၂ ရာဇဝင်ချုပ် ၃၅:၁-၂၇
၃၅ ယောရှိမင်းက ဂျေရုဆလင်မြို့မှာယေဟောဝါအတွက် ပသခါပွဲ ကျင်းပတယ်။+ တစ်လပိုင်း၊ ၁၄ ရက်နေ့မှာ+ ပသခါပူဇော်သက္ကာကို သတ်ကြတယ်။+
၂ ယောရှိမင်းက ပုရောဟိတ်တွေကို တာဝန်တွေ ပေးအပ်ပြီး ယေဟောဝါရဲ့အိမ်တော်မှာ အမှုဆောင်ကြဖို့ အားပေးတယ်။+
၃ အစ္စရေးတွေကို သွန်သင်ပေးသူတွေ၊+ ယေဟောဝါအတွက် သန့်ရှင်းသူတွေဖြစ်တဲ့ လေဝိအမျိုးသားတွေကိုလည်း “သန့်ရှင်းတဲ့သေတ္တာတော်ကို ခင်ဗျားတို့ ထမ်းသွားစရာ မလိုတော့ဘူး၊+ အစ္စရေးဘုရင် ဒါဝိဒ်ရဲ့သား ရှောလမုန်ဆောက်ခဲ့တဲ့ အိမ်တော်မှာပဲ ထားကြပါ။+ အခုကစပြီး ယေဟောဝါဘုရားနဲ့ အစ္စရေးလူမျိုးအတွက် အမှုဆောင်ကြ။
၄ အစ္စရေးဘုရင် ဒါဝိဒ်နဲ့ သားတော် ရှောလမုန်ရဲ့ ညွှန်ကြားချက်အရ ဆွေမျိုးစုအလိုက်၊ အုပ်စုတွေအလိုက် အသင့်ရှိနေကြပါ။+
၅ လေဝိအမျိုးသားတွေက ကိုယ့်ညီအစ်ကိုတွေဖြစ်တဲ့ အစ္စရေးလူတွေရဲ့ ဆွေမျိုးစုတစ်စုစီအတွက် အမှုဆောင်နိုင်ဖို့ သန့်ရှင်းရာဌာနတော်ထဲ ဝင်လာပြီး ဆွေမျိုးစုအလိုက်၊ အုပ်စုအလိုက် ရပ်နေရမယ်။
၆ ပသခါပူဇော်သက္ကာကို သတ်ပြီး+ ကိုယ်ကို သန့်စင်စေကြ။ မောရှေကတစ်ဆင့် ယေဟောဝါဘုရား ပြောခဲ့တဲ့အတိုင်း လုပ်ဆောင်ဖို့ ကိုယ့်ညီအစ်ကိုတွေအတွက် ပြင်ဆင်ပေးကြပါ” ဆိုပြီး မှာတယ်။
၇ ပြီးတော့ ယောရှိမင်းက လူတွေအတွက် တိရစ္ဆာန်အုပ်တွေ လှူတယ်။ အဲဒီမှာရှိတဲ့ လူတွေ ပသခါပူဇော်သက္ကာ ဆက်သဖို့ သူပိုင်တဲ့ သိုးထီးလေးနဲ့ ဆိတ်ထီးလေး ၃၀,၀၀၀၊ နွား ၃,၀၀၀ ကို ပေးလှူတယ်။+
၈ မှူးမတ်တွေကလည်း လူတွေ၊ ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေအတွက် ပူဇော်သက္ကာတွေကို စေတနာစိတ်နဲ့ ပေးလှူကြတယ်။ စစ်မှန်တဲ့ ဘုရားသခင့်အိမ်တော်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဟိလခိ၊+ ဇာခရိ၊ ယေဟေလတို့က ပုရောဟိတ်တွေအတွက် ပသခါပူဇော်သက္ကာ ၂,၆၀၀ နဲ့ နွား ၃၀၀ ကို ပေးတယ်။
၉ လေဝိအမျိုးသား ခေါင်းဆောင်တွေဖြစ်တဲ့ ကောနနိ၊ သူ့ညီ ရှေမာယနဲ့ နာသနေလ၊ ဟာရှဘိ၊ ယေယေလ၊ ယောဇဗတ်တို့က လေဝိအမျိုးသားတွေအတွက် ပသခါပူဇော်သက္ကာ ၅,၀၀၀ နဲ့ နွား ၅၀၀ ကို ပေးတယ်။
၁၀ ဒီနည်းနဲ့ ပွဲတော်အတွက်ပြင်ဆင်ကြတယ်။ ဘုရင်မိန့်မှာတဲ့အတိုင်း ပုရောဟိတ်တွေက ကိုယ့်နေရာမှာ ရပ်နေပြီး လေဝိအမျိုးသားတွေလည်း အုပ်စုအလိုက်+ ရပ်နေကြတယ်။
၁၁ ပြီးတော့ ပသခါပူဇော်သက္ကာတွေကို သတ်ကြတယ်။+ လေဝိအမျိုးသားတွေအရေခွံဆုတ်နေချိန်မှာ+ ပုရောဟိတ်တွေက သူတို့ဆီကရတဲ့ သွေးကို ပူဇော်ရာပလ္လင်ပေါ် ဖျန်းတယ်။+
၁၂ အဲဒီနောက် ဆွေမျိုးစုအလိုက်ရပ်နေတဲ့ လူတွေကို ဝေပေးနိုင်ဖို့ မီးရှို့ရာအလှူတွေ ပြင်ဆင်တယ်၊ ဒါမှ မောရှေရဲ့ကျမ်းမှာ ပါတဲ့အတိုင်း ယေဟောဝါဆီ ဆက်သနိုင်မယ်။ နွားတွေကိုလည်း အဲဒီအတိုင်း ပြင်ဆင်တယ်။
၁၃ ပြီးတော့ ပသခါအလှူကို ထုံးစံအတိုင်း မီးနဲ့ချက်တယ်။*+ သန့်ရှင်းတဲ့အလှူတွေကို အိုးတွေ၊ ဒယ်အိုးဒယ်ပြားတွေမှာ ချက်ပြုတ်ပြီးနောက် လူတွေကို ခပ်သွက်သွက် ဝေပေးကြတယ်။
၁၄ အဲဒီနောက် လေဝိအမျိုးသားတွေက ကိုယ်တိုင်နဲ့ ပုရောဟိတ်တွေအတွက် ပြင်ဆင်တယ်။ အာရုန်ရဲ့သားမြေး ပုရောဟိတ်တွေက မီးရှို့ရာ ပူဇော်သက္ကာတွေနဲ့ အဆီတွေကို ညအထိ ပူဇော်နေရတဲ့အတွက် အဲဒီလို ပြင်ဆင်ပေးရတာ ဖြစ်တယ်။
၁၅ အာသပ်ရဲ့သားမြေး+ သီချင်းသည်တွေက ဒါဝိဒ်၊+ အာသပ်၊+ ဟေမန်၊ ဘုရင်ကို စိတ်အာရုံအသိပေးရတဲ့ ယေဒုသုန်တို့ရဲ့+ ညွှန်ကြားချက်အတိုင်း ကိုယ့်နေရာမှာ ရှိနေတယ်။ တံခါးစောင့်တွေကလည်း တံခါးတိုင်းမှာ စောင့်နေတယ်။+ သူတို့ရဲ့ညီအစ်ကို လေဝိအမျိုးသားတွေက ပြင်ဆင်ပေးတဲ့အတွက် ကိုယ်တာဝန်ကျတဲ့ နေရာကနေ ထွက်သွားစရာ မလိုဘူး။
၁၆ ဒီလိုနဲ့ ယောရှိမင်းရဲ့ အမိန့်အတိုင်း ပသခါပွဲ ကျင်းပဖို့၊+ ယေဟောဝါရဲ့ ပူဇော်ရာပလ္လင်ပေါ် မီးရှို့ရာအလှူတွေ ပူဇော်ဖို့ ယေဟောဝါ တောင်းဆိုထားသမျှကို အဲဒီနေ့မှာ ပြင်ဆင်ပြီးသွားတယ်။+
၁၇ အဲဒီအချိန်မှာ ရောက်ရှိနေတဲ့ အစ္စရေးတွေက ပသခါပွဲတော်ကို ကျင်းပပြီး တဆေးမဲ့မုန့်ပွဲတော်ကိုလည်း ခုနစ်ရက်ကြာ ကျင်းပတယ်။+
၁၈ အဲဒီလိုပသခါပွဲမျိုးကို ပရောဖက်ရှမွေလ လက်ထက်ကတည်းက အစ္စရေးပြည်မှာ မကျင်းပဖူးဘူး။ ယောရှိနဲ့ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေ၊ အဲဒီမှာရှိတဲ့ ယုဒနဲ့အစ္စရေး ပြည်သူပြည်သားတွေ၊ ဂျေရုဆလင်မြို့သူမြို့သားတွေ ကျင်းပတဲ့ ဒီလိုပသခါပွဲမျိုးကို ဘယ်အစ္စရေးဘုရင်မှ မကျင်းပဖူးဘူး။+
