၁ ယောဟန် ၂:၁-၂၉
၂ သားသမီးတို့၊ ဒီအကြောင်းအရာတွေကို ရေးရတာက ခင်ဗျားတို့ အပြစ်မလုပ်မိအောင်ပါ။ ဒါပေမဲ့ တစ်ယောက်ယောက် အပြစ်လုပ်မိရင်တောင် ကူညီပေးမယ့်သူ* ရှိပါတယ်။ သူကတော့ အဖဘုရားနဲ့အတူ ရှိနေတဲ့ ဖြောင့်မတ်သူ ယေရှုခရစ်ပဲ။+
၂ သူဟာ ကျွန်တော်တို့သာမက+ တစ်လောကလုံးရဲ့ အပြစ်အတွက်+ အပြစ်ဖြေရာ ပူဇော်သက္ကာပဲ။+
၃ သူ့ရဲ့ ပညတ်ချက်တွေကို အမြဲ လိုက်နာမယ်ဆိုရင် သူ့ကို သိကျွမ်းသူတွေ ဖြစ်မှန်း သိရတယ်။
၄ “သူ့ကို သိကျွမ်းတယ်” လို့ ပြောပေမဲ့ ပညတ်တွေကို မလိုက်နာတဲ့သူဟာ လူလိမ်ပဲ။ အဲဒီလူမှာ အမှန်တရား မရှိဘူး။
၅ သူ့စကားကို လိုက်နာတဲ့သူကတော့ ဘုရားသခင်ကို တကယ် ချစ်တဲ့သူပဲ။+ ကျွန်တော်တို့ဟာ သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေမှန်း ဒီနည်းနဲ့ သိရတယ်။+
၆ သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိတယ်လို့ ပြောတဲ့သူဟာ သူလျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်အတိုင်း အမြဲ လျှောက်လှမ်းရမယ့် တာဝန် ရှိတယ်။+
၇ ချစ်ရသူတို့၊ ပညတ်သစ်ကို ကျွန်တော် ပေးနေတာ မဟုတ်ဘူး။ အစကတည်းက ခင်ဗျားတို့ ရထားတဲ့ ပညတ်ဟောင်းအကြောင်း+ ပြောပြနေတာ။ အဲဒီပညတ်ဟောင်းဆိုတာ ခင်ဗျားတို့ ကြားခဲ့ရတဲ့ တရားစကားပဲ။
၈ ဒါပေမဲ့ ကျွန်တော် ပြောပြမယ့် ပညတ်ကို ပညတ်သစ်လို့လည်း ပြောလို့ရပါတယ်။ အဲဒီပညတ်နဲ့ပတ်သက်ပြီး ယေရှုကိုယ်တိုင် နမူနာ ပြခဲ့သလို ခင်ဗျားတို့လည်း လိုက်နာနေလို့ပါ။ ဒါကြောင့် အမှောင် ကွယ်ပျောက်ပြီး စစ်မှန်တဲ့အလင်း ထွန်းလင်းနေပြီ။+
၉ အလင်းထဲမှာ ရှိတယ်လို့ ပြောပေမဲ့ ကိုယ့်ညီအစ်ကိုကို မုန်းနေတယ်ဆိုရင်+ သူဟာ အမှောင်ထဲမှာ ရှိနေတုန်းပဲ။+
၁၀ ကိုယ့်ညီအစ်ကိုကို ချစ်တဲ့သူဟာ အလင်းထဲမှာ ရှိနေတယ်။+ ခလုတ်တိုက်လဲစရာအကြောင်း မရှိဘူး။
၁၁ ကိုယ့်ညီအစ်ကိုကို မုန်းတဲ့သူကတော့ အမှောင်ထဲမှာ ရှိနေတယ်။ အမှောင်ထဲမှာ လျှောက်လှမ်းနေတယ်။+ အမှောင်ထဲမှာ ဘာမှ မမြင်ရတဲ့အတွက် ဘယ်ကို သွားနေမှန်း မသိဘူး။+
