မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ဘုရားနဲ့ လူလူချင်းကို ချစ်တဲ့မေတ္တာ ပျိုးထောင်နိုင်ပုံ

ဘုရားနဲ့ လူလူချင်းကို ချစ်တဲ့မေတ္တာ ပျိုးထောင်နိုင်ပုံ

မောရှေ​ပညတ်​ကို ခရစ်ယာန်​တွေ လိုက်နာ​ဖို့ မလို​တော့ပေမဲ့ ဘုရား​သခင်​နဲ့ လူ​လူ​ချင်း​ကို ချစ်​ပါ​ဆိုတဲ့ အရေးကြီးဆုံး ပညတ်​နှစ်ခု​ဟာ ကျွန်တော်တို့​ဆီက ယေဟောဝါ တောင်းဆို​တာကို အကျဉ်းချုပ် ဖော်ပြတယ်။ (မ ၂၂:၃၇-၃၉) ဒီ​မေတ္တာ​မျိုး​က အလိုအလျောက် ဖြစ်ပေါ်​လာ​တာ မဟုတ်ဘူး။ ပျိုးထောင်​ရမယ့်​အရာ ဖြစ်တယ်။ ဘယ်လိုနည်းနဲ့​လဲ။ အရေးပါတဲ့ နည်းတစ်နည်း​က နေ့စဉ် ကျမ်းစာ​ ဖတ်ရှုခြင်း​ပါပဲ။ ကျမ်းစာမှာ​ပါတဲ့ ဘုရားရဲ့ အရည်အသွေး အမျိုးမျိုးကို စဉ်းစား​ဆင်ခြင်​တဲ့အခါ “ယေဟောဝါရဲ့ ကောင်းမြတ်ခြင်း” ကို မြင်တွေ့​ရ​တယ်။ (ဆ ၂၇:၄) ရလဒ်​အ​နေတဲ့ ဘုရား​ကို​ချစ်တဲ့ မေတ္တာ တိုးများ​လာပြီး ကျွန်တော်တို့ရဲ့ အတွေးအခေါ်​ဟာ ဘုရား​နဲ့ ပို​တူ​လာတယ်။ အဲဒါက တခြား​သူတွေ​အပေါ် ကိုယ်ကျိုးစွန့်​မေတ္တာပြ​ပါ ဆိုတဲ့ ပညတ်​အပါအဝင် ဘုရားသခင့်ပညတ်​တွေကို လိုက်နာ​ဖို့ လှုံ့ဆော်​ပေးတယ်။ (ယဟ ၁၃:၃၄၊ ၃၅။ ၁ယ ၅:၃) ကျမ်းစာ​ဖတ်ရှုခြင်း​မှာ ပို​ပျော်မွေ့​နိုင်တဲ့ အကြံပြုချက် သုံးခု​က​တော့–

  • မြင်ယောင်​ပါ၊ အာရုံနှစ်မြှုပ်​ထားပါ။ သင် ပါဝင်​နေတယ်​လို့ မြင်ယောင်​ကြည့်ပါ။ ဘာတွေ​ကို မြင်ရ၊ ကြား​ရသလဲ။ ဘာ​ရနံ့​တွေ​ရသလဲ။ ဘယ်လို ခံစားရ​သလဲ။

  • နည်းလမ်း​အမျိုးမျိုး သုံး​ပါ။ ရွေးချယ်​စရာ နည်းလမ်း​တချို့​က– အသံထွက်​ဖတ်ပါ။ အသံသွင်း​ထားတာကို နားထောင်​ရင်း လိုက်​ဖတ်ပါ။ အခန်းကြီး​တွေကို အစဉ်လိုက်​ဖတ်​သွား​မယ့်အစား ကျမ်းစာ​ဇာတ်ကောင်​တစ်ယောက် ဒါမှမဟုတ် အကြောင်းအရာ​တစ်ခုကို ဖတ်ပါ။ ဥပမာ၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ထဲက နောက်ဆက်တွဲ က၇၊ ခ၁၂ ကိုသုံးပြီး ယေရှု​အကြောင်း ဖတ်ပါ။ နေ့စဉ်ကျမ်းချက် ကောက်နုတ်ထား​တဲ့ အခန်းကြီး တစ်ခန်းလုံး​ကို ဖတ်ပါ။ ကျမ်းစောင်တွေကို ရေးသားတဲ့ သက္ကရာဇ်​စဉ်​အတိုင်း ဖတ်ပါ။

  • နားလည်အောင်​ဖတ်ပါ။ နေ့စဉ် အခန်းကြီး တစ်ခန်း​ကို နားလည်အောင်​ဖတ်​တာ​က အခန်းကြီး များစွာ​ဖတ်​ပြီး​ဖို့ ကြိုးစား​တာ​ထက် ပိုကောင်းပါ​တယ်။ နောက်ခံ​အခြေအနေကို စဉ်းစားပါ။ အသေးစိတ်​အချက်တွေကို လေ့လာ​ပါ။ မြေပုံ​တွေ၊ အပြန်အလှန်​ညွှန်း​တဲ့ ကျမ်းချက်​တွေကို သုံး​ပါ။ ကိုယ်​နားမလည်​တဲ့​အချက်ကို ရှာဖွေ​လေ့လာ​ပါ။ ဖြစ်နိုင်တယ်​ဆိုရင် ကျမ်းစာ​ဖတ်​တဲ့ အချိန်​ပမာဏ​အတိုင်း တွေးတော​ဆင်ခြင်​ပါ။