၂ ရှမွေလ ၃:၁-၃၉
၃ ရှောလုရဲ့အမျိုးနဲ့ ဒါဝိဒ်ရဲ့အမျိုးဟာ အကြာကြီး စစ်ဖြစ်တယ်။ ဒါဝိဒ်က အင်အားကြီးလာပြီး+ ရှောလုအမျိုးကတော့ တဖြည်းဖြည်း အင်အားဆုတ်ယုတ်လာတယ်။+
၂ ဟေဗြုန်မြို့မှာ နန်းစံချိန်အတွင်း ဒါဝိဒ်ရတဲ့သားတွေကတော့+ သားဦးအာမနုန်၊+ သူ့မိခင်က ယေဇရေလမြို့သူ အဟိနောင်။+
၃ ဒုတိယသားက ခိလပ်၊ သူ့မိခင်က ကရမေလမြို့သား နာဗလရဲ့ဇနီးဖြစ်ဖူးတဲ့ အဘိဂဲလ။+ တတိယသားက အဗရှလုံ၊+ သူ့မိခင်က ဂေရှုရိဘုရင် တာလမဲရဲ့+ သမီး မာခါ။
၄ စတုတ္ထသားက အဒေါနိယ၊+ သူ့မိခင်က ဟဂိတ်။ ပဉ္စမသားက ရှေဖတိ၊ သူ့မိခင်က အဘိတလ။
၅ ဆဋ္ဌမသားက အိသရံ၊ သူ့မိခင်က ဧဂလာ။ သူတို့ဟာ ဟေဗြုန်မြို့မှာ ဒါဝိဒ်ရတဲ့သားတွေ ဖြစ်တယ်။
၆ ရှောလုရဲ့အမျိုးနဲ့ ဒါဝိဒ်ရဲ့အမျိုး စစ်ဖြစ်နေချိန်မှာ အာဗနာက+ ရှောလုအမျိုးမှာ သူ့သြဇာအာဏာ ပိုကြီးမားလာအောင် ကြိုးစားနေတယ်။
၇ ရှောလုမှာ အာယရဲ့သမီး ရိဇပဆိုတဲ့ မောင်းမတစ်ယောက်ရှိခဲ့တယ်။+ နောက်ပိုင်းမှာ အိရှဗောရှက်က+ “ခမည်းတော်ရဲ့မောင်းမကို ဘာလို့ သိမ်းပိုက်ရတာလဲ”+ ဆိုပြီး အာဗနာကို အပြစ်တင်တယ်။
၈ အိရှဗောရှက်ရဲ့စကားကြောင့် အာဗနာ ဒေါသပေါက်ကွဲပြီး “ငါ့ကို ယုဒပြည်က ခွေးလေခွေးလွင့်များ မှတ်နေလား။ ငါဟာ မင်းခမည်းတော် ရှောလုရဲ့အမျိုးနဲ့ သူ့ညီအစ်ကိုတွေ၊ မိတ်ဆွေတွေကို အခုချိန်ထိ ခိုင်မြဲတဲ့မေတ္တာပြခဲ့သူပါ။ မင်းကိုလည်း ဒါဝိဒ်ရဲ့လက်ထဲ ငါမအပ်ခဲ့ဘူး။ ဒါတောင်မှ မင်းက မိန်းမတစ်ယောက်အတွက်နဲ့ ငါ့ကို ဒီနေ့ အပြစ်တင်ရသလား။
၉ ယေဟောဝါဘုရား ကျိန်ဆိုထားတဲ့အတိုင်း ဒါဝိဒ်အတွက် ငါမလုပ်ပေးဘူးဆိုရင် ဘုရားသခင်က အာဗနာကို ပြစ်ဒဏ်တစ်ခုပြီးတစ်ခု ပေးပါစေ။+
၁၀ နိုင်ငံကို ရှောလုရဲ့အမျိုးဆီကနေ လွှဲပြောင်းပြီး ဒါဝိဒ်ရဲ့ရာဇပလ္လင်ကို ဒန်မြို့ကနေ ဗေရရှေဘမြို့အထိ အစ္စရေးအမျိုးနဲ့ ယုဒအမျိုးမှာ တည်စေမယ်လို့ ဘုရားကျိန်ဆိုထားတယ်”+ လို့ပြောတယ်။
