၂ ကောရိန္သု ၄:၁-၁၈

  • သတင်းကောင်းရဲ့ အလင်း (၁-၆)

    • မယုံကြည်သူတွေ ဉာဏ်မျက်စိ ကွယ် ()

  • မြေအိုးထဲမှာ ထည့်ထားတဲ့ ဘဏ္ဍာ (၇-၁၈)

 ကျွန်တော်တို့က ကရုဏာတော်ခံစားရလို့ ဒီအမှုတော်ကို ဆောင်ရွက်နေရတာ။ ဒါကြောင့် အရှုံးမပေးဘူး။ ၂  ရှက်စရာကောင်းတဲ့အရာတွေ မလုပ်ဘူး။ ခိုးကြောင်ခိုးဝှက် မလုပ်ဘူး။ မကောက်ကျစ်ဘူး။ ဘုရားသခင်ရဲ့ တရားစကားကို မလိမ့်တပတ်လုပ်ပြီး မသုံးဘူး။+ အဲဒီအစား အမှန်တရားကို ထင်ရှားစေခြင်းအားဖြင့် ဘုရားသခင်ရှေ့မှာ လူအားလုံးအတွက်* စံနမူနာကောင်း ပြတယ်။+ ၃  ကျွန်တော်တို့ကြေညာတဲ့ သတင်းကောင်းဟာ ဖုံးအုပ်နေတယ်ဆိုရင်တောင် ဖျက်ဆီးခံရမယ့် သူတွေအတွက်ပဲ ဖုံးအုပ်နေတာ။ ၄  ဒီလောကစနစ်ရဲ့* ဘုရားက+ မယုံကြည်သူတွေရဲ့ ဉာဏ်မျက်စိကို ကွယ်စေတဲ့အတွက်+ ဘုရားသခင့် ပုံသဏ္ဌာန်ဖြစ်တဲ့+ ခရစ်တော်နဲ့ဆိုင်တဲ့ သတင်းကောင်းရဲ့ ဘုန်းအသရေအလင်းကို အဲဒီလူတွေ မမြင်ရဘူး။+ ၅  ကျွန်တော်တို့က ကိုယ့်အကြောင်းကိုယ် ဟောနေတာ မဟုတ်ဘူး။ ယေရှုခရစ်ဟာ သခင်ဖြစ်တဲ့အကြောင်း၊ ကျွန်တော်တို့ဟာ ယေရှုအတွက် ခင်ဗျားတို့ရဲ့ ကျွန်တွေဖြစ်တဲ့အကြောင်း ဟောပြောနေတာ။ ၆  “မှောင်မိုက်ထဲကနေ အလင်းထွန်းလင်းစေ”+ လို့ပြောတဲ့ ဘုရားသခင်က ကျွန်တော်တို့ရဲ့ စိတ်နှလုံးမှာ အလင်း ထွန်းလင်းစေပြီ။+ အဲဒီအလင်းဟာ ခရစ်တော်ရဲ့ မျက်နှာမှာ ထွန်းတောက်နေတဲ့၊ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ ဘုရားရေးရာအသိပညာပဲ။ ၇  မြေအိုးတွေလိုဖြစ်တဲ့+ ကျွန်တော်တို့ဆီမှာ ဒီဘဏ္ဍာ+ ရှိနေတယ်။ ဒါကြောင့် သာမန်ထက်ထူးကဲတဲ့ တန်ခိုးဟာ ကျွန်တော်တို့ဆီက မဟုတ်ဘဲ ဘုရားသခင်ဆီကမှန်း ထင်ရှားတယ်။+ ၈  ကျွန်တော်တို့ဟာ အဘက်ဘက်ကနေ ဖိနှိပ်ခံရပေမဲ့ မလှုပ်နိုင်လောက်အောင် ပိတ်မိမနေပါဘူး။ ကြံရာမရဖြစ်နေပေမဲ့ ထွက်ပေါက်မရှိဘဲ မနေပါဘူး။*+ ၉  ညှဉ်းပန်းနှိပ်စက်ခံရပေမဲ့ စွန့်ပစ်မခံရပါဘူး။+ အထိုးခံရလို့ လဲကျပေမဲ့ ဇာတ်သိမ်းမသွားပါဘူး။+ ၁၀  ကျွန်တော်တို့က