၁ ယောဟန် ၅:၁-၂၁
၅ ယေရှုဟာ ခရစ်တော် ဖြစ်တယ်လို့ ယုံကြည်ရင် သူဟာ ဘုရားသခင်ရဲ့ သားသမီးပဲ။+ အဖဘုရားကို ချစ်တဲ့သူဟာ ဘုရားရဲ့ သားသမီးကိုလည်း ချစ်တယ်။
၂ ဘုရားသခင်ကို ချစ်ပြီး ပညတ်ချက်တွေကို လိုက်နာမယ်ဆိုရင် ဘုရားရဲ့ သားသမီးတွေကို ချစ်တဲ့သူ ဖြစ်မှန်း+ ကျွန်တော်တို့ သိနိုင်တယ်။
၃ ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။+ ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်ပါဘူး။+
၄ ဘုရားသခင်ရဲ့ သားသမီးဟာ လောကကို အောင်နိုင်တဲ့သူပဲ။+ လောကကို အောင်နိုင်စေတာကတော့ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းပဲ။+
၅ လောကကို အောင်နိုင်တာ ဘယ်သူလဲ။+ ယေရှုဟာ ဘုရားသခင်ရဲ့သား ဖြစ်တယ်ဆိုတာကို ယုံကြည်တဲ့သူပဲ။+
၆ ယေရှုခရစ်က ရေနဲ့ရော သွေးနဲ့ပါ ရောက်လာတယ်။ ရေတစ်မျိုးတည်းနဲ့ မဟုတ်ဘဲ+ ရေနဲ့ရော သွေးနဲ့ပါ+ ရောက်လာတယ်။ ဒါကို အမှန်တရား ဖြစ်တဲ့ စွမ်းအားတော်က သက်သေခံတယ်။+
၇ သက်သေ သုံးခု ရှိတယ်–
၈ စွမ်းအားတော်၊+ ရေနဲ့+ သွေး ဖြစ်တယ်။+ အဲဒီသုံးခုဟာ အကြောင်းအရာ တစ်ခုတည်းရဲ့ သက်သေပဲ။
၉ လူတွေရဲ့ သက်သေကို လက်ခံတယ်ဆိုရင် ဘုရားသခင်ရဲ့ သက်သေကို ပိုလို့တောင် လက်ခံရမယ်။ သားတော်နဲ့ပတ်သက်တဲ့ သက်သေကို ဘုရားသခင် ကိုယ်တိုင် ပေးခဲ့တယ်။
၁၀ ဘုရားသခင်ရဲ့ သားကို ယုံကြည်တဲ့သူဟာ ဘုရားသခင် ပေးတဲ့ သက်သေကို စိတ်နှလုံးထဲမှာ လက်ခံတဲ့သူပဲ။ ဘုရားသခင်ကို မယုံကြည်တဲ့သူကတော့ ဘုရားသခင်ဟာ မုသာသုံးတဲ့သူပဲလို့ ပြောရာရောက်တယ်။+ သားတော်နဲ့ပတ်သက်ပြီး ဘုရားသခင် ပေးတဲ့ သက်သေကို မယုံလို့ပဲ။
၁၁ ဘုရားသခင် ပေးတဲ့ သက်သေကတော့ ထာဝရအသက် ဖြစ်တယ်။+ အဲဒီအသက်ကို သားတော်ကတစ်ဆင့် ကျွန်တော်တို့ ရတယ်။+
၁၂ ဘုရားသခင်ရဲ့ သားကို လက်ခံရင် ထာဝရအသက် ရမယ်၊ လက်မခံရင် ထာဝရအသက် ရမှာ မဟုတ်ဘူး။+
၁၃ သားတော်ရဲ့ နာမည်ကို ယုံကြည်တဲ့အတွက်+ ခင်ဗျားတို့ ထာဝရအသက် ရမယ်ဆိုတာ သိစေချင်လို့+ ဒီအကြောင်းတွေကို ကျွန်တော် ရေးလိုက်တာ။
၁၄ အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်ဆိုတာ စိတ်ချတယ်။+
၁၅ ကျွန်တော်တို့ ဆုတောင်းသမျှကို ဘုရား နားထောင်မယ်ဆိုတာ သိထားတဲ့အတွက် တောင်းလျှောက်တဲ့အရာတွေ ရမယ်ဆိုတာကိုလည်း ယုံကြည်စိတ်ချတယ်။+
၁၆ ညီအစ်ကိုတစ်ယောက် မသေထိုက်တဲ့အပြစ်ကို ကျူးလွန်နေတာ တွေ့ရင် သူ့အတွက် ဆုတောင်းပေးပါ။ ဘုရားသခင်က သူ့ကို အသက်ပေးလိမ့်မယ်။+ မသေထိုက်တဲ့အပြစ်ကို ကျူးလွန်သူတွေနဲ့ပတ်သက်ပြီး ပြောနေတာပါ။ သေထိုက်တဲ့ အပြစ်လည်း ရှိတယ်။+ အဲဒီလိုအပြစ်အတွက် ဆုတောင်းပေးရမယ်လို့ ကျွန်တော် ပြောနေတာ မဟုတ်ဘူး။
၁၇ မဖြောင့်မတ်မှုမှန်သမျှဟာ အပြစ်ပဲ။+ ဒါပေမဲ့ မသေထိုက်တဲ့အပြစ်လည်း ရှိပါတယ်။
၁၈ တစ်ယောက်ယောက်ဟာ ဘုရားသခင့် သားသမီးမှန်ရင် အပြစ်လုပ်လေ့ မရှိဘူးဆိုတာ ကျွန်တော်တို့ သိတယ်။ ဘုရားသခင်ရဲ့ သားတော်က သူ့ကို စောင့်ရှောက်လိမ့်မယ်။ ဆိုးညစ်သူက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။+
၁၉ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ ဘက်တော်သားတွေ ဖြစ်မှန်း၊ တစ်လောကလုံးကတော့ ဆိုးညစ်သူရဲ့ သြဇာအောက်မှာ ရှိနေမှန်း+ ကျွန်တော်တို့ သိတယ်။
၂၀ ကမ္ဘာမြေကို သားတော် ရောက်လာခဲ့မှန်း ကျွန်တော်တို့ သိတယ်။+ စစ်မှန်တဲ့ အရှင်အကြောင်း သိကျွမ်းနိုင်ဖို့ လိုအပ်တဲ့ ထိုးထွင်းသိမြင်မှုကို သူပေးတယ်။ ကျွန်တော်တို့ဟာ သားတော်ယေရှုခရစ်အားဖြင့် စစ်မှန်တဲ့အရှင်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတယ်။+ အဲဒီအရှင်ဟာ စစ်မှန်တဲ့ ဘုရားသခင်၊ ထာဝရအသက်ရဲ့ ရင်းမြစ်ပဲ။+
၂၁ သားသမီးတို့၊ ရုပ်တုဆင်းတုကို ဝေးဝေး ရှောင်ကြပါ။+