၁ ရှမွေလ ၁၅:၁-၃၅

  • ရှောလု မနာခံဘဲ အာဂတ်ကို အသက်ချမ်းသာပေး (၁-၉)

  • ရှောလုကို ရှမွေလ ဆုံးမ (၁၀-၂၃)

    • “နာခံတာဟာ ပူဇော်သက္ကာထက် ပိုကောင်း” (၂၂)

  • ရှောလုကို ဘုရင်အဖြစ်ကနေ ပယ်ရှား (၂၄-၂၉)

  • အာဂတ်ကို ရှမွေလ သတ်ပစ် (၃၀-၃၅)

၁၅  ရှမွေလက ရှောလုကို “ယေဟောဝါဘုရားက မင်းကို အစ္စရေးတွေရဲ့ ဘုရင်အဖြစ် ဘိသိက်ပေးဖို့ ငါ့ကို စေလွှတ်ခဲ့တယ်။+ အခု ယေဟောဝါဘုရား ပြောမယ့်စကားကို နားထောင်ပါ။+ ၂  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက ‘အီဂျစ်ပြည်ကနေ အစ္စရေးတွေ ထွက်လာတဲ့အခါ အာမလက်လူမျိုးက လမ်းမှာ ဆန့်ကျင်တားဆီးခဲ့ကြတယ်။ ဒါကြောင့် သူတို့ရဲ့ လုပ်ရပ်အတွက် ငါပြစ်ဒဏ်ပေးမယ်။+ ၃  အခုသွားပြီး အာမလက်လူမျိုးကို တိုက်ခိုက်ပါ။+ သူတို့နဲ့သူတို့မှာ ရှိသမျှကို အကုန်ဖျက်ဆီးပါ။+ တစ်ယောက်ကိုမှ ချန်မထားနဲ့။+ ယောက်ျား၊ မိန်းမ၊ နို့စို့နို့ညှာ၊ သိုး၊ နွား၊ မြည်း၊ ကုလားအုတ်တွေပါမကျန် သတ်လိုက်ပါ’”+ လို့ပြောတယ်။ ၄  ဒါနဲ့ ရှောလုက လူတွေကို ဆင့်ခေါ်ပြီး တေလိမ်မြို့မှာ ရေတွက်တဲ့အခါ ခြေလျင်တပ်သား ၂၀၀,၀၀၀၊ ယုဒအမျိုးသား ၁၀,၀၀၀ ရှိတယ်။+ ၅  ရှောလုက အာမလက်မြို့နားအထိ ချီတက်လာပြီး သဲချောင်းနားမှာ ချုံခိုတပ်ဖွဲ့ ချထားတယ်။ ၆  ပြီးတော့ ကေနိတ်အမျိုးသားတွေကို+ “ခင်ဗျားတို့က အစ္စရေးတွေ အီဂျစ်ပြည်ကနေ ထွက်လာတုန်းက ခိုင်မြဲတဲ့မေတ္တာ ပြခဲ့ကြတယ်။+ ဒါကြောင့် အာမလက်လူတွေကို ဖျက်ဆီးတဲ့အခါ ခင်ဗျားတို့ ပါမသွားအောင် ထွက်သွားကြ”+ လို့ပြောတယ်။ ကေနိတ်အမျိုးသားတွေလည်း အာမလက်လူတွေဆီကနေ ထွက်သွားကြတယ်။ ၇  အဲဒီနောက် ရှောလုက အာမလက်လူတွေကို ဟဝိလနယ်မြေကနေ+ အီဂျစ်ပြည်နား ရှုရအရပ်အထိ+ တိုက်ခိုက်ချေမှုန်းတယ်။+ ၈  အာမလက်ဘုရင် အာဂတ်ကို+ အရှင်ဖမ်းပြီး ကျန်တဲ့လူအားလုံးကို အစတုံးဖျက်ဆီးလိုက်တယ်။+ ၉  ဒါပေမဲ့ ရှောလုနဲ့သူ့လူတွေက