ယေရှုလိုပဲ  အသက်အန္တရာယ် အမြဲကြုံခဲ့ရတယ်။+ ဒါကြောင့် ယေရှု ဒုက္ခခံရသလို ကျွန်တော်တို့လည်း ခံရတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ၁၁  ကျွန်တော်တို့က အသက်ရှင်နေပေမဲ့ ယေရှုရဲ့နောက်ကို လိုက်တဲ့အတွက် သေဘေးနဲ့ အမြဲရင်ဆိုင်နေရတယ်။+ ဒါကြောင့် ယေရှုဒုက္ခခံရသလို ကျွန်တော်တို့လည်း ခံရတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ၁၂  ကျွန်တော်တို့ သေဘေးနဲ့ ရင်ဆိုင်ရပေမဲ့ အဲဒါက ခင်ဗျားတို့အတွက် အသက်ရှင်ခြင်း ဖြစ်လာတယ်။ ၁၃  “ယုံကြည်သက်ဝင်လို့ ငါပြောနေတာ”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်း ကျွန်တော်တို့မှာ အဲဒီလိုယုံကြည်ခြင်းမျိုး ရှိတယ်။ ယုံကြည်သက်ဝင်လို့  ကျွန်တော်တို့  ပြောနေတာ။ ၁၄  ယေရှုကို ထမြောက်စေတဲ့အရှင်က ယေရှုနဲ့အတူ ကျွန်တော်တို့အားလုံးကို ထမြောက်စေမယ်၊ ကျွန်တော်တို့ရော ခင်ဗျားတို့ကိုပါ ယေရှုရှေ့ ခေါ်လာမယ်ဆိုတာ  ကျွန်တော်တို့  သိထားတယ်။+ ၁၅  ဒါတွေအားလုံးဟာ   ခင်ဗျားတို့အကျိုးအတွက်ပါ။ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ကျေးဇူးတင်ချီးမွမ်းသူတွေ များလာတဲ့အတွက် မဟာကရုဏာတော် တိုးများသည်ထက် တိုးများလာတယ်။+ ၁၆  ဒါကြောင့် ကျွန်တော်တို့ အရှုံးမပေးကြဘူး။ ခန္ဓာကိုယ်အပြင်ပန်းကတော့ ယိုယွင်းပျက်စီးနေပေမဲ့ အတွင်းစိတ်ကတော့ တစ်နေ့ပြီးတစ်နေ့ အသစ်အသစ် ပြန်ဖြစ်တယ်။ ၁၇  ကျွန်တော်တို့ ခဏတာခံရတဲ့ ပေါ့ပါးတဲ့ ဆင်းရဲဒုက္ခဟာ အတိုင်းထက်အလွန် ကြီးမြတ်တဲ့ ထာဝရဘုန်းအသရေကို ရရှိစေတယ်။+ ၁၈  မြင်နိုင်တဲ့အရာကို အာရုံမစိုက်ဘဲ မမြင်နိုင်တဲ့အရာတွေကို ကျွန်တော်တို့ အာရုံစိုက်ကြတယ်။+ မြင်နိုင်တဲ့အရာတွေဟာ တစ်ခဏသာ တည်တံ့ပြီး မမြင်နိုင်တဲ့အရာတွေကတော့ ထာဝရတည်တံ့လို့ပဲ။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “လူတွေရဲ့ အမှားအမှန်သိစိတ်အတွက်။”
ခက်ဆစ်ကိုကြည့်။
“လက်မှိုင်ကျ မနေပါဘူး” လည်းဖြစ်နိုင်။