၁၁ အိရှဗောရှက်လည်း အာဗနာကို ကြောက်လို့ တစ်ခွန်းမှ ပြန်မပြောရဲဘူး။+
၁၂ အာဗနာက ချက်ချင်းပဲ ဒါဝိဒ်ဆီ တမန်တွေလွှတ်ပြီး “ဒီနိုင်ငံကို ဘယ်သူပိုင်သလဲ။ ကျွန်တော်နဲ့ ကတိသစ္စာပြုပါ။ အစ္စရေးတစ်မျိုးလုံး မင်းကြီးဘက်ပါလာအောင် ကျွန်တော်တတ်နိုင်သလောက် ကူညီပေးပါ့မယ်”+ လို့ပြောတော့၊
၁၃ ဒါဝိဒ်က “ကောင်းပြီ။ ကတိသစ္စာပြုကြတာပေါ့။ တစ်ခုတောင်းဆိုချင်တာကတော့ မင်းလာတဲ့အခါ ရှောလုရဲ့သမီး မိခါလကို+ ခေါ်ခဲ့ပါ။ သူပါမလာရင် ငါ့မျက်နှာကို တွေ့ရမှာ မဟုတ်ဘူး” ဆိုပြီးပြန်ပြောတယ်။
၁၄ ဒါဝိဒ်က ရှောလုရဲ့သား အိရှဗောရှက်ဆီကိုလည်း+ တမန်တွေလွှတ်ပြီး “ဖိလိတိလူတွေရဲ့အရေဖျား ၁၀၀ ပေးပြီး ထိမ်းမြားခဲ့တဲ့ ငါ့ဇနီးမိခါလကို ပြန်အပ်ပါ”+ လို့မှာလိုက်တယ်။
၁၅ ဒါကြောင့် အိရှဗောရှက်က လူလွှတ်ပြီး မိခါလကို သူ့ယောက်ျား၊ လဲရှရဲ့သား ပါလတေလဆီကနေ+ ခေါ်လာတယ်။
၁၆ ဒါပေမဲ့ သူ့ယောက်ျားက မိခါလနောက်ကနေ ငိုကြွေးရင်း ဗာဟုရိမ်ရွာအထိ+ တကောက်ကောက် လိုက်လာတယ်။ အာဗနာက “ပြန်တော့” လို့ပြောမှပဲ သူပြန်သွားတော့တယ်။
၁၇ အာဗနာက အစ္စရေးအကြီးအကဲတွေဆီ လူလွှတ်ပြီး “ဒါဝိဒ်ကို အရင်ကတည်းက ခင်ဗျားတို့ မင်းမြှောက်ချင်တယ် မဟုတ်လား။
၁၈ အခု မင်းမြှောက်လိုက်ကြလေ။ ယေဟောဝါဘုရားက ‘ငါ့ကျွန်ဒါဝိဒ်ကိုသုံးပြီး+ ငါ့လူမျိုးအစ္စရေးကို ဖိလိတိလူတွေနဲ့ ရန်သူတွေလက်ထဲကနေ ငါကယ်တင်မယ်’ ဆိုပြီး ဒါဝိဒ်ကို ပြောပြီးသားပဲ” လို့ မှာလိုက်တယ်။
၁၉ အာဗနာက ဗင်ယာမိန်အမျိုးသားတွေနဲ့လည်း ပြောဆိုဆွေးနွေးတယ်။+ ပြီးတော့ ဒီကိစ္စကို အစ္စရေးတွေနဲ့ ဗင်ယာမိန်တစ်မျိုးသားလုံး သဘောတူတဲ့အကြောင်း ဒါဝိဒ်ကို ကိုယ်တိုင်ပြောပြဖို့ ဟေဗြုန်မြို့ကို သွားတယ်။
၂၀ အာဗနာက သူ့လူ ၂၀ နဲ့အတူ ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့ကို ရောက်လာတဲ့အခါ ဒါဝိဒ်က စားသောက်ပွဲ လုပ်ပေးတယ်။
