၂ ရှမွေလ ၁၀:၁-၁၉
-
အမ္မုန်နဲ့ ဆီးရီးယားတွေကို အောင်ပွဲခံ (၁-၁၉)
၁၀ နောက်တော့ အမ္မုန်ဘုရင်+ ကွယ်လွန်သွားပြီး သားတော်ဟာနုန် နန်းတက်လာတယ်။+
၂ ဒါဝိဒ်က “နေဟက်မင်းက ငါ့ကို ခိုင်မြဲတဲ့မေတ္တာပြခဲ့သလို ငါလည်း သူ့သားဟာနုန်ကို ခိုင်မြဲတဲ့ မေတ္တာပြမယ်” ဆိုပြီး ဖခင်ကွယ်လွန်လို့ ဝမ်းနည်းနေတဲ့ ဟာနုန်ကို နှစ်သိမ့်စကားပြောဖို့ ကျွန်တွေ စေလွှတ်လိုက်တယ်။ ဒါဝိဒ်ရဲ့ကျွန်တွေ အမ္မုန်ပြည်ကို ရောက်တဲ့အခါ၊
၃ အမ္မုန်မှူးမတ်တွေက “ဒါဝိဒ်က ခမည်းတော်ကို လေးစားတဲ့အနေနဲ့ စေတမန်တွေ လွှတ်ပြီး နှစ်သိမ့်ပေးတာလို့ မင်းကြီး ထင်နေပါသလား။ တကယ်တော့ မြို့ကိုဖျက်ဆီးဖို့ ကျွန်တွေလွှတ်ပြီး ထောက်လှမ်းခိုင်းလိုက်တာပါ” လို့ ဟာနုန်မင်းကို လျှောက်တင်တယ်။
၄ ဒါကြောင့် ဟာနုန်က ဒါဝိဒ်ရဲ့ကျွန်တွေကို ဖမ်းဆီးပြီး မုတ်ဆိတ်မွေးကို တစ်ခြမ်းရိတ်၊+ သူတို့ဝတ်ရုံကို တင်ပါးအထိဖြတ်ပြီး ပြန်လွှတ်လိုက်တယ်။
၅ ဒီသတင်းကို ဒါဝိဒ်ကြားတာနဲ့ ကျွန်တွေဆီ လူလွှတ်ပြီး ကြိုခိုင်းလိုက်တယ်။ သူတို့ အကြီးအကျယ် အရှက်ခွဲခံလိုက်ရတာကိုး။ ဒါဝိဒ်က “မင်းတို့ မုတ်ဆိတ်တွေ ပြန်ရှည်လာတဲ့အထိ ယေရိခေါမြို့မှာ+ နေကြ။ ပြီးမှ ပြန်လာခဲ့ကြပါ” လို့မှာလိုက်တယ်။
၆ အမ္မုန်လူတွေက သူတို့ကို ဒါဝိဒ်မုန်းနေပြီဆိုတာ သိတဲ့အတွက် လူလွှတ်ပြီး ဗက်ရဟောဘမြို့နဲ့+ ဇောဘမြို့မှာရှိတဲ့+ ဆီးရီးယားခြေလျင်တပ်သား ၂၀,၀၀၀၊ မာခါဘုရင်နဲ့+ သူ့လူ ၁,၀၀၀၊ အိတောဘပြည်က လူ ၁၂,၀၀၀ ကို ငှားရမ်းလိုက်တယ်။+
၇ ဒီသတင်းကို ဒါဝိဒ်ကြားတဲ့အခါ ခွန်အားကြီးစစ်သည်တွေအပါအဝင် ယွာဘနဲ့ တပ်မကြီးတစ်ခုလုံးကို လွှတ်လိုက်တယ်။+
၈ အမ္မုန်လူတွေ ထွက်လာပြီး မြို့တံခါးနားမှာ စစ်ခင်းထားတယ်။ ဇောဘမြို့နဲ့ ရဟောဘမြို့က ဆီးရီးယားတွေ၊ အိတောဘပြည်ကလူတွေ၊ မာခါဘုရင်ရဲ့လူတွေကတော့ လွင်ပြင်မှာ စစ်ခင်းထားတယ်။
၉ အရှေ့နဲ့အနောက် စစ်မျက်နှာနှစ်ဖက် ဖွင့်ထားတာကို ယွာဘမြင်တဲ့အခါ အစ္စရေးလက်ရွေးစင် စစ်သည်တချို့ကို ရွေးချယ်ပြီး ဆီးရီးယားတွေနဲ့တိုက်ဖို့ စစ်ခင်းတယ်။+
