၂ ရှမွေလ ၁၄:၁-၃၃
၁၄ အဗရှလုံကို ဒါဝိဒ်မင်း လွမ်းဆွတ်နေမှန်း+ ဇေရုယာရဲ့သား+ ယွာဘ ရိပ်မိတယ်။
၂ ဒါနဲ့ တေကောမြို့က+ ပြောတတ်ဆိုတတ်တဲ့ အမျိုးသမီးတစ်ယောက်ကို လူလွှတ်ခေါ်ပြီး “ညည်းတွားငိုကြွေးနေသူလို ဟန်ဆောင်ပါ။ ဝမ်းနည်းချိန်မှာ ဝတ်တဲ့ အဝတ်တွေကို ဝတ်ဆင်ပါ။ ဆီမလိမ်းနဲ့။+ သေလွန်သူအတွက် ရက်ပေါင်းများစွာ ငိုကြွေးနေတဲ့ မိန်းမလို ပြုမူပါ။
၃ ပြီးတော့ မင်းကြီးရှေ့ကို ဝင်ပြီး ငါပြောခိုင်းတဲ့အတိုင်း လျှောက်တင်ပါ” ဆိုပြီး ဘာပြောရမယ်ဆိုတာကို သင်ပေးတယ်။
၄ တေကောမြို့သူလည်း ဒါဝိဒ်မင်းဆီ အခစားဝင်တယ်၊ မြေပေါ် ဦးညွှတ်ပျပ်ဝပ်ပြီး “အရှင်မင်းကြီး၊ ကယ်ပါဦး” လို့ပြောတယ်။
၅ ဒါဝိဒ်က “ဘာကိစ္စရှိလို့လဲ” ဆိုပြီးမေးတော့ “ကျွန်မဟာ မုဆိုးမပါ။ ယောက်ျား ဆုံးသွားပါပြီ။
၆ ကျွန်မမှာ သားနှစ်ယောက် ရှိပါတယ်။ လယ်တောထဲမှာ သူတို့ သတ်ပုတ်ကြတဲ့အခါ ဖျန်ဖြေပေးမယ့်သူ မရှိတော့ တစ်ယောက်က နောက်တစ်ယောက်ကို ရိုက်သတ်လိုက်ပါတယ်။
၇ အခု ဆွေမျိုးအားလုံးက ‘ညီအစ်ကိုအချင်းချင်း သတ်တဲ့သူကို ငါတို့လက်ထဲ အပ်ပါ။ ကိုယ့်ညီအစ်ကိုရဲ့ အသက်ကို သတ်တဲ့အတွက် သူ့ကို သတ်ရမယ်။+ အမွေခံဖြစ်နေရင်လည်း သတ်ရမှာပဲ’ ဆိုပြီး ကျွန်မကို ရန်ရှာနေကြတယ်။ သူတို့က ကျွန်မရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ သားကို သတ်ပြီး ကျွန်မယောက်ျားရဲ့ နာမည်ကိုရော မျိုးဆက်ကိုပါ မြေပြင်ပေါ်ကနေ ဖယ်ရှားကြပါတော့မယ်” လို့လျှောက်တင်တယ်။
၈ ဒါဝိဒ်မင်းက “အိမ်ပြန်လိုက်ပါ။ ဒီကိစ္စကို ငါဖြေရှင်းပေးမယ်” လို့ပြောတယ်။
၉ တေကောမြို့သူက “အရှင်မင်းကြီး၊ ကျွန်မနဲ့ ကျွန်မအဖေရဲ့ အိမ်သားတွေအပေါ် အပြစ်ရောက်ပါစေ။ မင်းကြီးနဲ့ ရာဇပလ္လင်ကတော့ အပြစ်ကင်းပါစေ” လို့ ပြောတယ်။
၁၀ ဒါဝိဒ်မင်းကလည်း “မင်းကို ထပ်ပြီး အပြစ်တင်တဲ့သူရှိရင် ငါ့ဆီခေါ်ခဲ့။ မင်းကို သူ မနှောင့်ယှက်စေရဘူး” လို့ပြောတယ်။
၁၁ ဒါပေမဲ့ အမျိုးသမီးက “အရှင်မင်းကြီး၊ လက်စားချေသူဟာ+ ကျွန်မသားကို အန္တရာယ်မပေးဖို့၊ မဖျက်ဆီးဖို့ မင်းကြီးရဲ့ဘုရားသခင် ယေဟောဝါကို အောက်မေ့ပါ” လို့ပြောတော့ မင်းကြီးက “အသက်ရှင်တဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ငါပြောမယ်။+ သူ့ရဲ့ဆံခြည်တစ်မျှင်မှ မြေပေါ် မကျစေရဘူး” လို့ ကတိပေးတယ်။
