၂ ရှမွေလ ၁၅:၁-၃၇
၁၅ အဲဒီနောက် အဗရှလုံက သူစီးဖို့ မြင်းတွေနဲ့ မြင်းရထားတစ်စီးကို အသင့်ပြင်ထားတယ်၊ ရှေ့တော်ပြေး အယောက် ၅၀ ကိုလည်း ထားတယ်။+
၂ အဗရှလုံဟာ မနက်စောစောထပြီး မြို့တံခါးနားက လမ်းဘေးမှာ ရပ်လေ့ရှိတယ်။+ ဘုရင့်အဆုံးအဖြတ်ကို ခံယူဖို့ အမှုအခင်းရှိသူတစ်ယောက် လာတဲ့အခါ+ သူ့ကိုခေါ်ပြီး “မင်း ဘယ်မြို့ကလဲ” လို့မေးတတ်တယ်။ သူက “အစ္စရေးအနွယ် တစ်နွယ်ကပါ” လို့ဖြေတဲ့အခါ၊
၃ အဗရှလုံက “မင်းရဲ့ထွက်ဆိုချက်တွေဟာ မှန်တယ်၊ တရားနည်းလမ်းကျတယ်။ ခက်တာက ဒီအမှုကို ကြားနာပေးဖို့ မင်းကြီးခန့်အပ်ထားသူ တစ်ယောက်မှ မရှိဘူး” ဆိုပြီး ပြောတတ်တယ်။
၄ ပြီးတော့ “ဒီပြည်မှာ ငါ့ကိုသာ တရားသူကြီး ခန့်လို့ကတော့ အမှုအခင်းရှိသူတွေ၊ စီရင်ချက်ခံယူမယ့်သူတွေ ရောက်လာတဲ့အခါ မျှမျှတတ စီရင်ပေးမှာ” လို့လည်း ပြောတတ်တယ်။
၅ လူတစ်ယောက် ဦးညွှတ်ဖို့ အနားကိုလာရင် အဗရှလုံက အဲဒီလူကို ဖက်ပြီးနမ်းလေ့ရှိတယ်။+
၆ ဘုရင့်အဆုံးအဖြတ်ကို ခံယူဖို့ ရောက်လာတဲ့ အစ္စရေးတွေကို အဲဒီလို လုပ်တတ်တယ်။ ဒီနည်းနဲ့ အဗရှလုံက အစ္စရေးတွေကို သူ့ဘက်ပါလာအောင် သိမ်းသွင်းတော့တယ်။+
၇ လေးနှစ်စေ့တဲ့အခါ* အဗရှလုံက ဒါဝိဒ်မင်းဆီ ဝင်ပြီး “ယေဟောဝါဘုရားကို ပေးခဲ့တဲ့ သစ္စာကတိအတိုင်း လုပ်ဆောင်ဖို့ ဟေဗြုန်မြို့ကို+ သွားပါရစေ။
၈ ဆီးရီးယားမှာရှိတဲ့ ဂေရှုရိပြည်မှာ+ ကျွန်တော်နေတုန်းက ‘ယေဟောဝါဘုရားသာ ကျွန်တော့်ကို ဂျေရုဆလင်မြို့ဆီ ပြန်ခေါ်မယ်ဆိုရင် ယေဟောဝါဘုရားဆီ ပူဇော်သက္ကာ ဆက်သပါ့မယ်’ ဆိုပြီး သစ္စာကတိပြုထားပါတယ်”+ လို့လျှောက်တင်တယ်။
၉ ဒါဝိဒ်မင်းက “စိတ်အေးအေးထားပြီး သွားပါ” လို့ခွင့်ပေးတော့ သူလည်း ဟေဗြုန်မြို့ကို ထွက်သွားတယ်။
