၁ ရှမွေလ ၁၂:၁-၂၅
၁၂ အဲဒီနောက် ရှမွေလက အစ္စရေးတွေကို “ခင်ဗျားတို့ တောင်းဆိုတဲ့အတိုင်း ကျွန်တော် လိုက်လျောပေးခဲ့ပြီ။ ခင်ဗျားတို့ကို အုပ်ချုပ်ဖို့ ဘုရင်တစ်ပါး တင်မြှောက်လိုက်ပြီ။+
၂ အခု ခင်ဗျားတို့ကို ဦးဆောင်မယ့် ဘုရင်ဟာ သူပဲ။+ ကျွန်တော်ကတော့ အိုမင်းပြီး ဆံဖြူနေပြီ။ ကျွန်တော့်သားတွေလည်း ခင်ဗျားတို့နဲ့အတူ ရှိနေတာပဲ။+ ကျွန်တော်က ငယ်ငယ်ကတည်းကနေ အခုအချိန်အထိ ခင်ဗျားတို့ကို ဦးဆောင်ခဲ့တယ်။+
၃ အခု ကျွန်တော် ဒီမှာရှိနေတယ်။ အပြစ်တင်စရာရှိရင် ယေဟောဝါဘုရားရှေ့မှာ၊ ဘုရား ဘိသိက်ပေးထားသူရှေ့မှာ ပြောကြ။+ ကျွန်တော်က ဘယ်သူ့ဆီက နွားတွေ၊ မြည်းတွေ ယူဖူးသလဲ။+ ဘယ်သူ့ကို လှည့်စားဖူးသလဲ။ ဘယ်သူ့ကို အနိုင်ကျင့်ဖူးသလဲ။ ဘယ်သူ့ဆီကနေ တံစိုးလက်ဆောင်ယူပြီး အပြစ်ကို မသိကျိုးကျွန်ပြုဖူးသလဲ။+ ပြောကြ။ ကျွန်တော် ပြန်လျော်ပေးမယ်”+ လို့ပြောတယ်။
၄ လူတွေကလည်း “သခင်က ကျွန်တော်တို့ကို မလှည့်စားဖူးပါဘူး။ အနိုင်မကျင့်ဖူးပါဘူး။ ကျွန်တော်တို့ဆီက ဘာတစ်ခုကိုမှ မယူဖူးပါဘူး” လို့ ပြန်ပြောတယ်။
၅ ဒါနဲ့ ရှမွေလက “ကျွန်တော့်ကို အပြစ်တင်စရာ မတွေ့ဘူးဆိုတာ ဒီနေ့ ယေဟောဝါဘုရားရော၊ ဘုရား ဘိသိက်ပေးထားသူရော သက်သေပဲ” လို့ပြောတော့ သူတို့က “မှန်ပါတယ်။ ဘုရားသခင်ဟာ* သက်သေပါ” ဆိုပြီး ပြန်ပြောကြတယ်။
၆ ရှမွေလကလည်း “မောရှေနဲ့ အာရုန်ကို သုံးပြီး ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့ ယေဟောဝါဘုရားဟာ+ သက်သေပဲ။
၇ အခု ကိုယ့်နေရာကိုယ် ရပ်နေကြ။ ခင်ဗျားတို့နဲ့ ဘိုးဘေးတွေအတွက် ယေဟောဝါ လုပ်ဆောင်ခဲ့တဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်အားလုံးကို ထောက်ပြီး ယေဟောဝါဘက်ကနေ ကျွန်တော် ထုချေပြောဆိုမယ်။
၈ “အီဂျစ်ပြည်ကို ယာကုပ်ရောက်လာပြီးနောက်+ ဘိုးဘေးတွေက ယေဟောဝါဘုရားဆီ အော်ဟစ်အကူအညီတောင်းကြတယ်။+ ယေဟောဝါဘုရားကလည်း မောရှေနဲ့+ အာရုန်ကို စေလွှတ်ပြီး ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာပြီးနောက် ဒီနေရာမှာ နေထိုင်စေခဲ့တယ်။+
