ခရစ်ယာန်အသက်တာလမ်းစဉ်
ညီအစ်ကိုဆီသွားပြီး သူနဲ့ပြေလည်အောင် အရင်လုပ်ပါ—ဘယ်လိုနည်းနဲ့လဲ
ယေရှုအချိန်တုန်းက ဂါလိလဲမှာ သင် အသက်ရှင်နေတယ် ဆိုပါစို့။ တဲနေပွဲကျင်းပဖို့ ဂျေရုဆလင်မြို့ကို သွားတော့ ဒေသအသီးသီးကလာတဲ့ ဝတ်ပြုကိုးကွယ်သူတွေနဲ့ အဲဒီမှာပြည့်နေတယ်။ သင်က ယေဟောဝါဆီ ပူဇော်ရာဆက်သချင်လို့ ဆိတ်တစ်ကောင်ဆွဲပြီး လူပြည့်ကျပ်နေတဲ့ လမ်းအတိုင်း ဗိမာန်တော်ကို သွားတယ်။ ဗိမာန်တော်ကိုရောက်တော့ ပူဇော်သကာ ဆက်သဖို့လာတဲ့လူတွေ ပြည့်နေပြန်ရော။ နောက်ဆုံး ဆိတ်ကို ပုရောဟိတ်ဆီ ပေးဖို့ သင့်အလှည့်ရောက်လာတယ်။ အဲဒီအချိန်မှာပဲ ဒီမြို့ထဲမှာ ရောက်နေနိုင်တဲ့၊ သင့်ကို မကျေမနပ်ဖြစ်နေတဲ့ ညီအစ်ကိုကို သတိရလိုက်တယ်။ သင် ဘာလုပ်သင့်တယ်ဆိုတာ ယေရှု ရှင်းပြတယ်။ (မဿဲ ၅:၂၄ ကိုဖတ်ပါ။) ယေရှုသွန်သင်တဲ့အတိုင်း သင်နဲ့ သင့်ညီအစ်ကို ပြေလည်အောင် ဘယ်လို လုပ်မလဲ။ အောက်ပါစာရင်းတွေထဲက အဖြေမှန်ကို မှတ်သားပါ။
သင် လုပ်သင့်ရာ
-
ညီအစ်ကို မကျေမနပ်ဖြစ်နေရတဲ့ အကြောင်းရင်း ခိုင်လုံတယ် ဆိုမှပဲ သူနဲ့ သွားစကားပြောမယ်။
-
ညီအစ်ကိုက အကဲဆတ်လွန်းတယ်၊ ပြဿနာဖြစ်တာ သူ့ကြောင့်လည်းပါတယ်ဆိုတာ ပြောဖို့ သွားစကားပြောမယ်။
-
အသေအချာ နားမလည်ရင်တောင် ညီအစ်ကို ပြောတာကို စိတ်ရှည်ရှည် နားထောင်ပြီး သူခံစားသွားရတာကို ဝမ်းနည်းကြောင်း ဒါမှမဟုတ် မရည်ရွယ်ဘဲ လုပ်မိတာပါဆိုပြီး တောင်းပန်မယ်။
သင့်ညီအစ်ကို လုပ်သင့်ရာ
-
တစ်ဖက်သားရဲ့ အမှားကို အသင်းတော်မှာရှိတဲ့ တခြားသူတွေကို လိုက်ပြောပြမယ်။
-
သင့်ကို ဒေါသနဲ့ပြောမယ်၊ အမှားတွေကို အသေးစိတ်ထောက်ပြပြီး ဝန်ခံခိုင်းမယ်။
-
သူ့ဆီလာပြောဖို့ နှိမ့်ချမှုနဲ့ သတ္တိရှိဖို့လိုတယ် ဆိုတာ အသိအမှတ်ပြုပြီး လုံးလုံး ခွင့်လွှတ်လိုက်မယ်။
ယနေ့၊ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုမှာ တိရစ္ဆာန်ပူဇော်ဖို့ မလိုတော့ဘူး။ ဒါပေမဲ့ ယေရှုသွန်သင်ချက်ထဲမှာ ညီအစ်ကိုချင်း ပြေလည်အောင်လုပ်တာနဲ့ ဘုရားနှစ်သက်တဲ့ဝတ်ပြုမှု ဘယ်လို ဆက်စပ်နေသလဲ။