၁၀ အဗရှလုံက အစ္စရေးအနွယ်အားလုံးဆီ သူလျှိုတွေ လွှတ်ပြီး “တံပိုးမှုတ်သံကြားတာနဲ့ ‘ဟေဗြုန်မြို့မှာ+ အဗရှလုံနန်းတက်ပြီ’ လို့ကြွေးကြော်ကြ” ဆိုပြီး မှာထားတယ်။
၁၁ အဗရှလုံ ဖိတ်ခေါ်တဲ့အတွက် ဂျေရုဆလင်မြို့ကနေ လိုက်လာတဲ့ လူပေါင်း ၂၀၀ ရှိတယ်။ သူတို့က အခြေအနေအမှန်ကို မသိဘဲ သဘောရိုးနဲ့ လိုက်လာကြတာ။
၁၂ ဒါ့အပြင် ပူဇော်သက္ကာတွေ ဆက်သတဲ့အခါ အဗရှလုံက ဒါဝိဒ်ရဲ့ အကြံပေးအရာရှိ၊+ ဂိလောမြို့သား+ အဟိသောဖေလကို+ အခေါ်လွှတ်လိုက်တယ်။ ဒီလျှို့ဝှက်ကြံစည်မှုဟာ ကြီးထွားလာပြီး အဗရှလုံကို ထောက်ခံသူတွေ များသည်ထက် များလာတယ်။+
၁၃ မကြာခင်မှာ ဒါဝိဒ်ဆီ လူတစ်ယောက် ရောက်လာပြီး “အစ္စရေးတွေ အဗရှလုံဘက် ပါကုန်ပြီ” လို့သတင်းပေးတယ်။
၁၄ ဒါဝိဒ်လည်း ချက်ချင်းပဲ ဂျေရုဆလင်မြို့မှာရှိတဲ့ မင်းမှုထမ်းအားလုံးကို “ကဲ၊ ထွက်ပြေးကြစို့။ အဗရှလုံလက်ကနေ လွတ်အောင် မြန်မြန် ပြေးကြစို့။+ မဟုတ်ရင် သူ အမီလိုက်လာပြီး ငါတို့ကို ဒုက္ခပေးမှာ၊ မြို့ကိုလည်း ချေမှုန်းပစ်မှာ”+ လို့အမိန့်ပေးတယ်။
၁၅ မင်းမှုထမ်းတွေက “မင်းကြီးဆုံးဖြတ်တဲ့အတိုင်း လုပ်ဖို့ အသင့်ပါပဲ”+ ဆိုပြီး ပြန်ပြောကြတယ်။
၁၆ ဒါနဲ့ ဒါဝိဒ်လည်း နန်းတွင်းသားအားလုံးကို ခေါ်ပြီး ထွက်သွားတယ်။ မောင်းမ ၁၀ ယောက်ကိုတော့ နန်းတော်ကို စောင့်ရှောက်ဖို့ ထားရစ်ခဲ့တယ်။+
၁၇ ဒါဝိဒ်တို့လူစုက ခရီးဆက်ပြီး ဗေသာမေရက်အရပ်မှာ ရပ်နားကြတယ်။
၁၈ လိုက်ပါလာတဲ့ မင်းမှုထမ်းတွေ၊ ခေရသိလူတွေ၊ ပေလသိလူတွေနဲ့+ ဂါသမြို့ကနေ+ လိုက်လာတဲ့ ဂါသမြို့သား+ ၆၀၀ ချိုင့်ဝှမ်းကို ဖြတ်ကူးတဲ့အခါ ဒါဝိဒ်မင်းက ကြည့်ရှုစစ်ဆေးတယ်။
၁၉ ဂါသမြို့သား အိတဲကို တွေ့တော့+ “ငါတို့နဲ့အတူ ဘာလို့ လိုက်လာတာလဲ။ နန်းတက်စ ဘုရင်ဆီမှာ ပြန်သွားနေပါ။ မင်းက နေရင်းပြည်နဲ့ ဝေးနေတဲ့ တိုင်းတစ်ပါးသားပဲ။
