၁ ရှမွေလ ၁၀:၁-၂၇

  • ရှောလုကို ဘုရင်အဖြစ် ဘိသိက်ပေး (၁-၁၆)

  • ရှောလုကို လူတွေရှေ့ ထုတ် (၁၇-၂၇)

၁၀  အဲဒီနောက် ရှမွေလက ဆီဘူးကိုယူပြီး ရှောလုခေါင်းပေါ် လောင်းလိုက်တယ်။+ သူ့ကိုနမ်းပြီး “ယေဟောဝါဘုရားက မင်းကို အစ္စရေးလူမျိုးရဲ့+ ခေါင်းဆောင်အဖြစ် ဘိသိက်ပေးလိုက်ပြီ။+ ၂  ဒီနေ့ ငါ့ဆီကနေ ပြန်သွားတဲ့အခါ ဗင်ယာမိန်နယ်မြေ၊ ဇေလဇအရပ်က ရာခေလသင်္ချိုင်းနားမှာ+ လူနှစ်ယောက်ကို တွေ့လိမ့်မယ်။ သူတို့က ‘ခင်ဗျားလိုက်ရှာနေတဲ့ မြည်းတွေကို တွေ့ပြီ။ အခု ခင်ဗျားရဲ့အဖေက မြည်းတွေအတွက် စိတ်မပူတော့ဘဲ+ “ငါ့သားလည်း ပြန်မလာသေးဘူး။ ဘာလုပ်ရပါ့မလဲ” ဆိုပြီးခင်ဗျားတို့အတွက် စိတ်ပူနေတယ်’ လို့ပြောလိမ့်မယ်။ ၃  အဲဒီကနေ တာဗော်အပင်ကြီးနား ရောက်တဲ့အထိ ဆက်သွားပါ။ စစ်မှန်တဲ့ဘုရားသခင်ကို ဝတ်ပြုဖို့ ဗေသလမြို့ကို+ သွားနေတဲ့ လူသုံးယောက်ကို တွေ့လိမ့်မယ်။ တစ်ယောက်က ဆိတ်ကလေးသုံးကောင်ကို ဆွဲလာလိမ့်မယ်။ တစ်ယောက်က မုန့်သုံးလုံးကို ကိုင်ပြီး နောက်တစ်ယောက်က ဝိုင်အိုးကြီးတစ်လုံးကို သယ်လာလိမ့်မယ်။ ၄  သူတို့က မင်းကို နှုတ်ဆက်စကား ပြောပြီး မုန့်နှစ်လုံး ပေးတဲ့အခါ လက်ခံလိုက်ပါ။ ၅  ပြီးရင် ဖိလိတိမြို့စောင့်တပ်ရှိရာ ဘုရားသခင်ရဲ့တောင်ကို ဆက်သွားပါ။ မြို့ထဲရောက်တဲ့အခါ အထွတ်အမြတ်နေရာကနေ ဆင်းလာတဲ့ ပရောဖက်တစ်စုနဲ့ ဆုံလိမ့်မယ်။ သူတို့ပရောဖက်ပြုနေတုန်း လူတွေက သူတို့ရှေ့မှာ ကြိုးတပ်တူရိယာ၊ ချူတပ်ဗုံ၊ ပလွေနဲ့ စောင်းတွေ တီးမှုတ်နေလိမ့်မယ်။ ၆  အဲဒီအချိန်မှာပဲ မင်းအပေါ် ယေဟောဝါဘုရားရဲ့ စွမ်းအားတော် သက်ရောက်လာပြီး+ သူတို့နဲ့အတူ ပရောဖက်ပြုနိုင်မယ်။ မင်းက ခြားနားတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားမယ်။+ ၇  ဒီနိမိတ်တွေအတိုင်း ဖြစ်လာရင် မင်းနဲ့အတူ ဘုရားသခင်ရှိတယ်ဆိုတဲ့ သဘောပဲ။ ဒီတော့ မင်းလုပ်နိုင်တာမှန်သမျှ အတတ်နိုင်ဆုံးလုပ်ပါ။ ၈  ပြီးရင် ဂိလဂါလမြို့ကို+ အရင် ဆင်းသွားနှင့်ပါ။ ငါလည်း မီးရှို့ရာ ပူဇော်သက္ကာတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေ ဆက်သဖို့ လိုက်လာမယ်။ ငါမလာမချင်း ခုနစ်ရက် စောင့်နေပါ။ အဲဒီအခါကျမှ မင်းဘာလုပ်ရမယ်ဆိုတာ ငါပြောပြမယ်” လို့မှာတယ်။ ၉  ရှမွေလဆီကနေ ရှောလုထွက်သွားတာနဲ့ ဘုရားသခင်က သူ့စိတ်သဘောထားကို တခြားတစ်ယောက်ရဲ့ စိတ်သဘောထားလို ဖြစ်အောင် ပြောင်းလဲပေးတယ်။ နိမိတ်အားလုံး အဲဒီနေ့မှာ တကယ်ဖြစ်ပျက်လာတယ်။ ၁၀  အဲဒီနေရာကနေ တောင်ပေါ်ကို သူတို့သွားတဲ့အခါ ပရောဖက်တစ်စုနဲ့ တွေ့တယ်။ အဲဒီအချိန်မှာပဲ ဘုရားသခင့်စွမ်းအားတော် သက်ရောက်လာတဲ့အတွက်+ ရှောလုက သူတို့နဲ့အတူ ပရောဖက်ပြုတော့တယ်။+ ၁၁  သူ့ကိုသိထားတဲ့ လူတွေက သူပရောဖက်ပြုနေတာကို မြင်တဲ့အခါ “ကိရှရဲ့သား ဘယ်လိုဖြစ်သွားပါလိမ့်။ ရှောလုလည်း ပရောဖက်ပဲလား” ဆိုပြီး အချင်းချင်း ပြောကြတယ်။ ၁၂  တစ်ယောက်က “တခြားပရောဖက်တွေရဲ့ အဖေတွေကော ဘယ်သူမို့လို့လဲ” လို့ပြောတယ်။ ဒီလိုနဲ့ “ရှောလုလည်း ပရောဖက်ပဲလား”+ ဆိုတဲ့ ဆိုရိုးစကား ပေါ်လာတယ်။ ၁၃  ရှောလုက ပရောဖက်ပြုပြီးသွားတဲ့အခါ အထွတ်အမြတ်နေရာကို ရောက်လာတယ်။ ၁၄  ရှောလုရဲ့ ဘထွေးက “မင်းတို့ ဘယ်သွားတာလဲ” လို့ သူနဲ့ သူ့နောက်လိုက်ကို မေးတယ်။ “မြည်းတွေကို သွားရှာတာပါ။+ ရှာမတွေ့တာနဲ့ ရှမွေလဆီ ရောက်သွားတာ” ဆိုပြီး ရှောလုဖြေတယ်။ ၁၅  ဘထွေးက “မင်းတို့ကို ရှမွေလ ဘာပြောလဲ၊ ပြောစမ်းပါဦး” လို့မေးတယ်။ ၁၆  ရှောလုက “မြည်းတွေကို ရှာတွေ့ပြီတဲ့” ဆိုပြီးဖြေတယ်။ သူ ဘုရင်ဖြစ်မယ်လို့ ရှမွေလပြောခဲ့တဲ့အကြောင်းကိုတော့ မပြောပြဘူး။ ၁၇  ရှမွေလက မိဇပါမြို့မှာ ယေဟောဝါရှေ့ စုရုံးဖို့ အစ္စရေးတွေကို ခေါ်လိုက်တယ်။+ ၁၈  ပြီးတော့ သူတို့ကို “အစ္စရေးတို့ရဲ့ ဘုရားသခင် ယေဟောဝါ ပြောတာက ‘ငါဟာ မင်းတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့အရှင်၊ မင်းတို့ကိုဖိနှိပ်တဲ့ အီဂျစ်လူတွေနဲ့ တခြားနိုင်ငံတွေ လက်ထဲကနေ ကယ်တင်တဲ့အရှင် ဖြစ်တယ်။+ ၁၉  ဒါပေမဲ့ အခုတော့ မင်းတို့က အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေကနေ ကယ်ခဲ့တဲ့ ကယ်တင်ရှင် ဘုရားသခင်ကို ပစ်ပယ်ပြီး+ “ကျွန်တော်တို့အတွက် ဘုရင်တစ်ပါး ခန့်အပ်ပေးပါ” လို့တောင်းဆိုကြတယ်။ အခု မင်းတို့အားလုံး အနွယ်အလိုက်၊ ဆွေမျိုးစုအလိုက် ယေဟောဝါရှေ့မှာ ရပ်နေကြ’” လို့ပြောတယ်။ ၂၀  ပြီးတော့ ရှမွေလက အစ္စရေးအနွယ်အားလုံးကို ရှေ့တော် လာခိုင်းတဲ့အခါ+ ဗင်ယာမိန်အနွယ် ရွေးထုတ်ခံရတယ်။+ ၂၁  ဗင်ယာမိန်အနွယ်ရဲ့ ဆွေမျိုးစုတွေကို ရှေ့ထွက်လာခိုင်းတဲ့အခါ မာတရိရဲ့ဆွေမျိုးစု ရွေးထုတ်ခံရတယ်။ နောက်ဆုံး ကိရှရဲ့သားရှောလု ရွေးထုတ်ခံရတယ်။+ ဒါနဲ့ ရှောလုကို လိုက်ရှာကြတော့ ရှာမတွေ့ဘူး။ ၂၂  ဒါကြောင့် “သူဒီကိုရောက်နေပြီလား” ဆိုပြီး ယေဟောဝါကို မေးတဲ့အခါ+ ယေဟောဝါက “ရောက်နေပြီ။ အထုပ်အပိုးတွေကြားမှာ သူပုန်းနေတယ်” လို့ပြောတယ်။ ၂၃  ဒါနဲ့ သူ့ကို ပြေးခေါ်ကြတယ်။ လူတွေကြားမှာ ရပ်လိုက်တဲ့အခါ သူ့အရပ်က တခြားလူတွေထက် ခေါင်းတစ်လုံးစာ ပိုမြင့်နေတယ်။+ ၂၄  ရှမွေလက “ဒီမှာကြည့်ကြ။ ယေဟောဝါဘုရား ရွေးချယ်တာ သူပဲ။+ လူတွေထဲမှာ သူ့လိုလူ မရှိဘူး” လို့ပြောတော့ လူတွေကလည်း “အရှင်မင်းကြီး အသက်တော်ရှည်ပါစေ” လို့ကြွေးကြော်ကြတယ်။ ၂၅  အဲဒီနောက် ရှမွေလက ဘုရင်တွေရဲ့ ရပိုင်ခွင့်အကြောင်း လူတွေကို ပြောပြတယ်။+ စာနဲ့လည်း ရေးမှတ်ပြီး အဲဒီစာလိပ်ကို ယေဟောဝါရှေ့မှာ ထားတယ်။ ပြီးတော့ လူတွေကို အိမ်ပြန်လွှတ်လိုက်တယ်။ ၂၆  ရှောလုလည်း ဂိဗာမြို့မှာရှိတဲ့ နေအိမ်ကို ပြန်သွားတယ်။ စစ်သည်တွေရဲ့ စိတ်ကို ယေဟောဝါ လှုံ့ဆော်ပေးတဲ့အတွက် သူတို့ လိုက်သွားကြတယ်။ ၂၇  လူဖျင်းတချို့က “ဒီလူက ငါတို့ကို ဘယ်လိုလုပ် ကယ်နိုင်မှာလဲ” လို့ကဲ့ရဲ့တယ်။+ သူ့ကို အထင်သေးပြီး ဘာလက်ဆောင်မှ မပေးကြဘူး။+ ရှောလုကတော့ ဘာမှပြန်မပြောဘဲ နေလိုက်တယ်။

အောက်ခြေမှတ်ချက်များ