၁ ရှမွေလ ၂၁:၁-၁၅

  • နောဗမြို့မှာ ရှေ့တော်မုန့်ကို ဒါဝိဒ်စားသုံး (၁-၉)

  • ဂါသမြို့မှာ ဒါဝိဒ် ရူးဟန်ဆောင် (၁၀-၁၅)

၂၁  နောက်တော့ ဒါဝိဒ်က ပုရောဟိတ် အဟိမလက်ရှိနေတဲ့ နောဗမြို့ကို+ ရောက်လာတယ်။ အဟိမလက်က ဒါဝိဒ်ကိုတွေ့တဲ့အခါ ထိတ်လန့်သွားပြီး “ဘာလို့ တစ်ယောက်တည်း လာတာလဲ။ ဘယ်သူမှ မပါဘူးလား”+ လို့မေးတယ်။ ၂  အဲဒီအခါ ဒါဝိဒ်က “မင်းကြီးခိုင်းလိုက်တဲ့ ကိစ္စတစ်ခု ရှိလို့ပါ။ မင်းကြီးက ‘ဘာကိစ္စနဲ့ မင်းကိုလွှတ်တယ်၊ ဘာတွေ ခိုင်းလိုက်တယ်ဆိုတာ ဘယ်သူ့ကိုမှ မသိစေနဲ့’ လို့ မှာလိုက်တယ်။ ကျွန်တော့်လူတွေနဲ့ တွေ့ဖို့ တစ်နေရာမှာ ချိန်းထားပြီးပါပြီ။ ၃  ဒါကြောင့် မုန့်ငါးလုံးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ရှိတာလေး ကျွန်တော့်ကို ပေးလိုက်ပါ” ဆိုပြီးပြောတယ်။ ၄  ပုရောဟိတ်က “ရိုးရိုးမုန့်တော့ မရှိဘူး။ သန့်ရှင်းတဲ့မုန့်ပဲ ရှိတယ်။+ မင်းရဲ့လူတွေက မိန်းမကိစ္စနဲ့ ကင်းရင်တော့ ဒီမုန့်ကို ယူသွားပါ”+ လို့ပြောတယ်။ ၅  ဒါဝိဒ်ကလည်း “ကျွန်တော်တို့က ခါတိုင်း စစ်တိုက်ထွက်တုန်းကလိုပဲ မိန်းမကိစ္စနဲ့ ကင်းပါတယ်။+ ပုံမှန်တာဝန် ထမ်းဆောင်ချိန်မှာတောင် ကျွန်တော့်လူတွေဟာ သန့်ရှင်းပါတယ်။ အခုလို အထူးတာဝန် ထမ်းဆောင်ချိန်မှာဆိုရင် ပိုလို့တောင် သန့်ရှင်းပါတယ်” ဆိုပြီး ပြောတယ်။ ၆  အဲဒီနေ့မှာ မုန့်အသစ်နဲ့လဲဖို့ ယေဟောဝါရှေ့ကနေ ဖယ်ထားတဲ့ ရှေ့တော်မုန့်ကလွဲလို့ တခြားမုန့် မရှိဘူး။ ဒါနဲ့ ပုရောဟိတ်လည်း အဲဒီသန့်ရှင်းတဲ့ မုန့်တွေကိုပဲ ပေးလိုက်တယ်။+ ၇  အဲဒီနေ့မှာ ရှောလုရဲ့ မင်းမှုထမ်းဖြစ်တဲ့ ဧဒုံအမျိုးသား+ သိုးထိန်းအုပ် ဒေါဂက+ တဲတော်ကို ရောက်နေတယ်။ ယေဟောဝါရှေ့မှာ သူ စောင့်ဆိုင်းနေချိန် ဖြစ်တယ်။ ၈  ဒါဝိဒ်က ပုရောဟိတ် အဟိမလက်ကို “ဓားတွေ၊ လှံတွေ ဆောင်ထားတာ မရှိဘူးလား။ မင်းကြီး အရေးတကြီး ခိုင်းလိုက်လို့ ဓားလက်နက်တွေ မယူခဲ့မိဘူး” လို့ပြောတယ်။ ၉  အဟိမလက်က “ဧလာချိုင့်ဝှမ်းမှာ+ မင်းသတ်လိုက်တဲ့ ဖိလိတိလူ ဂေါလျတ်ရဲ့ ဓားတော့+ ရှိတယ်။ အဝတ်နဲ့ပတ်ပြီး သင်တိုင်းရဲ့+ အနောက်မှာ သိမ်းထားတယ်။ ဓားဆိုလို့ ဒီတစ်ချောင်းပဲ ရှိတာ။ မင်းယူချင်ရင် ယူသွား” ဆိုပြီးပြောတယ်။ ဒါဝိဒ်က “ဒီထက်ကောင်းတဲ့ဓား မရှိတော့ဘူး။ အဲဒီဓားကိုသာ ပေးလိုက်ပါ” လို့ပြောတယ်။ ၁၀  အဲဒီနေ့မှာ ဒါဝိဒ်က ရှောလုဆီကနေ ဆက်ပြီး ထွက်ပြေးလာတယ်။+ နောက်ဆုံး  ဂါသမင်း  အာခိတ်ဆီ+ ရောက်လာတယ်။ ၁၁  မင်းမှုထမ်းတွေက “ဒီလူဟာ အစ္စရေးဘုရင် ဒါဝိဒ်ပဲ။ လူတွေ သီဆိုကခုန်ပြီး ‘ရှောလုသတ်တာ အထောင်ထောင်၊ဒါဝိဒ်သတ်တာ အသောင်းသောင်း’+လို့ပြောတာ သူပဲလေ” ဆိုပြီး အာခိတ်မင်းကို လျှောက်တင်တယ်။ ၁၂  ဒါဝိဒ်က သူတို့ပြောနေတာတွေကို စဉ်းစားလေလေ ဂါသမင်း အာခိတ်ကို ကြောက်လေလေ ဖြစ်လာတယ်။+ ၁၃  ဒါကြောင့် သူတို့ရှေ့မှာ စိတ်မနှံ့တဲ့သူလို ရူးချင်ဟန်ဆောင်လိုက်တယ်။+ တံခါးတွေမှာ လျှောက်ရေးခြစ်ပြီး မုတ်ဆိတ်ပေါ်မှာ သွားရည်တွေ စီးကျစေတယ်။ ၁၄  နောက်ဆုံးတော့ အာခိတ်က မင်းမှုထမ်းတွေကို “ကြည့်စမ်း၊ ဒီလူ ရူးနေတာ။ ဘာလို့ ငါ့ဆီ ခေါ်လာတာလဲ။ ၁၅  ငါ့ဆီမှာ အရူးတွေ နည်းနေသေးလို့ ဒီရူးကြောင်ကြောင်လူကို ခေါ်လာတာလား။ ဒီလိုလူမျိုးကို ငါ့နန်းတော်ထဲ သွင်းစရာလား” လို့ပြောတယ်။

အောက်ခြေမှတ်ချက်များ