၉ ဒါပေမဲ့ ဘိုးဘေးတွေက ယေဟောဝါဘုရားကို မေ့သွားတဲ့အတွက် ဟာဇော်ဗိုလ်ချုပ် သိသရ၊+ ဖိလိတိလူတွေနဲ့+ မောဘဘုရင်ရဲ့လက်ထဲ+ ဘုရား ရောင်းလိုက်တယ်။+ အဲဒီရန်သူတွေက သူတို့ကို တိုက်ခိုက်ခဲ့တယ်။
၁၀ အဲဒီအခါ သူတို့က ‘ကျွန်တော်တို့ဟာ ယေဟောဝါဘုရားကို စွန့်ပြီး ဗာလဘုရားတွေနဲ့+ အာရှတရက်ရုပ်တုတွေကို+ ကိုးကွယ်တဲ့အတွက် ပြစ်မှားမိပါပြီ။+ အခု ကျွန်တော်တို့ကို ရန်သူတွေလက်ကနေ ကယ်တင်ပေးပါ။ ဘုရားသခင်ကို ဝတ်ပြုပါ့မယ်’ လို့ ယေဟောဝါဆီ အော်ဟစ်အကူအညီတောင်းကြတယ်။+
၁၁ ယေဟောဝါကလည်း ယေရုဗာလ၊+ ဗေဒန်၊ ယေဖသ၊+ ရှမွေလတို့ကို+ စေလွှတ်ပြီး ပတ်ဝန်းကျင် ရန်သူတွေလက်ကနေ ကယ်တင်တဲ့အတွက် ခင်ဗျားတို့ ဘေးကင်းလုံခြုံစွာ နေထိုင်ခဲ့ရတယ်။+
၁၂ ခင်ဗျားတို့က အမ္မုန်ဘုရင်နေဟက်+ စစ်ချီလာတာကို မြင်တဲ့အခါ ဘုရင်အဖြစ် ယေဟောဝါဘုရား ရှိနေလျက်နဲ့+ ‘ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ကို အုပ်ချုပ်မယ့် ဘုရင်ရှိမှ ဖြစ်မယ်’+ ဆိုပြီး မပြတ်တောင်းဆိုခဲ့တယ်။
၁၃ အခု၊ ခင်ဗျားတို့ ရွေးချယ်တဲ့၊ ခင်ဗျားတို့ တောင်းဆိုတဲ့ ဘုရင်ဟာ သူပဲ။ သူ့ကို ယေဟောဝါ မင်းမြှောက်လိုက်ပြီ။+
၁၄ ခင်ဗျားတို့သာ ယေဟောဝါကို ကြောက်ရွံ့ရိုသေပြီး+ ဝတ်ပြုမယ်၊+ ဘုရားရဲ့စကားကို နာခံမယ်၊+ ယေဟောဝါရဲ့ အမိန့်ကို မဖီဆန်ဘူး၊ ခင်ဗျားတို့ရော ခင်ဗျားတို့ရဲ့ဘုရင်ပါ ယေဟောဝါဘုရားနောက်ကို လိုက်မယ်ဆိုရင် သိပ်ကောင်းပါတယ်။
၁၅ ယေဟောဝါရဲ့စကားကို မနာခံဘဲ ယေဟောဝါရဲ့ အမိန့်ကို ဖီဆန်မယ်ဆိုရင်တော့ ယေဟောဝါက ခင်ဗျားတို့ကိုရော ခင်ဗျားတို့ရဲ့ဖခင်ကိုပါ ဒဏ်ခတ်လိမ့်မယ်။+
၁၆ အခု၊ ကိုယ့်နေရာကိုယ် ရပ်နေပြီး ခင်ဗျားတို့ရှေ့မှာ ယေဟောဝါ လုပ်ဆောင်တော့မယ့် ဒီအံ့ဖွယ်အမှုကြီးကို ကြည့်ကြ။
၁၇ အခုအချိန်ဟာ ဂျုံစပါးရိတ်သိမ်းချိန်ပဲ။ ဒါပေမဲ့ မိုးတွေ ထစ်ချုန်းရွာစေဖို့ ယေဟောဝါဘုရားဆီ ကျွန်တော် ဆုတောင်းမယ်။ ဘုရင်တစ်ပါးပေးဖို့ တောင်းဆိုတာဟာ ယေဟောဝါရှေ့မှာ ဘယ်လောက် အပြစ်ကြီးမှန်း ဒီနည်းနဲ့ ခင်ဗျားတို့ သိမြင်ရလိမ့်မယ်”+ လို့ လူတွေကို ပြောတယ်။