၂၀ မနေ့တစ်နေ့ကမှ ရောက်လာတဲ့ မင်းကို ဘယ်ကို ထွက်ပြေးရမှန်းမသိတဲ့ ငါတို့နဲ့အတူ လိုက်ခိုင်းရမှာလား။ ညီအစ်ကိုတွေကို ခေါ်ပြီး ပြန်လိုက်။ ယေဟောဝါဘုရားက မင်းကို ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာစောင့်သိမှု ပြပါစေ”+ ဆိုပြီးပြောတယ်။
၂၁ အိတဲက “အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး၊ အသက်ရှင်နေတဲ့ မင်းကြီးကို တိုင်တည်ပြီး ပြောပါ့မယ်။ ကျွန်တော် သေရမယ်ဆိုရင်တောင် မင်းကြီး သွားတဲ့နောက်ကိုပဲ လိုက်ပါ့မယ်”+ လို့ပြောတယ်။
၂၂ “ဒါဆိုရင်လည်း လိုက်ခဲ့ပေါ့” ဆိုပြီး ဒါဝိဒ်ခွင့်ပြုတဲ့အတွက် ဂါသမြို့သား အိတဲက+ သူ့လူတွေ၊ ကလေးတွေနဲ့အတူ ဖြတ်သွားတယ်။
၂၃ ပြည်သူပြည်သားတွေလည်း အကြီးအကျယ် ငိုကြွေးကြတယ်။ ဒါဝိဒ်မင်းက ကိဒြုန်ချိုင့်ဝှမ်းနားမှာ+ ရပ်နေတယ်။ သူ့လူတွေက ချိုင့်ဝှမ်းကို ဖြတ်ကူးပြီး တောကန္တာရကိုသွားတဲ့ လမ်းဘက် ထွက်သွားကြတယ်။
၂၄ ဇာဒုတ်နဲ့+ အဗျာသာက+ စစ်မှန်တဲ့ဘုရားသခင်ရဲ့ ပဋိညာဉ်သေတ္တာကို ထမ်းတဲ့+ လေဝိအမျိုးသားတွေနဲ့အတူ+ ရောက်နေတယ်။ သူတို့က ဒါဝိဒ်ရဲ့လူတွေ အကုန်လုံး မြို့ထဲကနေ ထွက်ပြီးချိန်အထိ သေတ္တာတော်ကို ချထားတယ်။
၂၅ ဒါဝိဒ်မင်းက ပုရောဟိတ်ဇာဒုတ်ကို ခေါ်ပြီး “ဘုရားသခင်ရဲ့ သေတ္တာတော်ကို မြို့ထဲ ပြန်သယ်သွားလိုက်။+ ကျွန်တော်ဟာ ယေဟောဝါရှေ့မှာ မျက်နှာသာရတယ်ဆိုရင် ဒီကိုပြန်လာပြီး သေတ္တာတော်ကိုရော သေတ္တာထားတဲ့ အိမ်တော်ကိုပါ မြင်ခွင့်ရမှာပါ။+
၂၆ တကယ်လို့ ဘုရားသခင်က ‘မင်းကို ငါမနှစ်သက်ဘူး’ ဆိုရင်လည်း အလိုတော်အတိုင်းသာ လုပ်ပါစေ” လို့မှာတယ်။
၂၇ ပြီးတော့ “ခင်ဗျားဟာ အကြားအမြင်ရသူပဲ။+ ခင်ဗျားရဲ့သား အဟိမတ်နဲ့ အဗျာသာရဲ့သား ယောနသန်ကိုခေါ်ပြီး+ မြို့ထဲ ပြန်ဝင်ပါ။ အဆင်ပြေကြပါစေ။