၂၁ အဲဒီနောက် အာဗနာက “အစ္စရေးအားလုံး မင်းကြီးဆီမှာ သစ္စာခံလာအောင် သူတို့ဆီ သွားပြီး စည်းရုံးခွင့်ပြုပါ။ ဒါမှ မင်းကြီးအလိုရှိတဲ့အတိုင်း အစ္စရေးတစ်မျိုးလုံးကို အုပ်ချုပ်နိုင်ပါလိမ့်မယ်” လို့ဒါဝိဒ်ကို လျှောက်တင်တယ်။ ဒါဝိဒ် ပြန်လွှတ်လိုက်တဲ့အတွက် အာဗနာလည်း အေးအေးဆေးဆေး ပြန်သွားတယ်။
၂၂ အဲဒီအချိန်မှာပဲ ယွာဘနဲ့ ဒါဝိဒ်ရဲ့မင်းမှုထမ်းတွေက စစ်တိုက်ရာကနေ ပြန်လာတယ်။ တိုက်ရာပါဥစ္စာတွေလည်း အများကြီးယူလာတယ်။ အာဗနာကတော့ ဟေဗြုန်မြို့မှာ မရှိတော့ဘူး။ ဒါဝိဒ်ပြန်လွှတ်လိုက်တဲ့အတွက် အေးအေးဆေးဆေး ပြန်သွားပြီ။
၂၃ ယွာဘနဲ့+ သူ့တပ်ဖွဲ့ ရောက်လာတဲ့အခါ “နေရရဲ့သား+ အာဗနာက+ မင်းကြီးဆီ ရောက်လာသေးတယ်။ မင်းကြီးပြန်လွှတ်လိုက်တဲ့အတွက် အေးအေးဆေးဆေး ပြန်သွားပြီ” ဆိုတဲ့သတင်းကို ယွာဘကြားတော့၊
၂၄ ဒါဝိဒ်ဆီ ဝင်ပြီး “မင်းကြီး ဘယ်လိုလုပ်လိုက်တာလဲ။ မင်းကြီးဆီကို အာဗနာ လာသွားသေးတယ်ဆို။ သူ့ကို ဘာဖြစ်လို့ ဒီအတိုင်း ပြန်လွှတ်လိုက်တာလဲ။
၂၅ နေရရဲ့သား အာဗနာအကြောင်း မင်းကြီးသိရဲ့သားနဲ့ဗျာ။ မင်းကြီးကို လှည့်စားဖို့၊ မင်းကြီးရဲ့ခြေလှမ်းတွေကို သိရဖို့၊ မင်းကြီးဘာတွေလုပ်နေတယ်ဆိုတာ စုံစမ်းဖို့ သူလာတာ” လို့ပြောတယ်။
၂၆ အဲဒီနောက် ယွာဘက ဒါဝိဒ်ဆီကနေ ထွက်သွားတယ်။ တမန်တွေလွှတ်ပြီး အာဗနာကို သိရရေလှောင်ကန်ကနေ ပြန်ခေါ်လာခိုင်းတယ်။ ဒီအကြောင်းကို ဒါဝိဒ် မသိလိုက်ဘူး။
၂၇ ဟေဗြုန်မြို့ကို+ အာဗနာ ပြန်ရောက်လာတဲ့အခါ ယွာဘက နှစ်ကိုယ်ကြား စကားပြောချင်တယ်ဆိုပြီး မြို့တံခါးအတွင်းဘက်ကို ခေါ်သွားတယ်။ အဲဒီမှာ အာဗနာရဲ့ဗိုက်ကို ဓားနဲ့ ထိုးသတ်လိုက်တယ်။+ ညီအာသဟေလကို သတ်ခဲ့လို့ ပြန်လက်စားချေလိုက်တာပဲ။+
၂၈ အဲဒီသတင်းကို နောက်ပိုင်း ဒါဝိဒ်ကြားတဲ့အခါ “ငါနဲ့ ငါ့နိုင်ငံဟာ နေရရဲ့သား အာဗနာကိုသတ်တဲ့ အပြစ်ကနေ လုံးဝကင်းလွတ်တယ်ဆိုတာ ယေဟောဝါဘုရား သိတယ်။+