၁၈ အဲဒီနောက် ယေဟောဝါဆီ ရှမွေလ ဆုတောင်းလိုက်တဲ့အခါ အဲဒီနေ့မှာ ယေဟောဝါက မိုးတွေ ထစ်ချုန်းရွာစေတယ်။ ဒါကြောင့် လူတွေက ယေဟောဝါနဲ့ ရှမွေလကို အကြီးအကျယ် ကြောက်ရွံ့ပြီး၊
၁၉ “ကျွန်တော်တို့ မသေချင်ပါဘူး။ ကျွန်တော်တို့အတွက် ယေဟောဝါဘုရားဆီမှာ ဆုတောင်းပေးပါ။+ ဘုရင်တစ်ပါးပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် အပြစ်များသည်ထက် များအောင် လုပ်မိပါပြီ” လို့ ရှမွေလကို တောင်းပန်ကြတယ်။
၂၀ ရှမွေလကလည်း “မကြောက်ပါနဲ့။ ဒီအပြစ်ကြီးကို ခင်ဗျားတို့ လုပ်ခဲ့တာမှန်ပေမဲ့ ယေဟောဝါနောက်မလိုက်ဘဲ လမ်းလွဲသွားတဲ့ အဖြစ်မျိုးကိုတော့ မရောက်စေကြနဲ့။+ ယေဟောဝါဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြပါ။+
၂၁ အချည်းနှီးဖြစ်တဲ့ အရာတွေ၊+ အကျိုးမပေးတဲ့အရာတွေ၊+ မကယ်တင်နိုင်တဲ့အရာတွေ နောက်ကို လမ်းလွဲပြီး မလိုက်သွားကြနဲ့။ အဲဒါတွေဟာ အချည်းနှီးပဲ။
၂၂ ယေဟောဝါဘုရားက ခင်ဗျားတို့ကို မိမိလူမျိုးဖြစ်စေဖို့ ဆုံးဖြတ်ထားတယ်။+ ဒါကြောင့် ယေဟောဝါဘုရားက ကြီးမြတ်တဲ့ နာမတော်ကို ထောက်ပြီး+ မိမိလူမျိုးကို စွန့်ပစ်မှာ မဟုတ်ဘူး။+
၂၃ ခင်ဗျားတို့အတွက် ကျွန်တော် ဆုမတောင်းပေးတော့ဘူးဆိုရင် ယေဟောဝါဘုရားကို ပြစ်မှားရာရောက်မှာပေါ့။ အဲဒီလိုပြစ်မှားဖို့ဆိုတာ စဉ်းတောင် မစဉ်းစားဝံ့ပါဘူး။ ကောင်းမွန်မှန်ကန်တဲ့လမ်းကို ကျွန်တော် ဆက်ပြီး သွန်သင်ပေးဦးမှာပါ။
၂၄ ယေဟောဝါဘုရားကိုသာ ကြောက်ရွံ့ရိုသေပါ။+ ဘုရားသခင်ကို စိတ်စွမ်းရှိသမျှနဲ့ သစ္စာရှိရှိ ဝတ်ပြုကြ။ ခင်ဗျားတို့အတွက် လုပ်ဆောင်ပေးခဲ့တဲ့ ကြီးမြတ်တဲ့အမှုတွေကို မမေ့ကြနဲ့။+
၂၅ ဒါပေမဲ့ မကောင်းတာတွေကို ခေါင်းမာမာနဲ့ ဆက်လုပ်နေမယ်ဆိုရင်တော့ ခင်ဗျားတို့ရော ခင်ဗျားတို့ရဲ့ဘုရင်ပါ+ ဖယ်ရှားခံရမယ်”+ လို့ပြောတယ်။
အောက်ခြေမှတ်ချက်များ
^ “ဘုရားသခင် ဘိသိက်ပေးထားသူဟာ” လည်းဖြစ်နိုင်။