၂ ရှမွေလ ၁၇:၁-၂၉
၁၇ အဲဒီနောက် အဟိသောဖေလက အဗရှလုံကို “လူ ၁၂,၀၀၀ ကို ရွေးပြီး ဒီညပဲ ဒါဝိဒ်နောက်ကို လိုက်ပါရစေ။
၂ သူမောပန်းပြီး ခြေကုန်လက်ပန်းကျနေချိန်မှာ+ တိုက်ခိုက်မယ်၊ သူထိတ်လန့်သွားအောင် လုပ်မယ်။ သူ့လူတွေ ထွက်ပြေးသွားတဲ့အခါ သူ့ကိုပဲ ကျွန်တော်လုပ်ကြံမယ်။+
၃ ပြီးတော့ လူတွေကို အရှင့်ဆီ ပြန်ခေါ်လာမယ်။ အလိုရှိတဲ့သူကိုသာ ရလိုက်ပြီဆိုရင် ကျန်တဲ့လူတွေအားလုံး ပါလာမှာပါ။ ဒါဆိုရင် လူအားလုံး အေးအေးဆေးဆေး ဖြစ်သွားမယ်” လို့အကြံပေးတယ်။
၄ အဲဒီအကြံကို အဗရှလုံနဲ့ အစ္စရေးအကြီးအကဲတွေ သဘောကျတယ်။
၅ ဒါပေမဲ့ အဗရှလုံက “အာခိလူမျိုး ဟုရှဲကိုလည်း ခေါ်ပါဦး။+ သူပြောတာကို နားထောင်ကြည့်ရအောင်” လို့ပြောတယ်။
၆ ဟုရှဲ ရောက်လာတဲ့အခါ အဗရှလုံက “အဟိသောဖေလတော့ ဒီလိုအကြံပေးတယ်။ အဲဒီအတိုင်း လုပ်ရင်ကောင်းမလား။ ဒါမှမဟုတ် ဘာလုပ်ရင် ကောင်းမလဲ။ ပြောကြည့်ပါဦး” ဆိုတော့၊
၇ ဟုရှဲက “ဒီတစ်ခါတော့ အဟိသောဖေလ ပေးတဲ့အကြံဟာ မသင့်တော်ပါဘူး”+ လို့ပြောတယ်။
၈ ဟုရှဲက “ခမည်းတော်နဲ့ သူ့လူတွေဟာ သူရဲကောင်းတွေဖြစ်မှန်း အရှင်သိပါတယ်။+ သူတို့ဟာ သားငယ်ပျောက်သွားတဲ့ ဝံမလို ဒေါသူပုန်ထနေကြတယ်။+ ဒါ့အပြင် အရှင့်ခမည်းတော်ဟာ စစ်သူရဲဖြစ်တဲ့အတွက်+ လူတွေနဲ့အတူ ညအိပ်မှာမဟုတ်ဘူး။
၉ အခုလောက်ဆို ဂူထဲမှာ ဒါမှမဟုတ် တစ်နေရာရာမှာ ပုန်းနေလောက်ပြီ။+ သူ့ဘက်ကသာ စတိုက်ခဲ့ရင် ဒီသတင်းကို ကြားတဲ့သူတွေက ‘အဗရှလုံရဲ့လူတွေရှုံးနိမ့်သွားပြီ’ ဆိုပြီး ပြောကြမှာပဲ။
၁၀ ခြင်္သေ့လို ရဲရင့်တဲ့စိတ်ဓာတ်ရှိသူတွေတောင်+ ကြောက်ဒူးတုန်ပါလိမ့်မယ်။ အရှင့်ခမည်းတော်ဟာ သူရဲကောင်းဖြစ်မှန်း၊+ သူ့လူတွေလည်း ရဲစွမ်းသတ္တိရှိသူတွေဖြစ်မှန်း အစ္စရေးတစ်မျိုးလုံး သိထားတာပဲ။
၁၁ ဒါကြောင့် ကျွန်တော် အကြံပေးချင်တာက ဒန်မြို့ကနေ ဗေရရှေဘမြို့အထိ+ ပင်လယ်သဲပွင့်တွေလို များတဲ့ အစ္စရေးအားလုံးကို စုရုံးလိုက်ပါ။+ ပြီးရင် အရှင်ကိုယ်တိုင် ဦးဆောင်ပြီး စစ်ချီပါ။