၁၂ သားသမီးတို့၊ ဘုရားသခင်က သူ့နာမည်ကို ထောက်ပြီး+ ခင်ဗျားတို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ ဖြစ်လို့ ကျွန်တော် စာရေးလိုက်တာပါ။
၁၃ ဖခင်တို့၊ အစအဦးကတည်းက တည်ရှိတဲ့သူကို ခင်ဗျားတို့ သိကျွမ်းလာတဲ့အတွက် ကျွန်တော် စာရေးလိုက်တာပါ။ လူပျိုတို့၊ ဆိုးညစ်သူကို ခင်ဗျားတို့ အနိုင်ရတဲ့အတွက်+ ကျွန်တော် စာရေးလိုက်တာပါ။ သားသမီးတို့၊ အဖဘုရားကို ခင်ဗျားတို့ သိကျွမ်းလာတဲ့အတွက်+ ကျွန်တော် စာရေးလိုက်တာပါ။
၁၄ ဖခင်တို့၊ အစအဦးကတည်းက တည်ရှိတဲ့သူကို ခင်ဗျားတို့ သိကျွမ်းလာတဲ့အတွက် ကျွန်တော် စာရေးလိုက်တာပါ။ လူပျိုတို့၊ ခင်ဗျားတို့ဟာ ခွန်အားရှိသူတွေ၊+ ရင်ထဲမှာ တရားစကား စွဲမြဲနေသူတွေ၊+ ဆိုးညစ်သူကို အနိုင်ရသူတွေ ဖြစ်လို့+ ကျွန်တော် စာရေးလိုက်တာပါ။
၁၅ လောကကိုဖြစ်စေ၊ လောကမှာရှိတဲ့ အရာတွေကိုဖြစ်စေ မချစ်ကြနဲ့။+ လောကကို ချစ်တဲ့သူဟာ အဖဘုရားကို မချစ်တဲ့သူပဲ။+
၁၆ သွေးသားအလိုဆန္ဒ၊+ မျက်စိရဲ့ အလိုဆန္ဒ၊+ မိမိစည်းစိမ်အကြောင်း ဝါကြွားခြင်းစတဲ့ လောကမှာရှိတဲ့ အရာအားလုံးဟာ အဖဘုရားဆီက လာတာ မဟုတ်ဘူး။ လောကမှာရှိတဲ့ လူတွေဆီက လာတာပဲ။
၁၇ အဲဒီအပြင် ဒီလောကရော လောကမှာရှိတဲ့ လူတွေ လိုချင်ရာ အားလုံးပါ ရွေ့သွားကွယ်ပျောက်နေတယ်။+ ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်တဲ့သူကတော့ အမြဲ တည်တယ်။+
၁၈ သားသမီးတို့၊ အခုအချိန်ဟာ နောက်ဆုံးအချိန်ပဲ။ ခရစ်တော်ကို ဆန့်ကျင်သူ* ပေါ်လာမယ်လို့+ ခင်ဗျားတို့ ကြားထားတဲ့အတိုင်း ခရစ်တော်ကို ဆန့်ကျင်သူ အမြောက်အမြား အခုပဲ ပေါ်လာပြီ။+ ဒါကြောင့် နောက်ဆုံးအချိန်ကို ရောက်နေပြီဆိုတာ သိနိုင်တယ်။
၁၉ သူတို့ဟာ ကျွန်တော်တို့လို လူစားမျိုး မဟုတ်တော့ ကျွန်တော်တို့ဆီကနေ ထွက်သွားကြပြီ။+ ကျွန်တော်တို့လို လူစားမျိုး ဖြစ်ရင် ကျွန်တော်တို့နဲ့အတူ ရှိနေမှာပဲ။ အခု သူတို့ ထွက်သွားပြီဆိုတော့ ကျွန်တော်တို့လို လူစားမျိုး မဟုတ်မှန်း ထင်ရှားပြီပေါ့။+
၂၀ သန့်ရှင်းမြင့်မြတ်တဲ့ ဘုရားသခင်က ခင်ဗျားတို့ကို ဘိသိက်ပေးထားပြီ။+ အမှန်တရားကို ခင်ဗျားတို့အားလုံး သိကြပြီ။