၁၂ ဒါနဲ့ အမျိုးသမီးက “မင်းကြီးကို တစ်ခွန်းလောက် လျှောက်တင်ပါရစေ” ဆိုတော့ မင်းကြီးက “လျှောက်တင်စေ” လို့ပြောတယ်။
၁၃ အမျိုးသမီးက “ဒါဆိုရင် ဘုရားသခင့်လူမျိုး နစ်နာအောင် မင်းကြီး ဘာလို့လုပ်ရတာလဲ။+ အခု ပြောတဲ့အတိုင်းဆိုရင် ပြည်နှင်ခံရတဲ့ သားတော်ရင်းကို ပြန်မခေါ်တဲ့အတွက် မင်းကြီးမှာ အပြစ်ရှိနေပြီ။+
၁၄ ကျွန်မတို့အားလုံးဟာ သေရမယ့်သူတွေပါ။ မြေပေါ် ဖိတ်ကျသွားရင် ပြန်ခပ်လို့မရတော့တဲ့ ရေလိုပါပဲ။ ဒါပေမဲ့ ဘုရားသခင်ကတော့ အသက်တစ်ချောင်းကိုမှ မသေစေချင်ပါဘူး။ ပြည်နှင်ခံရသူကို ဘယ်လိုပြန်ခေါ်ရင် ကောင်းမလဲဆိုတာ စဉ်းစားတယ်။
၁၅ မင်းကြီးဆီ အခုလို လာရတဲ့ အကြောင်းရင်းက ကျွန်မကို လူတွေ ခြိမ်းခြောက်နေလို့ပါ။ ဒါနဲ့ ကျွန်မက ‘မင်းကြီးကို လျှောက်တင်ကြည့်မယ်။ ငါတောင်းဆိုတာကို လုပ်ပေးမယ်ထင်ပါရဲ့။
၁၆ မင်းကြီးက ငါ့စကားကို နားထောင်ပြီး ငါတို့သားအမိနှစ်ယောက်ကို ဘုရားသခင်ပေးတဲ့ အမွေမြေကနေ ပယ်ရှင်းချင်တဲ့ လူတွေလက်ကနေ ကယ်မှာပဲ’+ လို့တွေးမိပြီး အခုလို လျှောက်တင်ရတာပါ။
၁၇ မင်းကြီးဟာ စစ်မှန်တဲ့ဘုရားသခင်ရဲ့ ကောင်းကင်တမန်လိုပဲ အကောင်းအဆိုး ပိုင်းခြားတတ်သူဆိုတော့ ‘မင်းကြီးရဲ့စကားကြောင့် စိတ်သက်သာရာရမှာပဲ’ လို့ ကျွန်မ တွေးမိပါတယ်။ မင်းကြီးနဲ့အတူ ယေဟောဝါဘုရား ရှိပါစေ” လို့လျှောက်တင်တယ်။
၁၈ ဒါဝိဒ်မင်းက “ငါမေးသမျှ မထိမ်မချန်ဘဲ ဖြေပါ” လို့ပြောတော့ အမျိုးသမီးက “အရှင်မင်းကြီး၊ မေးပါ” လို့ပြောတယ်။
၁၉ ဒါဝိဒ်က “ယွာဘခိုင်းလို့ ဒီလိုလုပ်တာလား”+ လို့ မေးတော့ “အသက်ရှင်နေတဲ့ မင်းကြီးကို တိုင်တည်ပြီး ပြောပါ့မယ်။ မင်းကြီးပြောတာ မှန်ပါတယ်။ မင်းကြီးရဲ့အမှုထမ်း ယွာဘ လုပ်ခိုင်းတာပါ။ ဘာတွေ ပြောရမယ်ဆိုတာကိုလည်း သူပဲသင်ပေးတာပါ။
၂၀ သူဒီလိုလုပ်ရတာက အဗရှလုံအပေါ် မင်းကြီးရဲ့သဘောထား ပြောင်းသွားစေချင်လို့ပါ။ မင်းကြီးက စစ်မှန်တဲ့ဘုရားသခင်ရဲ့ ကောင်းကင်တမန်လိုပဲ ဉာဏ်ပညာရှိတဲ့အတွက် တိုင်းပြည်မှာ ဖြစ်ပျက်သမျှကို သိပါတယ်” လို့ဖြေတယ်။
၂၁ အဲဒီအခါ ဒါဝိဒ်မင်းက ယွာဘကို “ကောင်းပြီ၊ ဒီကိစ္စကို ငါဖြေရှင်းမယ်။+ လူငယ်အဗရှလုံကို သွားခေါ်ပါ”+ လို့အမိန့်ပေးတော့၊
