၁ ရာဇဝင်ချုပ် ၂၂:၁-၁၉

  • ဗိမာန်တော်အတွက် ဒါဝိဒ်ရဲ့ပြင်ဆင်မှု (၁-၅)

  • ရှောလမုန်ကို ဒါဝိဒ် ညွှန်ကြား (၆-၁၆)

  • ရှောလမုန်ကို ဝိုင်းကူဖို့ မှူးမတ်တွေကို မှာကြား (၁၇-၁၉)

၂၂  အဲဒီနောက်  ဒါဝိဒ်က   “ဒီနေရာမှာ   စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါရဲ့ အိမ်တော် ရှိရမယ်။ ဒီနေရာမှာတော့ အစ္စရေးတွေရဲ့ မီးရှို့ပူဇော်ရာပလ္လင် ရှိရမယ်”+ လို့ပြောတယ်။ ၂  ပြီးတော့ ဒါဝိဒ်က အစ္စရေးပြည်မှာနေတဲ့ တိုင်းတစ်ပါးသားတွေကို+ ခေါ်ပြီး  ဘုရားသခင့်အိမ်တော်  တည်ဆောက်ရာမှာ သုံးဖို့ ကျောက်တွေကို ဖြတ်ရ၊ ထုဆစ်ရတဲ့ ကျောက်ဆစ်သမားတွေအဖြစ် ခန့်လိုက်တယ်။+ ၃  မချိန်တွယ်နိုင်လောက်အောင် များတဲ့ ကြေးနီတွေအပြင် တံခါးမှာသုံးမယ့် သံချောင်းတွေ၊ ပတ္တာတွေအတွက် သံတွေအများကြီးကိုလည်း စုဆောင်းထားတယ်။+ ၄  ဆိုင်ဒုန်လူတွေနဲ့+ တိုင်ရာလူတွေက+ ဒါဝိဒ်ဆီ သစ်ကတိုးသားတွေ+ အများကြီး ယူလာပေးတဲ့အတွက် သစ်ကတိုးသားတွေလည်း တောင်ပုံရာပုံ ဖြစ်နေတယ်။ ၅  ဒါဝိဒ်က “ယေဟောဝါဘုရားအတွက် ငါ့သားရှောလမုန် ဆောက်ရမယ့် အိမ်တော်ဟာ သိပ်ကိုခမ်းနားထည်ဝါပြီး+ လှပတင့်တယ်ရမယ်။+ ဒါမှ တိုင်းနိုင်ငံအသီးသီးမှာ အိမ်တော်ရဲ့ ဂုဏ်သတင်း ကျော်စောလိမ့်မယ်။+ ဒါပေမဲ့ ရှောလမုန်ဟာ အသက်ကလည်းငယ်၊ အတွေ့အကြုံလည်း မရှိတော့+ သူ့အတွက် အသင့်ပြင်ထားပေးမှ ဖြစ်မယ်” ဆိုပြီး မသေဆုံးခင်မှာ လိုအပ်တဲ့ပစ္စည်းတွေ အများကြီး ပြင်ဆင်ပေးခဲ့တယ်။ ၆  ဒါဝိဒ်က သားတော်ရှောလမုန်ကို ခေါ်ပြီး အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါအတွက် အိမ်တော်တည်ဆောက်ဖို့ ညွှန်ကြားတယ်။ ၇  ပြီးတော့ ရှောလမုန်ကို “ငါကိုးကွယ်တဲ့ဘုရား ယေဟောဝါရဲ့ နာမတော်အတွက် အိမ်တော်တည်ဆောက်ဖို့ ငါဆန္ဒပြင်းပြခဲ့တယ်။+ ၈  ဒါပေမဲ့ ယေဟောဝါဘုရားက ‘မင်းဟာ တိုက်ပွဲကြီးတွေ ဆင်နွှဲပြီး လူအမြောက်အမြား သတ်ခဲ့တယ်။ ငါ့ရှေ့မှာ၊ မြေကြီးပေါ်မှာ လူအမြောက်အမြား သတ်ခဲ့တဲ့သူဖြစ်လို့ ငါ့နာမည်အတွက် အိမ်တော်ကို မင်း မဆောက်ရဘူး။+ ၉  ဒါပေမဲ့ မင်းရဲ့သားတစ်ယောက်ဟာ+ ငြိမ်းချမ်းတဲ့သူ ဖြစ်လိမ့်မယ်။ သူ့လက်ထက်မှာ အစ္စရေးပြည်ကို ငါငြိမ်သက်အေးချမ်းစေပြီး+ ပတ်ဝန်းကျင် ရန်သူတွေရဲ့ ဘေးရန်ကနေ ကင်းဝေးစေမယ်။+ ဒါကြောင့် သူ့ကို ရှောလမုန်*+ လို့ခေါ်ရမယ်။ ၁၀  သူက ငါ့နာမည်အတွက်  အိမ်တော်  တည်ဆောက်လိမ့်မယ်။+ သူဟာ ငါ့သားဖြစ်လာပြီး  