၁၀ ကျန်တဲ့စစ်သည်တွေကို အမ္မုန်လူတွေနဲ့စစ်ခင်းဖို့+ အစ်ကိုအဘိရှဲလက်ထဲ+ အပ်လိုက်တယ်။
၁၁ ပြီးတော့ ယွာဘက “ဆီးရီးယားတွေ ငါ့ကိုအသာစီးရနေပြီဆိုရင် မင်းလာကူရမယ်။ အမ္မုန်လူတွေ မင်းကိုအသာစီးရနေပြီဆိုရင် ငါလာကူမယ်။
၁၂ ဒို့လူမျိုးအတွက်၊ ဒို့ဘုရားသခင်ပိုင်တဲ့ မြို့တွေအတွက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြစို့။+ ယေဟောဝါဘုရားကလည်း အလိုရှိတဲ့အတိုင်း လုပ်ဆောင်ပေးမှာပဲ”+ လို့မှာတယ်။
၁၃ ယွာဘနဲ့စစ်သည်တွေ တိုက်ဖို့ ရှေ့တိုးလာတဲ့အခါ ဆီးရီးယားတွေ ထွက်ပြေးကြတယ်။+
၁၄ ဆီးရီးယားတွေ ထွက်ပြေးတာကို မြင်တော့ အမ္မုန်လူတွေလည်း အဘိရှဲရှေ့ကနေ ထွက်ပြေးပြီး မြို့ထဲ ပြန်ဝင်သွားကြတယ်။ အမ္မုန်လူတွေနဲ့ တိုက်ခိုက်ပြီးနောက် ယွာဘက ဂျေရုဆလင်မြို့ကို ပြန်လာတယ်။
၁၅ ဆီးရီးယားတွေက အစ္စရေးတွေလက်ချက်နဲ့ သူတို့အရေးနိမ့်သွားမှန်း သိတဲ့အခါ စုရုံးကြပြန်တယ်။+
၁၆ ဟာဒဒေဇာမင်းက+ မြစ်ကြီး*+ အနီးမှာနေတဲ့ ဆီးရီးယားတွေကိုအခေါ်လွှတ်လိုက်တော့ ဟေလံအရပ်ဆီ သူတို့ရောက်လာကြတယ်။ ဟာဒဒေဇာရဲ့ဗိုလ်ချုပ် ရှောဗက်က သူတို့ကို ဦးဆောင်လာတယ်။
၁၇ ဒီသတင်းကိုကြားတာနဲ့ ဒါဝိဒ်မင်းက အစ္စရေးစစ်သည်တွေကို စုရုံး၊ ဂျော်ဒန်မြစ်ကိုဖြတ်ပြီး ဟေလံအရပ်ဆီ ချီတက်လာတယ်။ ဆီးရီးယားတွေလည်း စစ်ခင်းပြီး ဒါဝိဒ်ကို တိုက်ခိုက်ကြတယ်။+
၁၈ ဒါပေမဲ့ ဆီးရီးယားတွေ အရေးနိမ့်ပြီး ထွက်ပြေးရတယ်။ ဒါဝိဒ်က ဆီးရီးယားစစ်ရထားမှူး ၇၀၀၊ မြင်းစီးသူရဲ ၄၀,၀၀၀ ကို ကွပ်မျက်လိုက်တယ်။ ဗိုလ်ချုပ်ရှောဗက်ကိုလည်း အဲဒီမှာပဲ ကွပ်မျက်လိုက်တယ်။+
၁၉ ဟာဒဒေဇာမင်းရဲ့ လက်အောက်ခံဘုရင်တွေက သူတို့ရှုံးနိမ့်သွားမှန်း သိတဲ့အခါ ချက်ချင်းပဲ စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းပြီး အစ္စရေးတွေဆီမှာ လက်အောက်ခံကြတယ်။+ အဲဒီအချိန်ကစပြီး ဆီးရီးယားတွေက အမ္မုန်တွေကို စစ်ကူ မပေးရဲတော့ဘူး။
အောက်ခြေမှတ်ချက်များ
^ ယူဖရေးတီးမြစ်။