၂၉ ယွာဘရဲ့လုပ်ရပ်ကြောင့် ကိုယ်တိုင်ရော+ သူ့အဖေရဲ့အိမ်သားအားလုံးပါ ပြစ်ဒဏ်ခံရပါစေ။ ယွာဘရဲ့အမျိုးမှာ အရိအရွဲထွက်တဲ့ ယောက်ျား၊+ အနာကြီးရောဂါသည်၊+ ချည်ငင်တဲ့ယောက်ျား၊* ဓားဘေးနဲ့ကျဆုံးသူ၊ ငတ်ပြတ်သူ အမြဲရှိပါစေ”+ လို့ပြောတယ်။
၃၀ ယွာဘနဲ့ အစ်ကိုအဘိရှဲကတော့+ ဂိဗောင်တိုက်ပွဲမှာ ညီအာသဟေလကို အာဗနာသတ်ခဲ့တဲ့အတွက်+ အာဗနာကို+ ပြန်သတ်လိုက်တယ်။
၃၁ ဒါဝိဒ်က “အဝတ်တွေကို ဆွဲဆုတ်ကြ၊ အထည်ကြမ်း* ပတ်ပြီး အာဗနာအတွက် ငိုကြွေးမြည်တမ်းကြ” ဆိုပြီး ယွာဘနဲ့ လူအားလုံးကို အမိန့်ပေးတယ်။ သူကိုယ်တိုင်လည်း အလောင်းစင်နောက်ကနေ လိုက်သွားတယ်။
၃၂ အာဗနာကို ဟေဗြုန်မြို့မှာ သင်္ဂြိုဟ်လိုက်တယ်။ ဒါဝိဒ်မင်းက အာဗနာရဲ့သင်္ချိုင်းဂူမှာ အကျယ်ကြီး ငိုတော့တယ်။ လူတွေလည်း လိုက်ငိုကြတယ်။
၃၃ ဒါဝိဒ်မင်းက အာဗနာအတွက် ငိုချင်းတစ်ပုဒ် စပ်တယ်–
“အာဗနာဟာ အသိတရားမရှိသူလို သေဆုံးရပါလား။
၃၄ လက်ကို မချည်၊
ခြေကျဉ်း မခတ်ဘဲတရားမဲ့သူတွေရှေ့မှာ ကျဆုံးရပြီကော။”+
ဒါနဲ့ လူတွေလည်း လိုက်ငိုကြ ပြန်တယ်။
၃၅ အဲဒီနောက် လူတွေက မိုးမချုပ်ခင်စားဖို့ ဒါဝိဒ်ဆီ အစားအစာ ယူလာပေးပေမဲ့ ဒါဝိဒ်က “နေမဝင်ခင် ငါ တစ်ခုခုစားခဲ့ရင် ငါ့ကို ဘုရားသခင် ပြစ်ဒဏ်တစ်ခုပြီးတစ်ခု ပေးပါစေ”+ လို့ကျိန်ဆိုတယ်။
၃၆ ဒါကို လူတွေသိတဲ့အခါ သဘောကျကြတယ်။ ဒါဝိဒ် ဘာပဲလုပ်လုပ် လူတွေ နှစ်သက်ကြတယ်။
၃၇ နေရရဲ့သား အာဗနာ အသတ်ခံရတဲ့အမှုအတွက် ဒါဝိဒ်မှာ တာဝန်မရှိမှန်း အဲဒီနေ့မှာ မင်းမှုထမ်းတွေရော အစ္စရေးတွေပါ သိသွားကြတယ်။+
၃၈ အဲဒီနောက် ဘုရင်ဒါဝိဒ်က မင်းမှုထမ်းတွေကို “ဒီနေ့ဟာ အစ္စရေးပြည်မှာ ခေါင်းဆောင်ကြီးတစ်ယောက် ကျဆုံးတဲ့နေ့ပဲ။+
၃၉ ငါဟာ ဘိသိက်ခံမင်းဖြစ်ပေမဲ့ အခု အားနည်းနေတယ်။+ ဇေရုယာရဲ့သားတွေ+ ရက်စက်လိုက်ကြတာ။+ ယေဟောဝါဘုရားက မကောင်းမှုလုပ်သူကို သူလုပ်ခဲ့တဲ့အတိုင်း ပြန်ဆပ်ပေးပါစေ”+ လို့ပြောတယ်။
အောက်ခြေမှတ်ချက်များ
^ မသန်စွမ်းလို့ ယောက်ျားတန်မဲ့ မိန်းမအလုပ်လုပ်ရသူကို ရည်ညွှန်းတာဖြစ်နိုင်။