၁ ယောဟန် ၄:၁-၂၁
၄ ချစ်ရသူတို့၊ ဘုရားသခင်ဆီက လာတယ်လို့ ထင်ရတဲ့ သတင်းစကားတိုင်းကို မယုံကြနဲ့။+ ဘုရားဆီက လာတဲ့ သတင်းစကား ဟုတ်မဟုတ် သိနိုင်ဖို့ စစ်ဆေးကြပါ။+ ပရောဖက် အတုအယောင်တွေ လောကမှာ အများကြီး ပေါ်လာပြီ ဖြစ်လို့ပဲ။+
၂ ဘုရားဆီက သတင်းစကား ဟုတ်မဟုတ် သိနိုင်တဲ့ နည်းကတော့– လူသားတစ်ယောက်အဖြစ် ယေရှုခရစ် ရောက်လာခဲ့တယ်ဆိုတာကို အသိအမှတ်ပြုတဲ့ သတင်းစကားမှန်ရင် အဲဒါဟာ ဘုရားသခင်ဆီကပဲ။+
၃ ယေရှုကို အသိအမှတ်မပြုတဲ့ သတင်းစကားမှန်သမျှဟာ ဘုရားဆီက လာတာ မဟုတ်ဘူး။+ ခရစ်တော်ကို ဆန့်ကျင်သူရဲ့* သတင်းစကားပဲ။ ဆန့်ကျင်သူက အဲဒီစကားတွေ ပြောမယ်ဆိုတာ ခင်ဗျားတို့ ကြားထားပြီးသားပါ။+ အခု လောကမှာ အဲဒီစကားတွေကို ပြောနေတယ်။+
၄ သားသမီးတို့၊ ခင်ဗျားတို့ဟာ ဘုရားသခင်ရဲ့ ဘက်တော်သားတွေပါ။ ပရောဖက် အတုအယောင်တွေကို ခင်ဗျားတို့ အနိုင်ရခဲ့ပြီ။+ ခင်ဗျားတို့နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတဲ့ ဘုရားသခင်ဟာ+ လောကနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတဲ့ မာရ်နတ်ထက် တန်ခိုးကြီးတယ်။+
၅ သူတို့ဟာ လောကရဲ့ ဘက်တော်သားတွေ ဖြစ်လို့+ လောကနဲ့ဆိုင်တဲ့ အကြောင်းကို ပြောတတ်ကြတယ်။ လောကကလည်း သူတို့ ပြောတာကို နားထောင်တတ်တယ်။+
၆ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ ဘက်တော်သားတွေပဲ။ ဘုရားသခင်ကို သိကျွမ်းသူဟာ ကျွန်တော်တို့ ပြောတာကို နားထောင်တယ်။+ ဘုရားသခင်ရဲ့ ဘက်တော်သား မဟုတ်တဲ့သူကတော့ ကျွန်တော်တို့ ပြောတာကို နားမထောင်ဘူး။+ ဒီနည်းအားဖြင့် မှန်တဲ့ သတင်းစကားနဲ့ မှားတဲ့ သတင်းစကားကို ခွဲခြားနိုင်တယ်။+
၇ ချစ်ရသူတို့၊ အချင်းချင်း ချစ်မြဲချစ်ကြစို့။+ မေတ္တာဟာ ဘုရားသခင်ဆီက အရင်းခံတယ်။ မေတ္တာရှိတဲ့သူဟာ ဘုရားသခင်ရဲ့ သားသမီး၊ ဘုရားသခင်ကို သိကျွမ်းသူဖြစ်တယ်။+
၈ မေတ္တာမရှိတဲ့သူကတော့ ဘုရားသခင်ကို မသိဘူး။ ဘာလို့လဲဆိုတော့ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်လို့ပဲ။+
၉ ဘုရားသခင်က တစ်ဦးတည်းသောသားကို+ ဒီလောကဆီ စေလွှတ်ပြီး သူ့ အားဖြင့် အသက်လမ်း ဖွင့်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ကို ဘုရားသခင် ဘယ်လောက် ချစ်မှန်း ပေါ်လွင်ထင်ရှားတယ်။+
၁၀ ကျွန်တော်တို့ရဲ့ အပြစ်အတွက်+ အပြစ်ဖြေရာ ပူဇော်သက္ကာအဖြစ်+ သားတော်ကို စေလွှတ်ခဲ့တာဟာ ကျွန်တော်တို့ကို ဘုရားသခင် ချစ်လို့ပါ။ ကျွန်တော်တို့က ဘုရားသခင်ကို ချစ်ခဲ့လို့ မဟုတ်ပါဘူး။