ဘုရင်အာဂတ်ကို မကွပ်မျက်ဘူး။ သိုးအုပ်နွားအုပ်တွေထဲက အကောင်းဆုံးအကောင်တွေ၊ ဆူဖြိုးတဲ့အကောင်တွေ၊ သိုးထီးတွေနဲ့ ကောင်းတဲ့ပစ္စည်းမှန်သမျှကို ချန်ထားတယ်။+ အကုန် မဖျက်ဆီးချင်ကြဘူး။ တန်ဖိုးမရှိ၊ အသုံးမဝင်တဲ့ ပစ္စည်းတွေကိုပဲ ဖျက်ဆီးလိုက်တယ်။ ၁၀  ယေဟောဝါက ရှမွေလကို၊ ၁၁  “ရှောလုကို မင်းမြှောက်မိတဲ့အတွက် ငါစိတ်မကောင်းဖြစ်တယ်။ သူဟာ ငါ့နောက်ကိုမလိုက်ဘဲ လမ်းလွဲသွားပြီ။ ငါပြောတဲ့အတိုင်း မလုပ်ဘူး”+ လို့ပြောတယ်။ ရှမွေလလည်း စိတ်ထိခိုက်ပြီး ယေဟောဝါကို တစ်ညလုံး အသနားခံတယ်။+ ၁၂  အဲဒီနောက် စောစောထပြီး ရှောလုကို သွားတွေ့တယ်။ ဒါပေမဲ့ “ရှောလုက ကရမေလမြို့ကို ရောက်လာပြီး+ သူ့ရဲ့ဂုဏ်ပြုကျောက်တိုင် စိုက်ထူတယ်။+ အဲဒီကနေ ပြန်လှည့်ပြီး ဂိလဂါလမြို့ကို ဆင်းသွားပြီ” လို့ ရှမွေလကို ပြောပြကြတယ်။ ၁၃  ရှောလုဆီ ရှမွေလ ရောက်လာတဲ့အခါ ရှောလုက “သခင့်ကို ယေဟောဝါဘုရား ကောင်းချီးပေးပါစေ။ ယေဟောဝါ ပြောတဲ့အတိုင်း ကျွန်တော် လုပ်ခဲ့ပါပြီ” လို့ပြောတယ်။ ၁၄  ရှမွေလက “ဒါဆိုရင် ဘာဖြစ်လို့ သိုးနွားအော်သံတွေ ကြားနေရတာလဲ”+ လို့ မေးတော့၊ ၁၅  ရှောလုက “အဲဒီသိုးနွားတွေကို အာမလက်လူတွေဆီကနေ သိမ်းယူထားတာပါ။ သိုးအုပ်နွားအုပ်ထဲက အကောင်းဆုံးအကောင်တွေကို ယေဟောဝါဘုရားဆီ ပူဇော်ဖို့ စစ်သည်တွေ ချန်ထားတာပါ။ ကျန်တာတွေကိုတော့ ဖျက်ဆီးလိုက်ပါပြီ” လို့ဖြေတယ်။ ၁၆  ရှမွေလက “ဆက်မပြောနဲ့တော့။ မနေ့ညက ငါ့ကို ယေဟောဝါဘုရား ပြောတာတွေ မင်းကို ပြန်ပြောပြမယ်”+ ဆိုတော့ ရှောလုကလည်း “ပြောပါ” လို့ပြောတယ်။ ၁၇  ရှမွေလက “မင်း အစ္စရေးအနွယ်တွေရဲ့ ခေါင်းဆောင် ဖြစ်လာချိန်တုန်းက၊ အစ္စရေးဘုရင်အဖြစ် ယေဟောဝါဘုရား ဘိသိက်ပေးချိန်တုန်းက+ ကိုယ့်ကိုယ်ကိုယ် အရေးမပါတဲ့သူလို့ ထင်ခဲ့တယ် မဟုတ်လား။+ ၁၈  နောက်ပိုင်းမှာ ယေဟောဝါဘုရားက ‘သွားပါ။ အပြစ်ကျူးလွန်တဲ့ အာမလက်လူမျိုးကို