၂ သက်သာလောနိတ် ၃:၁-၁၈

  • ဆက်ပြီး ဆုတောင်းပါ (၁-၅)

  • စည်းစနစ်မဲ့တဲ့ အပြုအမူတွေကို ရှောင်ဖို့ သတိပေး (၆-၁၅)

  • နောက်ဆုံး နှုတ်ဆက်စကား (၁၆-၁၈)

 ညီအစ်ကိုတို့၊ နောက်ဆုံး မှာချင်တာက ယေဟောဝါရဲ့* တရားစကား  အလျင်အမြန်  ပျံ့နှံ့သွားအောင်၊+ ခင်ဗျားတို့လိုပဲ တခြားလူတွေလည်း တရားစကားကို လေးစားလက်ခံလာအောင် ဆက်ဆုတောင်းပေးကြပါ။+ ၂  ဆိုးညစ်ယုတ်မာသူတွေရဲ့ လက်ကနေ ကျွန်တော်တို့ကို  ဘုရားသခင်  ကယ်တင်ပေးဖို့လည်း+ ဆုတောင်းပေးကြပါ။ ဘာလို့လဲဆိုတော့ လူတိုင်း  ယုံကြည်ခြင်းရှိတာ  မဟုတ်ဘူး။+ ၃  သခင်ကတော့ သစ္စာရှိတယ်။ ခင်ဗျားတို့ကို ခိုင်ခံ့မြဲမြံစေပြီး  ဆိုးညစ်သူရဲ့ ရန်ကနေ   ကာကွယ်ပေးလိမ့်မယ်။ ၄  ဒါ့အပြင် ခင်ဗျားတို့က ကျွန်တော်တို့ ညွှန်ကြားတဲ့အတိုင်း လိုက်နာနေပြီး ဆက်လိုက်နာသွားမယ်ဆိုတာကို သခင့်နောက်လိုက်တွေအနေနဲ့ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။ ၅  ဘုရားသခင်ကို ချစ်ပြီး+ ခရစ်တော်အတွက် ခံနိုင်ရည်ရှိလာအောင်+ ခင်ဗျားတို့ရဲ့ စိတ်နှလုံးကို သခင် အမြဲလမ်းညွှန်ပေးပါစေ။ ၆  ညီအစ်ကိုတို့၊ သခင်ယေရှုခရစ်ရဲ့  နာမည်ကို  အမှီပြုပြီး  မှာချင်တယ်။  ကျွန်တော်တို့ ပေးတဲ့  ညွှန်ကြားချက်တွေနဲ့အညီ မနေထိုင်ဘဲ+ စည်းစနစ်မဲ့စွာ ကျင့်ကြံပြုမူတဲ့ ညီအစ်ကိုတွေကို+  ရှောင်ကြပါ။ ၇  ကျွန်တော်တို့ကို ဘယ်လို အတုယူရမယ်ဆိုတာ+ ခင်ဗျားတို့ သိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ခင်ဗျားတို့နဲ့အတူ ရှိနေတုန်းမှာ စည်းစနစ်မဲ့စွာ  ကျင့်ကြံပြုမူတာမျိုး  မလုပ်ခဲ့ဘူး။ ၈  အစားအသောက်ကို အဖိုးအခ မပေးဘဲ စားတာမျိုးလည်း မလုပ်ခဲ့ဘူး။+ ဘယ်သူ့ကိုမှ ဝန်မပိစေချင်လို့ ကျွန်တော်တို့ နေ့ရောညပါ ပင်ပင်ပန်းပန်း  အလုပ်ကြိုးစားခဲ့ကြတယ်။+ ၉  ကျွန်တော်တို့မှာ ရယူပိုင်ခွင့် မရှိလို့တော့ မဟုတ်ပါဘူး၊+ ခင်ဗျားတို့ အတုယူဖို့ စံနမူနာကောင်း ပြချင်လို့ပါ။+ ၁၀  ခင်ဗျားတို့နဲ့အတူ ရှိတုန်းက “အလုပ် မလုပ်ချင်တဲ့သူ အစာမစားစေနဲ့” ဆိုပြီး ကျွန်တော်တို့ သွန်သင်ပေးခဲ့တာပဲ။+ ၁၁  ခင်ဗျားတို့ထဲက တချို့ဟာ စည်းစနစ်မဲ့စွာ ကျင့်ကြံပြုမူတဲ့အပြင်+ ဘာအလုပ်မှ မလုပ်ဘဲ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်စွက်နေတဲ့အကြောင်း+ ကျွန်တော်တို့  ကြားနေရလို့ပါ။ ၁၂  အဲဒီလိုလူတွေကို အေးအေးဆေးဆေး အလုပ်လုပ်ပြီး ကိုယ့်ဝမ်းစာ ကိုယ်ရှာစားကြပါလို့+ သခင်ယေရှုခရစ်ရဲ့ နာမည်ကို အမှီပြုပြီး တိုက်တွန်းရုံမက အမိန့်ပေးလိုက်ပါတယ်။ ၁၃  ညီအစ်ကိုတို့၊ မှန်ရာကိုလုပ်တဲ့အခါ လက်မလျှော့ကြပါနဲ့။ ၁၄  ဒီစာမှာပါတဲ့  ညွှန်ကြားချက်တွေကို မလိုက်နာတဲ့သူရှိရင်  သူ့ကို  မှတ်ထားပြီး အပေါင်းအသင်း မလုပ်ကြနဲ့တော့။+ အဲဒီအခါ သူ ရှက်စိတ်ဝင်သွားလိမ့်မယ်။ ၁၅  ဒါပေမဲ့ သူ့ကို ရန်သူလို သဘောမထားပါနဲ့။ ညီအစ်ကိုတစ်ယောက်လို သဘောထားပြီး ဆက်သတိပေးဆုံးမကြပါ။+ ၁၆  ငြိမ်သက်ခြင်းရဲ့ သခင်က ခင်ဗျားတို့ကို နည်းအမျိုးမျိုးနဲ့ ငြိမ်သက်ခြင်း အမြဲပေးသနားပါစေ။+ ခင်ဗျားတို့အားလုံးနဲ့အတူ သခင် ရှိနေပါစေ။ ၁၇  ဒီနှုတ်ဆက်စကားကို  ကျွန်တော်  ပေါလုကိုယ်တိုင်  ရေးလိုက်တာပါ။+  ဒီလက်ရေးကိုကြည့်ရင် ကျွန်တော့်စာတွေမှန်း သိနိုင်ပါတယ်။ ၁၈  သခင်ယေရှုခရစ်ရဲ့ မဟာကရုဏာကို ခင်ဗျားတို့အားလုံး ခံစားရပါစေ။

အောက်ခြေမှတ်ချက်များ