၁၂ သူရှိနိုင်တဲ့နေရာကို ဝင်စီးပြီး မြေပေါ် နှင်းကျသလို သူ့ကို အလုံးအရင်းနဲ့ ချေမှုန်းပစ်မယ်။ သူရော သူ့လူတွေပါ တစ်ယောက်မှ မလွတ်စေရဘူး။
၁၃ မြို့တစ်မြို့ထဲ သူဆုတ်ခွာသွားရင်လည်း အစ္စရေးအားလုံးက ကြိုးတွေ သယ်လာပြီး တစ်မြို့လုံးကို ချိုင့်ဝှမ်းထဲ ဆွဲချပစ်မယ်။ ကျောက်စရစ်တစ်လုံးတောင် မကျန်စေရဘူး” ဆိုပြီး အကြံပေးတယ်။
၁၄ အဗရှလုံနဲ့ အစ္စရေးအမျိုးသားတွေက “အာခိလူ ဟုရှဲရဲ့အကြံဟာ အဟိသောဖေလရဲ့ အကြံထက် ပိုကောင်းတယ်”+ လို့ပြောကြတယ်။ တကယ်တော့ ယေဟောဝါက အဟိသောဖေလပေးတဲ့ အကြံဉာဏ်ကောင်းကို ပျက်ပြားစေမယ်ဆိုပြီး ဆုံးဖြတ်ထားလို့ပဲ။+ ဒါမှ အဗရှလုံအပေါ် ဘေးဆိုးကျရောက်အောင် ယေဟောဝါ လုပ်ဆောင်နိုင်မယ်။+
၁၅ ဟုရှဲက ပုရောဟိတ်တွေဖြစ်တဲ့ ဇာဒုတ်နဲ့ အဗျာသာကို+ “အဗရှလုံနဲ့ အစ္စရေးအကြီးအကဲတွေကို အဟိသောဖေလက ဒီလိုအကြံပေးတယ်။ ကျွန်တော်ကလည်း ဒီလိုအကြံပေးတယ်။
၁၆ အခု ဒါဝိဒ်ဆီ အမြန်သတင်းပို့ပါ။ ‘ဒီည တောစပ်ရေတိမ်ပိုင်းတွေမှာ* မနေပါနဲ့။ မြစ်တစ်ဖက်ကို ချက်ချင်း ကူးသွားပါ။ မကူးရင်တော့ မင်းကြီးတို့လူတစ်စုလုံး ရှင်းပစ်ခံရလိမ့်မယ်’+ လို့လည်း သတိပေးလိုက်ပါ” ဆိုပြီးမှာတယ်။
၁၇ ယောနသန်နဲ့+ အဟိမတ်က+ လူမြင်မှာစိုးလို့ မြို့ထဲမဝင်ရဲဘဲ အင်ရောဂေလစမ်းရေတွင်းနားမှာ+ စောင့်နေတုန်း အစေခံမလေးတစ်ယောက် သတင်းလာပေးတယ်။ သူတို့လည်း ဒါဝိဒ်မင်းကို ပြန်ပြောပြဖို့ ထွက်သွားကြတယ်။
၁၈ ဒါပေမဲ့ လူငယ်တစ်ယောက်က တွေ့သွားပြီး အဗရှလုံကို သတင်းပေးတယ်။ သူတို့နှစ်ယောက်လည်း အမြန်ထွက်ပြေးပြီး ဗာဟုရိမ်ရွာက+ လူတစ်ယောက်အိမ်ကို ဝင်သွားတယ်။ အဲဒီလူရဲ့ခြံဝင်းမှာရှိတဲ့ ရေတွင်းထဲ ဆင်းပုန်းနေကြတယ်။
၁၉ အိမ်ရှင်မက ရေတွင်းကို ဖုံးအုပ်ပြီး အဲဒီပေါ်မှာ ကောက်နှံစေ့တွေ လှန်းထားတဲ့အတွက် ဘယ်သူမှ သတိမထားမိလိုက်ဘူး။