အစတုံးဖျက်ဆီးလိုက်ပါ။+ သူတို့ကို တိုက်ခိုက်ပြီး တစ်ယောက်မကျန် သုတ်သင်ပါ’+ ဆိုပြီး မင်းကို တာဝန်ပေးခဲ့တယ်။ ၁၉  ယေဟောဝါဘုရားရဲ့ စကားကို မင်း ဘာလို့ မနာခံတာလဲ။ တိုက်ရာပါဥစ္စာတွေကို လောဘတကြီး သိမ်းယူပြီး+ ယေဟောဝါဘုရားရဲ့ရှေ့မှာ မကောင်းတာကို ဘာကြောင့် လုပ်ရတာလဲ” လို့ပြောတယ်။ ၂၀  ဒါပေမဲ့ ရှောလုက “ယေဟောဝါဘုရားရဲ့ စကားကို ကျွန်တော်နာခံပါတယ်။ ယေဟောဝါဘုရား တာဝန်ပေးတဲ့အတိုင်း အာမလက်ဘုရင် အာဂတ်ကို ဖမ်းလာခဲ့တယ်။ အာမလက်လူတွေကိုလည်း အစတုံးဖျက်ဆီးခဲ့ပါပြီ။+ ၂၁  ဖျက်ဆီးပစ်ရမယ့်အရာဖြစ်တဲ့ တိုက်ရာပါဥစ္စာတွေထဲက အကောင်းဆုံး သိုးနွားတွေကိုတော့ ဂိလဂါလမြို့မှာ ယေဟောဝါဘုရားဆီ ပူဇော်ဖို့ စစ်သည်တွေ ယူခဲ့ကြတာပါ”+ ဆိုပြီး ပြောတယ်။ ၂၂  ရှမွေလက “ယေဟောဝါဘုရားက မိမိရဲ့စကားကို နာခံတာထက် မီးရှို့ရာအလှူတွေ၊ ပူဇော်သက္ကာတွေကို ပိုနှစ်သက်ပါ့မလား။+ ယေဟောဝါဘုရားကို နာခံတာဟာ ပူဇော်သက္ကာထက် ပိုကောင်းတယ်။+ အာရုံစိုက် နားထောင်တာကလည်း သိုးထီးရဲ့အဆီထက် ပိုကောင်းတယ်။+ ၂၃  ပုန်ကန်တာဟာ+ နတ်ဆိုးအတတ် လိုက်စားတဲ့ အပြစ်နဲ့ အတူတူပဲ။+ ရောင့်တက်တာဟာ မှော်အတတ်လိုက်စားတာ၊ ရုပ်တု* ကိုးကွယ်တာနဲ့ အတူတူပဲ။ မင်းက ယေဟောဝါဘုရားရဲ့ စကားကို ပစ်ပယ်တဲ့အတွက်+ ကိုယ်တော်ကလည်း မင်းကို ဘုရင်အဖြစ်ကနေ ပယ်လိုက်ပြီ”+ လို့ပြောတယ်။ ၂၄  ရှောလုက “ကျွန်တော် ပြစ်မှားပါပြီ။ ယေဟောဝါဘုရားရဲ့အမိန့်နဲ့ သခင့်စကားကို လွန်ဆန်မိပါပြီ။ လူတွေကို ကြောက်လို့ သူတို့ပြောတာကို နားထောင်မိတာပါ။ ၂၅  အခု ကျွန်တော့်အပြစ်ကို ခွင့်လွှတ်ပေးပါလား။ ယေဟောဝါဘုရားကို  ဦးချ ဝတ်ပြုချင်လို့ ကျွန်တော်နဲ့အတူ ပြန်လိုက်ခဲ့ပါ”+ လို့တောင်းပန်ပေမဲ့၊ ၂၆  ရှမွေလက “ငါပြန်မလိုက်ဘူး။ မင်းက ယေဟောဝါဘုရားရဲ့ စကားကို ပစ်ပယ်တဲ့အတွက် ယေဟောဝါဘုရားကလည်း မင်းကို အစ္စရေးဘုရင်အဖြစ်ကနေ ပယ်လိုက်ပြီ”+ လို့ပြောပြီး၊ ၂၇  လှည့်ထွက်သွားမယ်လုပ်တော့ ရှောလုက ရှမွေလရဲ့ လက်ပြတ်ဝတ်ရုံ အနားစွန်းကို လှမ်းဆွဲလိုက်တဲ့အခါ ဝတ်ရုံ စုတ်ပြဲသွားတယ်။ ၂၈  အဲဒီအခါ ရှမွေလက “ဒီဝတ်ရုံ စုတ်ပြဲသွားသလိုပဲ ဒီနေ့ ယေဟောဝါဘုရားက အစ္စရေးလူမျိုးရဲ့ ဘုရင့်အာဏာကို မင်းဆီကနေ ရုပ်သိမ်းမယ်။ မင်းထက် ပိုထိုက်တန်သူတစ်ယောက်ကို ပေးမယ်။+ ၂၉  အစ္စရေးတို့ရဲ့ မြင့်မြတ်တဲ့ဘုရားသခင်က+ လိမ်ပြောမှာ မဟုတ်သလို+ စိတ်ပြောင်းလဲမှာလည်း မဟုတ်ဘူး။ စိတ်ပြောင်းလဲရအောင် ကိုယ်တော်ဟာ လူမှ မဟုတ်တာ”+ လို့ပြောတယ်။ ၃၀  ရှောလုက “ကျွန်တော် ပြစ်မှားပါပြီ။ ဒါပေမဲ့ အစ္စရေးအကြီးအကဲတွေရှေ့မှာ၊ အစ္စရေးတွေရှေ့မှာ ကျွန်တော် သိက္ခာကျအောင်တော့ မလုပ်ပါနဲ့။ ပြန်လိုက်ခဲ့ပါ။ ယေဟောဝါဘုရားကို ကျွန်တော် ဦးချဝတ်ပြုပါ့မယ်”+ လို့တောင်းပန်တဲ့အတွက်၊ ၃၁  ရှမွေလလည်း ပြန်လိုက်သွားတယ်။ ရှောလုက ယေဟောဝါကို ဦးချဝတ်ပြုတယ်။ ၃၂  ရှမွေလက “အာမလက် ဘုရင် အာဂတ်ကို  ငါ့ဆီခေါ်ခဲ့” လို့ပြောတော့ အာဂတ်က တွန့်ဆုတ်တွန့်ဆုတ်နဲ့* ရောက်လာတယ်။ ‘အသက်ဘေးကနေ လွတ်ပြီ’ လို့ သူထင်နေလို့ပဲ။ ၃၃  ရှမွေလက “မင်းရဲ့ ဓားချက်ကြောင့် မိခင်တွေ သားသမီး ဆုံးပါးခဲ့ရသလို မင်းရဲ့အမေလည်း သားသမီး ဆုံးပါးရလိမ့်မယ်” လို့ပြောပြီး ဂိလဂါလမြို့ ယေဟောဝါရှေ့မှာ အာဂတ်ကို အပိုင်းပိုင်း ခုတ်လိုက်တယ်။+ ၃၄  အဲဒီနောက် ရှမွေလက ရာမမြို့ကို ပြန်သွားတယ်။ ရှောလုလည်း ဂိဗာမြို့မှာရှိတဲ့ နန်းတော်ကို ပြန်သွားတယ်။ ၃၅  ရှမွေလက သူသေဆုံးချိန်အထိ ရှောလုကို ထပ်အတွေ့မခံတော့ဘူး။ ဒါပေမဲ့ ရှောလုအတွက် ပူဆွေးနေတယ်။+ ယေဟောဝါလည်း ရှောလုကို အစ္စရေးဘုရင်အဖြစ် ခန့်အပ်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်။+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “တေရပ်ရုပ်တု။” ခက်ဆစ်ကိုကြည့်။
“စိတ်ချလက်ချနဲ့” လည်းဖြစ်နိုင်။