၂၂ ယွာဘလည်း မြေပေါ် ဦးညွှတ်ပျပ်ဝပ်ပြီး မင်းကြီးကို ချီးကျူးပြောဆိုတယ်။ ပြီးတော့ “အရှင်မင်းကြီး၊ ကျွန်တော် တောင်းဆိုတာကို လိုက်လျောပေးတဲ့အတွက် မင်းကြီးရှေ့မှာ ကျွန်တော် မျက်နှာသာရမှန်း အခု သိပါပြီ” လို့ပြောတယ်။
၂၃ အဲဒီနောက် ယွာဘက ဂေရှုရိပြည်ကို သွားပြီး+ အဗရှလုံကို ဂျေရုဆလင်မြို့ဆီ ပြန်ခေါ်လာတယ်။
၂၄ ဒါပေမဲ့ ဒါဝိဒ်မင်းက “သူ့ကို အိမ်ပြန်ခိုင်းလိုက်။ ငါ့ကို လာမတွေ့စေနဲ့” လို့ပြောတယ်။ အဗရှလုံလည်း မင်းကြီးကို တွေ့ခွင့်မရဘဲ အိမ်ပြန်သွားတယ်။
၂၅ အစ္စရေးတစ်ပြည်လုံးမှာ အဗရှလုံလို လူတကာချီးမွမ်းလောက်အောင် ခံ့ညားတဲ့ယောက်ျား တစ်ယောက်မှ မရှိဘူး။ ခြေဆုံးခေါင်းဆုံး အပြစ်ပြောစရာ တစ်ကွက်မှ မရှိဘူး။
၂၆ သူ့ဆံပင် သန်လွန်းလို့ နှစ်ကုန်တိုင်း ညှပ်ရတယ်။ ညှပ်လို့ရတဲ့ဆံပင်က နန်းတွင်းသုံး အလေးချိန်အရ* ရှယ်ကယ် ၂၀၀* လေးတယ်။
၂၇ အဗရှလုံမှာ သားသုံးယောက်၊+ သမီးတစ်ယောက် ရှိတယ်။ တာမာလို့ခေါ်တဲ့ သူ့သမီးဟာ မိန်းမချောလေးပဲ။
၂၈ အဗရှလုံက ဂျေရုဆလင်မြို့မှာနေတာ နှစ်နှစ်ကြာသွားပေမဲ့ မင်းကြီးနဲ့ တွေ့ခွင့်မရသေးဘူး။+
၂၉ ဒါကြောင့် အဗရှလုံက ယွာဘကို မင်းကြီးဆီ လွှတ်ချင်လို့ ခေါ် ခိုင်းလိုက်ပေမဲ့ ယွာဘ ရောက်မလာဘူး။ ဒုတိယအကြိမ် ခေါ်တော့လည်း မလာပြန်ဘူး။
၃၀ နောက်ဆုံး၊ အဗရှလုံက “ယွာဘရဲ့လယ်ကွက်ဟာ ငါ့လယ်ကွက်နဲ့ ကပ်လျက်ပဲ။ မုယောစပါးတွေ စိုက်ထားတယ်။ သွားပြီး မီးရှို့ကြ” လို့ခိုင်းတော့ အစေခံတွေလည်း ယွာဘရဲ့လယ်ကွက်ကို မီးရှို့ ကြတယ်။
၃၁ အဲဒီအခါ ယွာဘက အဗရှလုံရဲ့အိမ်ကို ရောက်လာပြီး “ငါ့လယ်ကွက်ကို မင်းရဲ့အစေခံတွေ ဘာလို့ မီးရှို့ရတာလဲ” လို့မေးတယ်။
၃၂ ဒါနဲ့ အဗရှလုံက “‘“ဂေရှုရိပြည်ကနေ ကျွန်တော် ဘာအတွက် ပြန်လာတာလဲ။+ ဟိုမှာနေရင် ပိုကောင်းဦးမယ်။ အခု မင်းကြီးနဲ့ တွေ့ပါရစေ။ ကျွန်တော့်မှာ အပြစ်ရှိရင်လည်း သတ်လိုက်ပါ” လို့ မင်းကြီးဆီ လျှောက်တင်ပေးပါ’ ဆိုပြီး ခင်ဗျားဆီ စကားပါးလိုက်သားပဲ” လို့ဖြေတယ်။
၃၃ ဒါနဲ့ ယွာဘက ဒါဝိဒ်မင်းဆီ သွားပြီး လျှောက်တင်ပေးတယ်။ ဒါဝိဒ် ဆင့်ခေါ်လိုက်တော့ အဗရှလုံက အခစားဝင်ပြီး မြေပေါ် ဦးညွှတ်ပျပ်ဝပ်နေတယ်။ ဒါဝိဒ်လည်း အဗရှလုံကို နမ်းလိုက်တယ်။+
အောက်ခြေမှတ်ချက်များ
^ ရိုးရိုးရှယ်ကယ်နဲ့မတူဘဲ နန်းတွင်းသုံး စံအလေးချိန်ဖြစ်နိုင်။
^ ၂.၃ ကီလို (၅ ပေါင်) နီးပါး။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။