၂၈ ခင်ဗျားတို့ဆီက သတင်းမရမချင်း တောစပ်ရေတိမ်ပိုင်းတွေနားမှာ ကျွန်တော် စောင့်နေမယ်”+ လို့လည်း မှာတယ်။
၂၉ ဇာဒုတ်နဲ့ အဗျာသာလည်း ဘုရားသခင်ရဲ့ သေတ္တာတော်ကို ဂျေရုဆလင်မြို့ဆီ ပြန်သယ်လာပြီး အဲဒီမှာ ဆက်နေကြတယ်။
၃၀ ဒါဝိဒ်ကတော့ ခေါင်းမြီးခြုံပြီး ငိုကြွေးရင်း သံလွင်တောင်ပေါ်ကို+ ခြေဗလာနဲ့ တက်သွားတယ်။ သူ့လူတွေလည်း ခေါင်းမြီးခြုံပြီး ငိုကြွေးရင်း တက်သွားကြတယ်။
၃၁ “အဗရှလုံနဲ့+ ပူးပေါင်းသူတွေထဲမှာ အဟိသောဖေလလည်း ပါတယ်”+ ဆိုတဲ့သတင်းကို ဒါဝိဒ်ကြားတဲ့အခါ “ယေဟောဝါဘုရား၊ အဟိသောဖေလ ပေးတဲ့အကြံကို မိုက်မဲတဲ့အကြံ ဖြစ်စေပါ”+ ဆိုပြီး အသနားခံတယ်။+
၃၂ ဘုရားသခင်ကို လူတွေ ပျပ်ဝပ်ကိုးကွယ်လေ့ရှိတဲ့ တောင်ထိပ်ဆီ ဒါဝိဒ်ရောက်လာတဲ့အခါ အာခိလူမျိုး+ ဟုရှဲက+ ခေါင်းပေါ် မြေမှုန့်တွေတင်၊ ဝတ်လုံကို ဆွဲဆုတ်ပြီး လာကြိုတယ်။
၃၃ ဒါဝိဒ်က သူ့ကို “မင်း ငါနဲ့လိုက်ရင် ဘာမှကူညီပေးနိုင်မှာ မဟုတ်ဘူး။
၃၄ မြို့ကို ပြန်သွားပြီး အဗရှလုံကို ‘အရှင်မင်းကြီး၊ ကျွန်တော်ဟာ မင်းကြီးရဲ့အမှုထမ်းပါ။ အရင်တုန်းက မင်းကြီးရဲ့ ခမည်းတော်ဆီမှာလည်း အမှုထမ်းခဲ့ဖူးပါတယ်။ အခု၊ မင်းကြီးဆီမှာ အမှုထမ်းပါ့မယ်’+ လို့ ပြောမယ်ဆိုရင်တော့ အဟိသောဖေလရဲ့ အကြံကို ပျက်ပြားအောင် လုပ်နိုင်သလို ငါ့ကိုကူညီရာလည်း ရောက်မယ်။+
၃၅ ပုရောဟိတ်တွေဖြစ်တဲ့ ဇာဒုတ်နဲ့ အဗျာသာလည်း အဲဒီမှာ ရှိနေတယ်။ နန်းတော်မှာ ကြားသိရသမျှကို သူတို့ဆီ သတင်းပို့ပါ။+
၃၆ ဇာဒုတ်ရဲ့သား အဟိမတ်နဲ့+ အဗျာသာရဲ့သား ယောနသန်လည်း+ ရှိနေတယ်ဆိုတော့ မင်းကြားသိသမျှကို သူတို့ကတစ်ဆင့် ငါ့ဆီ အကြောင်းကြားပါ” လို့ပြောတယ်။
၃၇ ဒါကြောင့် ဒါဝိဒ်ရဲ့ မိတ်ဆွေရင်း*+ ဟုရှဲက မြို့ထဲဝင်သွားတယ်။ အဗရှလုံလည်း ဂျေရုဆလင်မြို့ထဲ ဝင်လာတယ်။