၂ တိမောသေ ၃:၁-၁၇
၃ နောက်ဆုံးကာလဟာ+ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။
၂ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ ဝါကြွားသူ၊ မောက်မာသူ၊ ဘုရားကို စော်ကားပြောဆိုသူ၊ မိဘစကား နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊
၃ ချစ်ခင်တွယ်တာစိတ် မရှိသူ၊ ညှိနှိုင်းလို့မရသူ၊ သွားပုပ်လေလွင့်ပြောသူ၊ မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ရာကို မုန်းတီးသူ၊
၄ သစ္စာဖောက်သူ၊ တဇောက်ကန်းနိုင်သူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို မချစ်ဘဲ အပျော်အပါးကိုသာ နှစ်သက်သူ၊
၅ ဘုရားတရား ကြည်ညိုဟန်ရှိပေမဲ့ တရားကို လက်တွေ့မကျင့်သူတွေ ဖြစ်ကြလိမ့်မယ်။+ အဲဒီလူတွေကို ရှောင်ပါ။
၆ အဲဒီလူတွေထဲကနေ လှည့်ဖြားသူတွေ ပေါ်လာလိမ့်မယ်။ သူတို့က အပြစ်ဝန်ပိနေတဲ့၊ အညှာလွယ်တဲ့ အမျိုးသမီးတွေရဲ့ အိမ်ထဲ စဉ်းလဲတဲ့အကြံနဲ့ဝင်ပြီး စည်းရုံးသိမ်းသွင်းတဲ့အတွက် အဲဒီအမျိုးသမီးတွေဟာ အလိုဆန္ဒ အမျိုးမျိုးနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတတ်တယ်။
၇ အဲဒီအမျိုးသမီးတွေဟာ အမြဲသင်ယူနေပေမဲ့ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိနားလည်နိုင်စွမ်း မရှိကြဘူး။
၈ ယန္နေနဲ့ ယံဗြေက မောရှေကို အတိုက်အခံ လုပ်ခဲ့သလို အဲဒီလူတွေကလည်း အမှန်တရားကို အတိုက်အခံလုပ်ကြတယ်။ သူတို့ရဲ့စိတ်ဟာ လုံးဝယိုယွင်းနေတဲ့အပြင် ယုံကြည်ခြင်းတရားနဲ့ ပတ်သက်လာရင်လည်း ဘုရားသခင်ရဲ့ နှစ်သက်မှုကို မရဘူး။
၉ ဒါပေမဲ့ ယန္နေနဲ့ ယံဗြေလိုပဲ သူတို့ရဲ့ မိုက်မဲခြင်းကလည်း လူအားလုံးရှေ့မှာ ဘွင်းဘွင်းကြီး ပေါ်လာမှာဖြစ်လို့ သူတို့ ရှေ့ဆက်တိုးနိုင်မှာ မဟုတ်ဘူး။+
၁၀ မင်းကတော့ ငါ့ရဲ့ သွန်သင်ခြင်း၊ ဘဝလမ်းစဉ်၊+ ရည်မှန်းချက်၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ ခံနိုင်ရည်တွေကို အနီးကပ် လိုက်လျှောက်ခဲ့ပြီ။
၁၁ အန္တိအုတ်မြို့၊+ အိကောနိမြို့၊+ လုတ္တရမြို့တွေမှာ+ ငါညှဉ်းဆဲခံရပြီး ဒုက္ခရောက်ခဲ့မှန်း မင်းသိပါတယ်။ အဲဒီညှဉ်းဆဲမှုတွေကို ငါခံရပ်နိုင်ခဲ့တယ်၊ သခင်ကလည်း ငါ့ကို ကယ်တင်ပေးခဲ့တယ်။+
၁၂ တကယ်တော့ ခရစ်တော်ယေရှုရဲ့ နောက်လိုက်အနေနဲ့ ဘုရားတရားကိုင်းရှိုင်းတဲ့ အသက်တာနဲ့ နေချင်သူတိုင်းဟာ ညှဉ်းဆဲခံရမှာပဲ။+
၁၃ ဆိုးညစ်သူတွေ၊ အယောင်ဆောင်သူတွေဟာ ဆိုးသည်ထက် ဆိုးလာပြီး သူတစ်ပါးကို လှည့်စားတဲ့အပြင် ကိုယ်တိုင်လည်း လှည့်စားခံနေရတယ်။+
၁၄ မင်းကတော့ သင်ယူထားတဲ့အရာတွေ၊ လက်ခံယုံကြည်ထားတဲ့ အရာတွေအတိုင်း ဆက်လုပ်ဆောင်နေပါ။+ အဲဒါတွေကို ဘယ်သူတွေဆီက သင်ယူခဲ့မှန်း မင်းသိပါတယ်။
၁၅ သမ္မာကျမ်းစာကို နို့စို့အရွယ်ကတည်းက+ မင်းသိရှိခဲ့တယ်။+ အဲဒီကျမ်းစာဟာ ဉာဏ်ပညာရှိစေနိုင်တယ်။ ခရစ်တော်ယေရှုကို မင်းယုံကြည်တဲ့အတွက် ကယ်တင်ခြင်းရနိုင်အောင် အဲဒီဉာဏ်ပညာက ကူညီပေးတယ်။+
၁၆ ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့အတွက်+ လူတွေကို သွန်သင်တဲ့အခါ၊+ အမှားတွေ ဖော်ထုတ်တဲ့အခါ၊ ပဲ့ပြင်တဲ့အခါ၊ ဖြောင့်မတ်လာအောင် ဆုံးမတဲ့အခါ အကျိုးဖြစ်ထွန်းစေတယ်။+
၁၇ အဲဒီအခါ ဘုရားသခင်ရဲ့လူက မွန်မြတ်တဲ့အလုပ် အမျိုးမျိုးကို လုပ်ဆောင်ဖို့ အရည်အချင်းပြည့်ဝလာပြီး လုံးလုံးလျားလျား အသင့်ဖြစ်နေလိမ့်မယ်။