၁ ရှမွေလ ၂၉:၁-၁၁

  • ဒါဝိဒ်ကို ဖိလိတိလူတွေ မယုံ (၁-၁၁)

၂၉  ဖိလိတိလူတွေက+ အာဖက်မြို့မှာ တပ်ချထားတယ်။ အစ္စရေးတွေကတော့ ယေဇရေလမြို့က စမ်းရေနားမှာ တပ်ချထားတယ်။+ ၂  ဖိလိတိမင်းတွေက သူတို့ရဲ့ စစ်သည်တစ်ရာတပ်၊ တစ်ထောင်တပ်တွေနဲ့အတူ ချီတက်သွားတယ်။ ဒါဝိဒ်နဲ့ သူ့လူတွေကတော့ အာခိတ်မင်းနဲ့အတူ နောက်ကနေ ချီတက်လာတယ်။+ ၃  ဖိလိတိမင်းတွေက “ဒီဟီဘရူးတွေ ဒီမှာ ဘာလာလုပ်တာလဲ” လို့မေးတော့ အာခိတ်မင်းက “သူဟာ အစ္စရေးဘုရင်ရှောလုရဲ့ မင်းမှုထမ်း ဒါဝိဒ်ပါ။ ငါ့ဆီရောက်နေတာ တစ်နှစ်မကတော့ဘူး။+ ငါ့ဆီ လာခိုလှုံတဲ့နေ့ကစပြီး ဒီနေ့အထိ အပြစ်ပြောစရာ တစ်ခုမှမတွေ့ဘူး” လို့ဖြေတယ်။ ၄  ဒါပေမဲ့ ဖိလိတိမင်းတွေက စိတ်ဆိုးပြီး “အဲဒီလူကို ပြန်ခိုင်းလိုက်။+ မင်း သူ့ကို ပေးထားတဲ့နေရာကိုပဲ ပြန်သွားပါစေ။ ငါတို့နဲ့အတူ လိုက်ပြီး မတိုက်ခိုင်းနဲ့။ တိုက်နေတုန်း ငါတို့ကို ပြန်ရန်မူနေဦးမယ်။+ ငါတို့လူတွေရဲ့ ခေါင်းကို ဖြတ်ပြီး သူ့သခင်ရဲ့ မျက်နှာသာရအောင် လုပ်နိုင်တယ်။ သူ့အတွက် ဒီထက်ကောင်းတဲ့နည်း ရှိလို့လား။ ၅  ‘ရှောလုသတ်တာ အထောင်ထောင်၊ ဒါဝိဒ်သတ်တာ အသောင်းသောင်း’+ ဆိုပြီး လူတွေ သီဆိုကခုန်ခဲ့ကြတာ ဒီဒါဝိဒ်ကိုပဲလေ” လို့ပြောကြတယ်။ ၆  ဒါကြောင့် အာခိတ်မင်းက+ ဒါဝိဒ်ကို ဆင့်ခေါ်ပြီး “အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ငါပြောမယ်။ မင်းဟာ ရိုးဖြောင့်တဲ့သူပါ။ ငါ့စစ်တပ်နဲ့အတူ မင်း တိုက်ပွဲဝင်မှာကို ငါသဘောကျတယ်။+ ငါ့ဆီရောက်တဲ့နေ့ကစပြီး ဒီနေ့အထိ မင်းမှာ အပြစ်ပြောစရာ တစ်ခုမှ မတွေ့ဘူး။+ ဒါပေမဲ့ တခြားမင်းတွေက မင်းကို မယုံဘူး။+ ၇  ဒီတော့ အေးအေးဆေးဆေးသာ ပြန်သွားလိုက်။ ဖိလိတိမင်းတွေ မကြိုက်တာတစ်ခုမှ မလုပ်ပါနဲ့” လို့ပြောတယ်။ ၈  ဒါဝိဒ်က “မင်းကြီးနဲ့အတူ လိုက်ပြီး ရန်သူတွေကို မတိုက်ရအောင် ကျွန်တော် ဘာများလုပ်မိလို့လဲ။ မင်းကြီးဆီ ရောက်တဲ့နေ့ကစပြီး ဒီနေ့အထိ ကျွန်တော့်မှာ ဘာအပြစ်များ တွေ့လို့လဲ” ဆိုပြီးမေးတယ်။ ၉  အာခိတ်မင်းကလည်း “ငါ့အမြင်မှာတော့ မင်းဟာ ဘုရားသခင်ရဲ့ ကောင်းကင်တမန်လိုပဲ ကောင်းပါတယ်။+ ဒါပေမဲ့ ဖိလိတိမင်းတွေက ‘ငါတို့နဲ့အတူ လိုက်ပြီး မတိုက်ခိုင်းနဲ့’ ဆိုပြီး ပြောနေလို့ပါ။ ၁၀  ဒါကြောင့် မင်းရော မင်းသခင်ရဲ့ကျွန်တွေရော မနက်စောစောထပြီး မိုးလင်းတာနဲ့ ထွက်သွားပါ” လို့ပြောတယ်။ ၁၁  ဒါဝိဒ်နဲ့ သူ့လူတွေလည်း မနက်စောစောထပြီး ဖိလိတိပြည်ကို ပြန်သွားတယ်။ ဖိလိတိလူတွေကတော့ ယေဇရေလမြို့ကို  ချီတက် သွားကြတယ်။+

အောက်ခြေမှတ်ချက်များ