ငါဟာ   သူ့ဖခင်ဖြစ်လာမယ်။+ အစ္စရေးပြည်မှာ သူ့ရာဇပလ္လင်ကို ထာဝစဉ်  ငါတည်မြဲစေမယ်’+  လို့မိန့်မှာထားတယ်။ ၁၁  “ဒါကြောင့် ငါ့သား၊ မင်းနဲ့အတူ ယေဟောဝါဘုရား ရှိပါစေ။ မင်းနဲ့ပတ်သက်ပြီး ယေဟောဝါဘုရား ပြောခဲ့တဲ့အတိုင်း အိမ်တော်ကို အောင်မြင်စွာ  တည်ဆောက်နိုင်ပါစေ။+ ၁၂  အစ္စရေးတွေကို မင်းအုပ်ချုပ်တဲ့အခါ မြော်မြင်ချင့်ချိန်နိုင်စွမ်းနဲ့ သိနားလည်နိုင်စွမ်းကိုလည်း ယေဟောဝါ ပေးပါစေ။+ ဒါမှ ယေဟောဝါဘုရားရဲ့ ပညတ်ကို မင်းလိုက်နာနိုင်မယ်။+ ၁၃  မောရှေကတစ်ဆင့် အစ္စရေးတွေကို ယေဟောဝါပေးခဲ့တဲ့ စည်းမျဉ်းတွေ၊+ တရားစီရင်ချက်တွေကို ဂရုတစိုက် လိုက်နာမယ်ဆိုရင် မင်း အောင်မြင်မယ်။+ ဒါကြောင့် ရဲစွမ်းသတ္တိရှိပါ။ မကြောက်နဲ့။+ ၁၄  ယေဟောဝါရဲ့ အိမ်တော်အတွက် ရွှေတဲလင့်* ၁၀၀,၀၀၀၊ ငွေတဲလင့် ၁,၀၀၀,၀၀၀၊ မချိန်နိုင်လောက်အောင် များတဲ့ ကြေးနီနဲ့သံတွေကို+ ငါအပင်ပန်းခံပြီး စုဆောင်းထားတယ်။ သစ်သားတွေ၊ ကျောက်တွေလည်း+ အဆင်သင့်ပဲ။ ဒါပေမဲ့ မင်း ထပ်ဖြည့်ရဦးမယ်။ ၁၅  မင်းဆီမှာ  ကျောက်ဆစ်သမားတွေ၊+ ပန်းရန်သမားတွေ၊ လက်သမားတွေ အများကြီးပဲ။ အတတ်ပညာရှင်မျိုးစုံလည်း ရှိတယ်။+ ၁၆  ရွှေ၊ ငွေ၊ ကြေးနီ၊ သံတွေလည်း တောင်ပုံရာပုံ ရှိနေတာပဲ။+ ဒါကြောင့် လုပ်ငန်းစပေတော့။ မင်းနဲ့အတူ ယေဟောဝါဘုရား ရှိပါစေ”+ လို့ ပြောတယ်။ ၁၇  ဒါဝိဒ်က သားတော် ရှောလမုန်ကို ဝိုင်းကူကြဖို့ အစ္စရေးမှူးမတ်တွေကို မှာကြားပြီး၊ ၁၈  “ယေဟောဝါဘုရားက မင်းတို့နဲ့အတူ ရှိတယ်၊ အရပ်ရပ်မှာလည်း ငြိမ်သက်အေးချမ်းစေခဲ့တယ်။ ယေဟောဝါက ဒီပြည်သူပြည်သားတွေကို ငါ့လက်ထဲ အပ်တဲ့အတွက် ကိုယ်တော့်ရှေ့၊  လူမျိုးတော်ရှေ့မှာ ဒီပြည်ကို အနိုင်ရခဲ့ပြီ။ ၁၉  အခု ယေဟောဝါဘုရားကို  စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ ဝတ်ပြုဖို့ စိတ်ပိုင်းဖြတ်ထားပါ။+ ယေဟောဝါရဲ့ သန့်ရှင်းရာဌာနတော်ကို စပြီးတည်ဆောက်ကြတော့။+ ဒါမှ ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာနဲ့ ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့ အသုံးအဆောင်တွေကို+ ယေဟောဝါရဲ့ နာမတော်အတွက် ဆောက်ထားတဲ့ အိမ်တော်ထဲ သွင်းထားနိုင်မှာ”+ လို့ပြောတယ်။

အောက်ခြေမှတ်ချက်များ

“ငြိမ်းချမ်းမှု” လို့အဓိပ္ပာယ်ရှိတဲ့ ဟီဘရူးစကားလုံးကနေ ဆင်းသက်လာ။
တစ်တဲလင့်က ၃၄.၂ ကီလိုနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။