၁ ရှမွေလ ၇:၁-၁၇
၇ ကိရယတ်ယာရိမ်မြို့သားတွေက ယေဟောဝါရဲ့ သေတ္တာတော်ကို သယ်သွားပြီး တောင်ကုန်းပေါ်မှာရှိတဲ့ အဘိနဒပ်ရဲ့အိမ်မှာ ထားတယ်။+ ပြီးတော့ ယေဟောဝါရဲ့ သေတ္တာတော်ကို စောင့်ရှောက်ဖို့ သူ့သား ဧလာဇာကို ခန့်အပ်လိုက်တယ်။*
၂ ကိရယတ်ယာရိမ်မြို့မှာ သေတ္တာတော် ရောက်နေတာ အနှစ် ၂၀ ကြာသွားပြီ။ အစ္စရေးတွေလည်း ယေဟောဝါဆီ ပြန်လှည့်လာ ကြတယ်။+
၃ ရှမွေလက အစ္စရေးတစ်မျိုးလုံးကို “ယေဟောဝါဘုရားဆီ စိတ်စွမ်းရှိသမျှနဲ့ ပြန်လာချင်တယ်ဆိုရင်+ တိုင်းတစ်ပါးဘုရားတွေ၊ အာရှတရက်* ရုပ်တုတွေကို+ ဖယ်ရှားလိုက်ပါ။+ ယေဟောဝါဆီမှာပဲ စိတ်ပုံအပ်ထားပါ၊ စိတ်မယိုင်ကြနဲ့။ ကိုယ်တော်တစ်ပါးတည်းကိုပဲ ဝတ်ပြုပါ။+ ဒါဆိုရင် ဖိလိတိလူတွေလက်ကနေ ကယ်တင်လိမ့်မယ်”+ လို့ပြောတယ်။
၄ အစ္စရေးတွေလည်း ဗာလဘုရားတွေ၊ အာရှတရက်ရုပ်တုတွေကို ဖယ်ရှားပြီး ယေဟောဝါတစ်ပါးတည်းကိုပဲ ဝတ်ပြုကြတော့တယ်။+
၅ အဲဒီအခါ ရှမွေလက “အစ္စရေးတို့၊ မိဇပါမြို့မှာ စုဝေးကြပါ။+ ခင်ဗျားတို့အတွက် ယေဟောဝါဘုရားဆီ ဆုတောင်းပေးမယ်”+ လို့ပြောတော့
၆ အစ္စရေးတွေလည်း မိဇပါမြို့မှာ စုဝေးကြတယ်။ အဲဒီနေ့မှာ ရေကိုခပ်၊ ယေဟောဝါရှေ့ သွန်းလောင်းပြီး အစာရှောင်တယ်။+ ပြီးတော့ “ယေဟောဝါဘုရားကို ကျွန်တော်တို့ ပြစ်မှားပါပြီ”+ လို့ဝန်ခံကြတယ်။ ရှမွေလက မိဇပါမြို့မှာ အစ္စရေးတို့ရဲ့ တရားသူကြီးအဖြစ် ဆောင်ရွက်ပေးတယ်။+
၇ မိဇပါမြို့မှာ အစ္စရေးတွေ စုဝေးနေတယ်ဆိုတဲ့သတင်း ဖိလိတိလူတွေဆီ ရောက်သွားတယ်။ ဒါနဲ့ ဖိလိတိမင်းတွေက+ တိုက်ခိုက်ဖို့ ချီတက်လာတယ်။ ဒါကို အစ္စရေးတွေကြားတဲ့အခါ ကြောက်လန့်ပြီး၊
၈ “ကျွန်တော်တို့ကို ကူညီပေးဖို့၊ ဖိလိတိလူတွေလက်ကနေ ကယ်တင်ပေးဖို့ ယေဟောဝါဘုရားဆီ ဆက်ဆုတောင်းပေးပါ”+ လို့ ရှမွေလကို ပြောတယ်။
၉ အဲဒီအခါ ရှမွေလက နို့မပြတ်သေးတဲ့ သိုးကလေးကို အကုန်အစင် မီးရှို့ရာအလှူအဖြစ်+ ယေဟောဝါဆီ ပူဇော်တယ်။ ပြီးတော့ အစ္စရေးတွေအတွက် ယေဟောဝါဆီ ဆုတောင်းပေးတယ်။ ယေဟောဝါလည်း သူ့ဆုတောင်းချက်ကို အဖြေပေးတယ်။+
၁၀ မီးရှို့ရာအလှူကို ရှမွေလ ပူဇော်နေတုန်း ဖိလိတိလူတွေက အစ္စရေးတွေကို တိုက်ခိုက်ဖို့ ချီတက်လာတယ်။ အဲဒီနေ့မှာ ယေဟောဝါက အကြီးအကျယ် မိုးခြိမ်းစေတဲ့အတွက်+ ဖိလိတိလူတွေ ကစဉ့်ကလျားဖြစ်ကုန်ပြီး+ စစ်ရှုံးသွားတယ်။+
၁၁ အစ္စရေးတွေလည်း မိဇပါမြို့ကနေ ထွက်တိုက်ပြီး ဖိလိတိလူတွေကို ဗက်ကာအရပ် တောင်ပိုင်းအထိ ချေမှုန်းတယ်။
၁၂ ရှမွေလက မိဇပါမြို့နဲ့ ယေရှနမြို့ကြားမှာ ကျောက်တိုင် စိုက်ထူလိုက်တယ်။+ ပြီးတော့ “ငါတို့ကို ယေဟောဝါဘုရား ကူညီပေးနေတုန်းပဲ”+ ဆိုပြီး အဲဒီကျောက်တိုင်ကို ဧဗနေဇာ* လို့နာမည်ပေးတယ်။
၁၃ ဒီလိုနဲ့ ဖိလိတိလူတွေ ရှုံးနိမ့်သွားပြီး အစ္စရေးနယ်မြေကို ထပ်မလာတော့ဘူး။+ ယေဟောဝါက ရှမွေလလက်ထက် တစ်လျှောက်လုံး ဖိလိတိလူတွေကို တားဆီးပေးတယ်။+
၁၄ ဖိလိတိလူတွေက ဧကြုန်မြို့ကနေ ဂါသမြို့အထိ သိမ်းယူခဲ့တဲ့မြို့တွေကို ပြန်အပ်တဲ့အတွက် အစ္စရေးတွေ ကိုယ့်နယ်မြေတွေကို ပြန်ရတယ်။
အစ္စရေးတွေက အာမောရိလူတွေနဲ့လည်း+ သင့်သင့်မြတ်မြတ် ရှိကြတယ်။
၁၅ ရှမွေလက သူ့ဘဝတစ်လျှောက်လုံး အစ္စရေးတွေကို စီရင်အုပ်ချုပ်တယ်။+
၁၆ ဗေသလမြို့၊+ ဂိလဂါလမြို့၊+ မိဇပါမြို့တွေဆီ+ နှစ်တိုင်း လှည့်လည်သွားရောက်ပြီး အစ္စရေးတွေရဲ့ အမှုအခင်းတွေကို စီရင်ဆုံးဖြတ်ပေးတယ်။
၁၇ အဲဒီနောက် သူ့နေအိမ်ရှိတဲ့ ရာမမြို့ကို ပြန်လာပြီး+ အစ္စရေးတွေရဲ့ အမှုအခင်းတွေကို စီရင်ဆုံးဖြတ်ပေးတယ်။ အဲဒီမြို့မှာ ယေဟောဝါအတွက် ပူဇော်ရာပလ္လင် တည်ထားတယ်။+