၂၁ အမှန်တရားကို မသိလို့ မဟုတ်ဘဲ+ အမှန်တရားကို ခင်ဗျားတို့ သိနေလို့၊ ကျွန်တော် ပြောနေတဲ့ အမှန်တရားမှာ မုသာ မရှိလို့+ ကျွန်တော် စာရေးလိုက်တာပါ။
၂၂ ယေရှုဟာ ခရစ်တော် ဖြစ်တယ်ဆိုတာကို ငြင်းပယ်သူဟာ လူလိမ် မဟုတ်လား။+ အဖဘုရားနဲ့ သားတော်ကို ငြင်းပယ်သူဟာ ခရစ်တော်ကို ဆန့်ကျင်သူပဲ။*+
၂၃ သားတော်ကို ငြင်းပယ်သူဟာ အဖဘုရားရဲ့ ကျွန် မဟုတ်ဘူး။+ သားတော်ကို အသိအမှတ်ပြုသူဟာ+ အဖဘုရားရဲ့ ကျွန်ပဲ။+
၂၄ ခင်ဗျားတို့ကတော့ အစကတည်းက ကြားနာခဲ့တာတွေကို ရင်ထဲမှာ စွဲမြဲနေစေပါ။+ အစကတည်းက ကြားနာခဲ့တဲ့အရာဟာ ရင်ထဲမှာ စွဲမြဲနေရင် သားတော်နဲ့ရော အဖဘုရားနဲ့ပါ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လိမ့်မယ်။
၂၅ အဲဒီအပြင် ထာဝရအသက်ကိုပါ ရလိမ့်မယ်လို့+ ဘုရားသခင်ကိုယ်တိုင် ကတိပေးထားတယ်။
၂၆ လူတချို့က ခင်ဗျားတို့ကို လှည့်စားဖို့ ကြိုးစားနေလို့ ဒီအကြောင်းတွေ ကျွန်တော် ရေးလိုက်တယ်။
၂၇ ဘုရားသခင်က ခင်ဗျားတို့ကို စွမ်းအားတော်နဲ့ ဘိသိက်ပေးထားတာ ဖြစ်လို့+ ခင်ဗျားတို့ဆီမှာ စွမ်းအားတော် ရှိနေလိမ့်မယ်။ ခင်ဗျားတို့ကို ဘယ်သူမှ သင်ပေးစရာ မလိုဘူး။ ဘုရားသခင်က စွမ်းအားတော်ကို သုံးပြီး ခင်ဗျားတို့ကို အရာရာ သွန်သင်ပေးနေတယ်။+ ခင်ဗျားတို့ကို ဘိသိက်ပေးထားတယ်ဆိုတဲ့ အချက်ဟာ မှန်တယ်၊ မုသာစကား မဟုတ်ဘူး။ ဒါကြောင့် စွမ်းအားတော် သွန်သင်ပေးတဲ့အတိုင်း သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြပါ။+
၂၈ သားသမီးတို့၊ သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြပါ။ ဒါဆိုရင် သူပေါ်ထွန်းတဲ့အခါ ရဲရဲဝံ့ဝံ့ ပြောဆိုခွင့်*+ ရှိကြလိမ့်မယ်။ သူရောက်ရှိချိန်မှာ ရှက်စိတ်နဲ့ နောက်ဆုတ်နေရတဲ့ အဖြစ်မျိုး ကြုံရမှာ မဟုတ်ဘူး။
၂၉ သူဟာ ဖြောင့်မတ်သူ ဖြစ်မှန်း ခင်ဗျားတို့ သိတယ်ဆိုရင် ဖြောင့်မှန်ရာကို လုပ်ဆောင်သူတိုင်းဟာ ဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်မှန်းလည်း ခင်ဗျားတို့ သိကြမှာပဲ။+
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ရှေ့နေလိုက်ပေးမယ့်သူ။”