၂၀ အဗရှလုံရဲ့ အမှုထမ်းတွေက အဲဒီအိမ်ကို ရောက်လာပြီး “အဟိမတ်နဲ့ ယောနသန် ဘယ်မှာလဲ” လို့မေးတော့ အိမ်ရှင်မက “မြစ်ဘက်ကို ထွက်သွားကြပြီ”+ လို့ပြောတယ်။ သူတို့က ဆက်ရှာပေမဲ့ မတွေ့တဲ့အတွက် ဂျေရုဆလင်မြို့ကို ပြန်သွားကြတယ်။
၂၁ အဲဒီလူတွေ ထွက်သွားပြီးနောက် ယောနသန်နဲ့ အဟိမတ်က ရေတွင်းထဲကနေ တက်လာပြီး ဒါဝိဒ်မင်းဆီ သွားကြတယ်။ ပြီးတော့ “အခုပဲ မြစ်တစ်ဖက်ကမ်းကို ကူးသွားပါ။ မင်းကြီးကို တိုက်ဖို့ မကောင်းတဲ့အကြံကို အဟိသောဖေလ ပေးနေပါတယ်”+ ဆိုပြီး အကြောင်းစုံ ပြောပြတယ်။
၂၂ ဒါဝိဒ်နဲ့ သူ့လူတွေလည်း ချက်ချင်းပဲ ဂျော်ဒန်မြစ်ကို ဖြတ်ကူးကြတယ်။ မိုးလင်းတော့ တစ်ယောက်မကျန် တစ်ဖက်ကမ်းကို ရောက်နေကြပြီ။
၂၃ အဟိသောဖေလက သူ့အကြံအတိုင်း မလုပ်မှန်းလည်းသိရော မြည်းပေါ်ကုန်းနှီးတင်ပြီး နေရင်းမြို့ကအိမ်ကို ပြန်တယ်။+ အိမ်သားတွေကို မှာစရာရှိတာ မှာပြီးနောက်+ ကြိုးဆွဲချသေသွားတယ်။+ အလောင်းကို ဘိုးဘေးတို့သင်္ချိုင်းမှာ သင်္ဂြိုဟ်ကြတယ်။
၂၄ အဲဒီအချိန်မှာ ဒါဝိဒ်က မဟာနိမ်မြို့ကို သွားတယ်။+ အဗရှလုံလည်း အစ္စရေးအမျိုးသားတွေနဲ့အတူ ဂျော်ဒန်မြစ်ကို ဖြတ်ကူးလာတယ်။
၂၅ အဗရှလုံက ယွာဘနေရာမှာ+ အာမသကို+ ဗိုလ်ချုပ်ခန့်လိုက်တယ်။ အာမသရဲ့ဖခင်က အစ္စရေးလူ ယေသာ၊ မိခင်ကတော့ နေဟက်ရဲ့သမီး အဘိဂဲလလို့+ ခေါ်တယ်။ အဘိဂဲလဆိုတာ ယွာဘအမေ ဇေရုယာရဲ့ညီမပဲ။
၂၆ အဗရှလုံနဲ့ အစ္စရေးတွေက ဂိလဒ်ပြည်မှာ+ တပ်ချထားတယ်။
၂၇ မဟာနိမ်မြို့ကို ဒါဝိဒ် ရောက်လာတဲ့အခါ အမ္မုန်လူတွေရဲ့ ရဗာမြို့မှာနေတဲ့+ နေဟက်ရဲ့သား ရှောဘိ၊ လောဒေဗာမြို့မှာနေတဲ့ အမျေလရဲ့သား မာခိရ၊+ ရောဂေလိမ်မြို့မှာနေတဲ့ ဂိလဒ်ပြည်သား ဗာဇိလဲတို့က၊+
၂၈ အိပ်ရာတွေ၊ ဇလုံတွေ၊ မြေအိုးတွေ၊ ဂျုံ၊ မုယောစပါး၊ ဂျုံမှုန့်၊ ကောက်နှံလှော်၊ ပဲကြီး၊ ပဲနီလေး၊ ကောက်နှံစေ့အခြောက်တွေ ယူလာတယ်။
၂၉ ပျားရည်၊ ထောပတ်၊ သိုး၊ ဒိန်ခဲတွေကိုလည်း ယူလာတယ်။ ဒါဝိဒ်နဲ့ သူ့လူတွေ “တောထဲမှာ မောပန်းပြီး ဆာငတ်နေကြမှာပဲ” ဆိုတာကို သိလို့ ယူလာပေးကြတာ။+
အောက်ခြေမှတ်ချက်များ
^ “သဲကန္တာရလွင်ပြင်မှာ” လည်းဖြစ်နိုင်။