၁၉ ဒီပသခါပွဲကို ယောရှိနန်းစံ ၁၈ နှစ်မှာ ကျင်းပတာဖြစ်တယ်။
၂၀ ဗိမာန်တော်ကို ယောရှိမင်း ပြင်ဆင်ပြီးတဲ့အခါ၊ ပွဲတော်ပြီးသွားတဲ့ နောက်ပိုင်းမှာ အီဂျစ်ဘုရင်နေခေါက+ ယူဖရေးတီးမြစ်နားက ခါခေမိတ်မြို့ကို တိုက်ခိုက်ဖို့ ချီတက်လာတယ်။ ဒါနဲ့ ယောရှိက နေခေါကို တိုက်ဖို့ ထွက်လာတယ်။+
၂၁ နေခေါက ယောရှိဆီ တမန်တွေ လွှတ်ပြီး “ယုဒဘုရင်၊ မင်းနဲ့ ဘာဆိုင်လို့လဲ။ ငါလာတာ မင်းကိုတိုက်ဖို့ မဟုတ်ဘူး။ တခြားနိုင်ငံကို တိုက်ဖို့လာတာ။ ဘုရားသခင်က ငါ့ကို အမြန် တိုက်ခိုင်းနေပြီ။ ငါနဲ့အတူရှိတဲ့ ဘုရားသခင်ကို မဆန့်ကျင်ရင် ကောင်းမယ်။ ဒီလိုမှမဟုတ်ရင် မင်း ပျက်စီးသွားမယ်” လို့ပြောတယ်။
၂၂ ဒါပေမဲ့ ယောရှိက ပြန်မလှည့်သွားဘဲ ရုပ်ဖျက်ပြီး တိုက်ပွဲဝင်တယ်။+ နေခေါကတစ်ဆင့် ဘုရားသခင်ပြောတဲ့ စကားကို နားမထောင်ဘဲ မေဂိဒေါချိုင့်ဝှမ်းမှာ တိုက်ခိုက်တော့တယ်။+
၂၃ အဲဒီအခါ လေးသမားတွေက ယောရှိမင်းကို မြားနဲ့ ပစ်လိုက်တဲ့အတွက် ယောရှိက “ငါ အကြီးအကျယ် ဒဏ်ရာရနေပြီ။ ငါ့ကို ခေါ်ထုတ်သွားပါ” လို့ မင်းမှုထမ်းတွေကို ပြောတယ်။
၂၄ မင်းမှုထမ်းတွေက ယောရှိကို မြင်းရထားပေါ်ကနေ ဒုတိယစစ်မြင်းရထားပေါ် တင်ပြီး ဂျေရုဆလင်မြို့ကို ခေါ်သွားကြတယ်။ အဲဒီနောက် ယောရှိ ကွယ်လွန်သွားတဲ့အတွက် ဘိုးဘေးတွေရဲ့ သင်္ချိုင်းမှာ သင်္ဂြိုဟ်ကြတယ်။+ ယုဒပြည်သားတွေ၊ ဂျေရုဆလင်မြို့သားတွေလည်း ငိုကြွေးမြည်တမ်းကြတယ်။
၂၅ ယေရမိက+ ယောရှိအတွက် ငိုချင်းချတယ်။ သီချင်းသည် ယောက်ျားမိန်းမအားလုံးက+ ယောရှိအကြောင်း ငိုချင်းတွေ ရေးစပ်ပြီး ဒီနေ့အထိ သီဆိုနေတုန်းပဲ။ ဒီငိုချင်းတွေကို ငိုချင်းပေါင်းချုပ်မှာ ရေးသားထားပြီး အစ္စရေးပြည်မှာ သီဆိုရတဲ့ထုံးစံ ရှိလာတယ်။
၂၆ ယောရှိရဲ့ ကျန်တဲ့သမိုင်းကြောင်းတွေ၊ ယေဟောဝါရဲ့ ပညတ်ကျမ်းမှာ ရေးသားတဲ့အတိုင်း ခိုင်မြဲတဲ့မေတ္တာနဲ့ လုပ်ဆောင်ခဲ့တာတွေ၊
၂၇ သူ့လုပ်ရပ်တွေအကြောင်း အစအဆုံးကို အစ္စရေးဘုရင်တွေနဲ့ ယုဒဘုရင်တွေရဲ့ ရာဇဝင်ကျမ်းမှာ ရေးထားတယ်။+
အောက်ခြေမှတ်ချက်များ
^ “ကင်တယ်” လည်းဖြစ်နိုင်။