၁၁ ချစ်ရသူတို့၊ ဘုရားသခင်က အဲဒီလောက်တောင် ချစ်တယ်ဆိုတော့ ကျွန်တော်တို့လည်း အချင်းချင်း ချစ်ဖို့ တာဝန် ရှိတယ်။+
၁၂ ဘုရားသခင်ကို ဘယ်သူမှ မမြင်ဖူးပါဘူး။+ ဒါပေမဲ့ အချင်းချင်း ချစ်မြဲချစ်နေမယ်ဆိုရင် ဘုရားသခင်ဟာ ကျွန်တော်တို့နဲ့အတူ ရှိမြဲရှိနေမယ်။ ဒါကြောင့် ပြည့်ဝစုံလင်တဲ့ မေတ္တာကို ပြကြပါ။+
၁၃ ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေမှန်း၊ ဘုရားသခင်ကလည်း ကျွန်တော်တို့နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေမှန်း ပေးသနားထားတဲ့ စွမ်းအားတော်ကြောင့် သိရတယ်။
၁၄ အဖဘုရားက သားတော်ကို လောကရဲ့ ကယ်တင်ရှင်အဖြစ် စေလွှတ်လိုက်မှန်း+ ကျွန်တော်တို့ မြင်ခဲ့ရတယ်၊ ကိုယ်တိုင် မျက်မြင်သက်သေ ဖြစ်ခဲ့တယ်။
၁၅ ယေရှုခရစ်ကို ဘုရားသခင့် သားတော်အဖြစ် အသိအမှတ်ပြုသူဟာ+ ဘုရားသခင်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေသလို ဘုရားသခင်ကလည်း သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတယ်။+
၁၆ ကျွန်တော်တို့ကို ဘုရားသခင် ချစ်မြတ်နိုးမှန်း သိလည်းသိတယ်။ ယုံလည်းယုံတယ်။+
ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်။+ မေတ္တာရှိတဲ့သူဟာ ဘုရားသခင်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေသလို ဘုရားသခင်ကလည်း သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတယ်။+
၁၇ ဒါကြောင့် ပြည့်ဝစုံလင်တဲ့ မေတ္တာကို ပြကြပါ။ ဒီလိုပြမယ်ဆိုရင် တရားစီရင်ရာနေ့မှာ ရဲရဲဝံ့ဝံ့ ပြောဆိုခွင့်*+ ရလိမ့်မယ်။ ဒီလောကမှာ ကျွန်တော်တို့ဟာ ခရစ်တော်လို အနေအထားမျိုးနဲ့ အသက်ရှင်နေကြတယ်။
၁၈ ဘုရားသခင်ကို ချစ်မြတ်နိုးသူမှာ ကြောက်စိတ် မရှိဘူး။+ ပြည့်ဝစုံလင်တဲ့ မေတ္တာက ကြောက်စိတ်ကို ဖယ်ရှားပစ်တယ်။ ကြောက်စိတ်ကတော့ လူကို အဟန့်အတား ဖြစ်စေတယ်။ ကြောက်စိတ်ဝင်နေတဲ့လူဟာ ပြည့်ဝစုံလင်တဲ့ မေတ္တာကို မပြနိုင်ဘူး။+
၁၉ ဘုရားသခင်က အရင်ဦးဆုံး ချစ်ခဲ့လို့ ကျွန်တော်တို့လည်း ချစ်တတ်ကြတာပါ။+
၂၀ “ဘုရားသခင်ကို ချစ်တယ်” လို့ ပြောပေမဲ့ ညီအစ်ကိုကို မုန်းတဲ့သူဟာ လူလိမ်ပဲ။+ မြင်နေရတဲ့ ညီအစ်ကိုကို မချစ်ရင်+ မမြင်ရတဲ့ ဘုရားသခင်ကို မချစ်နိုင်ဘူး။+
၂၁ ဘုရားသခင်ကို ချစ်ရင် ညီအစ်ကိုကိုလည်း ချစ်ရမယ်ဆိုတဲ့ ပညတ်ကို ဘုရားသခင်ဆီက ကျွန်တော်တို့ ရထားတယ်။+