြစ်တဲ့ ဟောရပ်တောင်ကို ရောက်သွားတယ်။+ ၉  အဲဒီကိုရောက်တော့ လိုဏ်ဂူထဲ+ ဝင်ပြီး ညအိပ်တယ်။ အဲဒီအခါ ယေဟောဝါက “ဧလိယ၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ” လို့မေးတယ်။ ၁၀  သူက  “ကျွန်တော်ဟာ  ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါအတွက် အင်မတန် စိတ်ထက်သန်တဲ့သူပါ။+ အစ္စရေးတွေက ကိုယ်တော့်ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။+ ပူဇော်ရာ ပလ္လင်တွေကို ဖြိုဖျက်ကြပြီ။ ပရောဖက်တွေကိုလည်း ကွပ်မျက်ကြပြီ။+ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တယ်။ အခုဆို ကျွန်တော့်အသက်ကိုပါ သတ်ပစ်ဖို့ ရှာကြံနေကြပြီ”+ လို့ဖြေတယ်။ ၁၁  ဘုရားသခင်က  “ဂူအပြင်ကို  ထွက်ပြီး ငါယေဟောဝါရှေ့  တောင်ပေါ်မှာ ရပ်နေပါ”  လို့ပြောတယ်။ အဲဒီနောက် ယေဟောဝါဖြတ်သွားတော့+  လေပြင်းကြီး တိုက်ခတ်လာတယ်။ ယေဟောဝါရှေ့မှာ  တောင်တွေ  ကွဲအက်ကုန်တယ်။ ကျောက်ဆောင်တွေ ကျိုးပဲ့ကုန်တယ်။+ ဒါပေမဲ့ ယေဟောဝါက လေထဲမှာ မရှိဘူး။ လေတိုက်ပြီးနောက် ငလျင်လှုပ်လာတယ်။+ ဒါပေမဲ့ ယေဟောဝါက ငလျင်ထဲမှာလည်း မရှိဘူး။ ၁၂  ငလျင်လှုပ်ပြီးနောက် မီးလောင်တယ်။+ ဒါပေမဲ့ ယေဟောဝါက မီးထဲမှာလည်း မရှိဘူး။ မီးတောက်လောင်ပြီးနောက် ညင်သာတဲ့စကားသံ ထွက်လာတယ်။+ ၁၃  အဲဒီစကားသံကို ဧလိယကြားတာနဲ့ မျက်နှာကို ဝတ်ရုံနဲ့အုပ်ပြီး+ ဂူဝမှာ သွားရပ်နေတယ်။ “ဧလိယ၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ” လို့မေးတာကို  သူကြားတဲ့အခါ၊ ၁၄  “ကျွန်တော်ဟာ ဗိုလ်ခြေတို့ရဲ့ဘုရား  ယေဟောဝါအတွက် အင်မတန် စိတ်ထက်သန်တဲ့သူပါ။ အစ္စရေးတွေက ကိုယ်တော့်ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။+ ပူဇော်ရာပလ္လင်တွေကို ဖြိုဖျက်ကြပြီ။ ပရောဖက်တွေကိုလည်း  ကွပ်မျက်ကြပြီ။ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တယ်။ အခုဆို ကျွန်တော့်အသက်ကိုပါ သတ်ပစ်ဖို့ ရှာကြံနေကြပြီ”+ လို့ သူဖြေတယ်။ ၁၅  ဒါနဲ့ ယေဟောဝါက  “ဒမတ်စကတ် တောကန္တာရကို ပြန်သွားပါ။ အဲဒီကို  ရောက်တဲ့အခါ  ဟာဇေလကို+ ဆီးရီးယားဘုရင်အဖြစ် ဘိသိက်ပေးလိုက်။ ၁၆  ပြီးတော့  နိမ်ရှိရဲ့မြေး ယေဟုကို+ အစ္စရေးဘုရင်အဖြစ် ဘိသိက်ပေးပါ။ အာဗေလမဟောလမြို့က ရှာဖတ်ရဲ့သား ဧလိရှဲ* ကိုတော့ မင်းကိုဆက်ခံမယ့်  ပရောဖက်အဖြစ် ဘိသိက်ပေးလိုက်ပါ။+ ၁၇  ဟာဇေလရဲ့ ဓားဘေးကနေ+ လွတ်တဲ့သူကို ယေဟု ကွပ်မျက်လိမ့်မယ်။+ ယေဟုရဲ့ဓားဘေးကနေ လွတ်တဲ့သူကို ဧလိရှဲ ကွပ်မျက်လိမ့်မယ်။+ ၁၈  အစ္စရေးပြည်မှာ ဗာလရှေ့ ဒူးမထောက်တဲ့သူ၊+ ဗာလကို မနမ်းတဲ့သူ+ အယောက် ၇,၀၀၀ ရှိသေးတယ်”+ လို့ပြောတယ်။ ၁၉  ဧလိယက အဲဒီကနေ ထွက်သွားတော့ ရှာဖတ်ရဲ့သား ဧလိရှဲနဲ့တွေ့တယ်။ လယ်ထွန်နေတဲ့ နွား ၁၂ ရှဉ်းထဲမှာ ဧလိရှဲက နောက်ဆုံးနွားတစ်ရှဉ်းနဲ့ လယ်ထွန်နေတယ်။ ဧလိယက အနားကိုသွား၊ ဝတ်ရုံကို+ ချွတ်ပြီး ဧလိရှဲကို ဝတ်ပေးလိုက်တယ်။ ၂၀  ဧလိရှဲက နွားတွေကိုထားခဲ့ပြီး နောက်ကနေ အပြေးလိုက်လာတယ်။ “မိဘတွေကို နမ်းပြီး နှုတ်ဆက်ခွင့်ပြုပါ။ ပြီးမှ အရှင့်နောက်ကို လိုက်ပါ့မယ်” လို့ခွင့်တောင်းတော့ ဧလိယက “သွားပါ။ ငါမတားပါဘူး” လို့ခွင့်ပေးတယ်။ ၂၁  ဒါနဲ့ ဧလိရှဲလည်း ပြန်သွားပြီး နွားတစ်ရှဉ်းကို သတ်လိုက်တယ်။* ထွန်တုံးတွေကို ထင်းဆိုက်၊ အသားတွေကိုပြုတ်ပြီး ကျွေးမွေးတော့ လူတွေစားကြတယ်။ အဲဒီနောက် သူက ဧလိယနောက်ကို လိုက်သွားပြီး အလုပ်အကျွေးပြုတော့တယ်။+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ဘုရားသခင်ဟာ ကယ်တင်ခြင်း။”
မူရင်း၊ “ပူဇော်လိုက်တယ်။”